32 C
Yangon

ပုလဲတွင် စစ်တပ် ထောင်သောမိုင်း နင်းမိပြီး ကလေးငယ် ၁ ဦး ခြေထောက် ၂ ဖက်ဆုံးရှုံး၊ ယင်းမာပင်တွင် စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်မှု ပြည်သူ ၁ ဦးကျည်ထိမှန်

Must read

ပုလဲတွင် စစ်တပ် ထောင်သောမိုင်း နင်းမိပြီး ကလေးငယ် ၁ ဦး ခြေထောက် ၂ ဖက်ဆုံးရှုံး၊ ယင်းမာပင်တွင် စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်မှု ပြည်သူ ၁ ဦးကျည်ထိမှန်

ရန်ကုန်၊ ဧပြီ ၇

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ထောင်သော မိုင်းနင်းမိပြီး ကလေးငယ် ၁ ဦး ခြေထောက် ၂ ဖက် ဆုံးရှုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ ခြေထောက် ၂ ဖက် ဆုံးရှုံးခဲ့သော ကလေးငယ်ကို အညာ ပစ်တိုင်းထောင်လေးများ အဖွဲ့က ငွေကျပ် ၂၅၀၀၀၀ လှူဒါန်းခဲ့ကြောင်း၊ ထို့ပြင် ကလေးငယ် ရေရှည် ကျန်းမာရေး အတွက် ဆေးဝါး စရိတ်လိုအပ်နေပြီး Wheel Chair တစ်စီးလည်း အရေးပေါ် လိုအပ်လျက်ရှိ​​ကြောင်း သိရသည်။

“တောထဲ သွားနေကျ လမ်းအတိုင်း သွားရင်း မိုင်းထိသွားတာ ကျနော်တို့ကတော့ အသံအကျယ်ကြီးကြားရတော့တောမီးလောင်ပြီး မိုင်းကွဲတယ်ထင်တာ ကလေးအော်သံကြားမှသွားကြည့်တော့ ကလေးက မထနိုင်တော့ဘူး။ခြေ ၂ ဖက်ထိသွားတယ်။ ဖြစ်သွားပီးမှတော့ ဘာမှမတတ်နိုင်ဘူးလေ ကလေးရဲ့နောင်ရေးအတွက်ပါပဲ ကလေးအတွက်အတတ်နိုင်ဆုံးဖြည့်ဆည်းပေးဖို့ပါပဲ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေး ရွာသား ၁ ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် စီးနင်း ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာသား ပြည်သူ ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီတပ်ဆိုတာက ဓါးမြစစ်တပ် သူခိုးစစ်တပ်လေ။ သူတို့ပစ်ချင်ပစ်တာဘဲ အခုလည်း ပြည်သူတွေရဲ့ ပစ္စည်းတွေ ခိုးယက်လုယူရအောင် ရွာသားတွေကို ရွာထဲမနေရဲအောင် ပစ်ခတ်ကြတာ သူတို့လာပြီဆိုတော့ ရွာသားတွေအကုန်ထွက်ပြေးရတယ်။ အဲလိုပြေးတာကို နောက်ကနေ လှမ်းပစ်တာ ခြေသလုံး ကျည်ထိမှန်ခဲ့တယ်။ ကျည်ထိမှန်တဲ့သူက အသက်၂၅နှစ် မောင်လွင်လွင်ကျော်ပါ။ အခုတော့ ဆေးကုသပေးနေရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူး” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ဘန့်ဘွေးရွာတွင် တပ်ဆွဲထားပြီး အနီးအနားရှိ ကျေးရွာများကို အကြောင်းမဲ့ ပစ်ခတ် စီးနင်းမှုများ လုပ်ဆောင်ပြီး ပြည်သူ တချို့ ပစ်သတ် ခံရမှုများလည်း ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article