29 C
Yangon

“မယ်တို့ ရွာ သာစခန်း လာလည်စမ်း” လို့ ဖိတ်ခေါ်စရာ မရှိတော့ပါ

Must read

“မယ်တို့ ရွာ သာစခန်း လာလည်စမ်း” လို့ ဖိတ်ခေါ်စရာ မရှိတော့ပါ

By ဂမ်ထွယ်

အညာဒေသ၏ နွေခေါင်ခေါင် နေပူပူအချိန်၊ စစ်ကိုင်းတိုင်း၊ တန့်ဆည် မြို့နယ် မြောက်ပိုင်း၊ ပေါင်ဂဒေါင်ချောင်းကမ်းဘေးရှိ ညောင်ပင်ငယ် တစ်ပင်အောက် တွင် လူတစ်ရပ်ခန့်သာ အမြင့်ရှိသော နှီးတဲကလေး ငါးခု ဖြစ်ကတတ်ဆန်း ဆောက်လုပ်ထားသည်။

ထို နှီးတဲအစုတွင် မီးဘေးဒုက္ခသည် မိသားစု ၅စု၊ လူဦးရေ ၁၅ဦး ခိုလှုံလျက်ရှိပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ကျန်းမာရေးချူချာသော အသက် ၈၀ အရွယ် အဘွားအိုတစ်ဦးမှသည် အသက်၂ နှစ်အရွယ် လူမမယ်ကလေးငယ် အထိ နေထိုင်ကြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်၏ ရွာလုံးကျွတ် မီးရှို့မှုများကြောင့် နေအိမ် ဆုံးရှုံးခဲ့ရသည့် ဦးမြင့်တို့မိသားစုလည်း ထိုတဲစုလေးတွေင် နေထိုင် ကြသည်။

အိမ်ခြေ၃၀ သာရှိသော ဦးမြင့်တို့၏ရွာကို လွန်ခဲ့သည့်တစ်နှစ်ခန့်က အကြမ်း ဖက် စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း၍ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံပြည်သူများမှာ ရွာကို စွန့်ခွာခဲ့ရပြီး ‌နေရာဒေသအသစ်တွင် တဲအိမ် ကလေး များဆောက်ပြီး ဖြစ်သလို နေထိုင်စားသောက်နေကြရသည်။

“ဟိုတလောက လေတွေမိုးတွေလာတော့ ဒို့နှီးအိမ်ကလေးတွေ လေထဲ ပါသွား တာ။ နောက်နေ့မှ ပြန်ပြင်ဆောက်ထားရတယ်။ ဒို့ရဲ့အစုမှာ အသက်၈၀ကျော် အ‌မေကြီးရှိတယ်။ ရာသီဥတုက ပူလိုက်အေးလိုက်ဆိုတော့ သူ့ခမျာ နေ မ ကောင်း ခဏခဏဖြစ်တယ်။ စားဖို့ကလည်း မလုံလောက်ဘူး၊ ဆန်ပဲရှိတော့ ဒို့မှာ ဟင်းကို ဖြစ်သလို ရှာ စားနေရတယ်” ဟု နှီးတဲအစုတွင် နေထိုင်သူ ဦးမြင့်က ပြောသည်။

ကန့်ဘလူ-တန့်ဆည်နယ်စပ် မူးမြစ်ကမ်းဘေးရှိ ရွာတွင် ခိုင်ခံ့‌သော ပျဉ်ထောင် အိမ် ဖြင့် နေထိုင်‌ခဲ့ကြ‌သော ဉီးမြင့်တို့မိသားစုသည် မျိုးရိုးစဉ်ဆက် တံငါလုပ် ငန်း ဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြပြီး စီးပွားရေးအတော်အသင့် အဆင် ပြေခဲ့ကြသည်။

နေအိမ်မီးရှို့ခံရပြီးနောက် ကုန်းကောက်စရာမရှိအောင် ဆင်းရဲသွားသဖြင့် သူ တို့ မိသားစုနှင့် အခြား မီးဘေးသင့်ပြည်သူများမှာ အလှူရှင်များ၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် သဘာဝ ဘေး အန္တရာယ် စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် တန့်ဆည် မြို့နယ် ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့တို့မှ ထောက်ပံ့သော ဆန်၊ဆီ၊ စားနပ်ရိက္ခာနှင့် အဝတ်အစား စသည်တို့ ဖြင့်သာ ဘဝကိုခက်ခဲစွာ ရပ်တည်ရှင်သန်နေကြရကြောင်း ဦးမြင့်က ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မတရားအာဏာသိမ်းထားသည့် ၂၅ လတာ ကာလ အတွင်း တန့်ဆည်မြို့နယ်ရှိ ကျေးရွာပေါင်း ၈၄ရွာမှ နေအိမ် ၃၆၄၄ လုံး ကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံပြည်သူ ၁၅၆၆၀ ဦးအထိ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ရသည်။

တန့်ဆည်မြို့နယ်တွင် လူဦးရေ တစ်သိန်းရှစ်သောင်းခန့် နေထိုင်ကြသည့် အနက် လူဦးရေ၏ ၁၀ရာခိုင်နှုန်းဖြစ်သော ပြည်သူ တစ်သောင်း ရှစ်ထောင် ဦးခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။

ဘ၀ နေထိုင်စားသောက်ရေး ခက်ခဲပြီး သောကများနေကြရသည့်အထဲမှ ဦးမြင့် တို့ ပူပန်နေကြရသည်မှာ ဦးမြင့်၏ မြေးဖြစ်‌သော တတိယတန်း ကျောင်းသား လေး အပါအဝင် ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးကိစ္စပင်ဖြစ်သည်။

ဦးမြင့်တို့ ဒေသရှိ ကလေးငယ်များမှာ မကြာခဏ စစ်‌ဘေးရှောင် နေကြရသော ကြောင့် ပညာသင်ကြားရန် အခွင့်အလမ်း နည်းပါးသည့်အတွက် ဦးမြင့်တို့တဲ အိမ် အရှေ့ဘက်ရှိ စစ်ဘေးရှောင်တဲစုတွင် စာသင်ကျောင်းငယ်တစ်ကျောင်းကို တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးဘုတ်အဖွဲ့က ဦး ဆောင် ဖွင့်လှစ်ပေးလိုက်သည်။

ဦးမြင့်တို့ နှီးတဲအစု၏ အရှေ့ဘက် ၃ဖာလုံခန့်အကွာတွင် ဆောက်လုပ် ထား သော ထန်းလက်တဲကလေးများမှ ကလေးငယ်တို့၏ စာကျက်သံ၊ စာအံသံ၊ ဆရာ ဆရာမတို့၏ စာသင်ကြားသည့် အသံများက လေထဲတွင် ပျံ့နှံ့လာ လျက်ရှိသည်။

ထန်းလက်များဖြင့် စုစည်းတည်ဆောက်ထားသော စစ်ဘေးရှောင် စာသင် ကျောင်းကလေးတွင် KGတန်းမှ ဒွါဒဿမတန်းအထိ ကျောင်းသား ကျောင်းသူ ၂၈၅ဦး ပညာသင်ကြားလျက်ရှိသည်ဟု တာဝန်ခံဆရာမတစ်ဦးက ရှင်းပြသည်။

“ကျောင်းမှာက KG ကျောင်းသားကျောင်းသူတွေချည်းပဲ တစ်ရာကျော်တယ်။ ကလေး တွေကျောင်းမတက်ရတာကြာတော့ KGတက်မယ့်သူတွေများနေတာ။ စာသင် ဆောင်ကိုတိုးချဲ့ထားရတယ်။ ကလေးတွေက အခက်အခဲ တွေကြား ကနေ စာကြိုးစားသင်ယူကြပါတယ်။ သင်ထောက် ကူပစ္စည်း တွေကတော့ မပြည့်စုံဘူးပေါ့။” ဟု တာဝန်ခံ ဆရာမက ပြောသည်။

ထိုစာသင်ကျောင်းကလေးတွင် တက်ရောက်သင်ယူနေကြသော စစ်ဘေးရှောင် ကျောင်းသား၊ ကျောင်းသူလေးများမှာ နေ့စဉ်နေ့တိုင်း ဘေးကင်းလုံခြုံမှုဖြင့် အေးချမ်းစွာ ပညာသင်ကြားနိုင်ခြင်းမရှိပေ။

အကြောင်းမှာ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာစာသင်ကျောင်းကို အကြမ်း ဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ဆရာ ဆရာမများနှင့် မူလ တန်း အရွယ် ကလေးငယ်များ အသက်‌ဆုံးရှုံးရသည့် ဖြစ်စဉ် ရှိခဲ့သည့်အတွက် ထန်းလက်တဲစာသင်ကျောင်းကလေးမှ တာဝန်ခံနှင့် ‌ဆရာ၊ ဆရာမများမှာ မြေပြင်စစ်ကြောင်းနှင့် လေကြောင်းအန္တရာယ်အပေါ် စိတ်ပူပန်ကြရပြန်သည်။

ထို့ကြောင့် စစ်ကောင်စီတပ် စစ်ကြောင်းထိုးသည့်အခါနှင့် စစ်လေယာဉ်များ ဝဲပျံလာသည့်အခါများတွင် ကျောင်းပိတ်ထားပြီး စစ်ဘေးရှောင်ရန် ပြင်ဆင် ကြရကြောင်း စာသင်ကျောင်းကလေးနှင့် စစ်ဘေးရှောင်စခန်းများ၏ တာဝန်ခံ ဦးဝင်းက ပြောပြသည်။

စာသင်ကျောင်းကလေးကို ငွေ‌ကြေးမပြည့်စုံမှု အခြေအနေအရ ထန်းလက် များ ဖြင့်သာ ကာရံဆောက်လုပ်ထားနိုင်သောကြောင့် မိုးရာသီရောက် ရှိလာသည့် အခါတွင် ကျောင်းသား၊ ကျောင်းသူများ ‌မိုးလုံလေလုံဖြင့် ပညာသင်ကြား နိုင် မည်မဟုတ်ကြောင်း၊ မိုးကာအလှူရှင်များ လိုအပ်နေကြောင်း ဦးဝင်းက ပြောသည်။

တန့်ဆည်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ကြားကာလပညာရေးအစီအစဉ်အရ CDM ဆရာများ ဦးဆောင် ဖွင့်လှစ် ထား သော အခြေခံပညာစာသင်ကျောင်းပေါင်း ၁၅၆ကျောင်းရှိပြီး စာသင်ကျောင်း အများစုတွင် ကျောင်းသားမိဘများ၏ ထောက်ပံ့ငွေဖြင့် ဆရာ၊ဆရာမများ၏ လစာလိုအပ်ချက်ကို ဖြေရှင်းလျက်ရှိသည်။

စစ်ဘေးရှောင်စခန်းများရှိ စာသင်ကျောင်းများတွင်မူ မြို့နယ်ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့နှင့် ပညာရေးဘုတ်အဖွဲ့၏ ရန်ပုံငွေဖြင့် ဆရာ၊ဆရာမများကို လစဉ် ထောက်ပံ့နိုင်ရန် ကြိုးစားလျက်ရှိပြီး သင်ထောက်ကူပစ္စည်းများကိုလည်း ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ အကူအညီဖြင့် ဖြည့်ဆည်းပေး လျက်ရှိ ကြောင်း ပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦးထံမှ သိရှိရသည်။

စစ်ကောင်စီတပ်သည် ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲ များ တွင် ၎င်းတို့အထိနာလာသည်နှင့်အမျှ အပြစ်မဲ့ ပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူတို့ကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူပိုင် ပစ္စည်း များကို ခိုးယူသိမ်းဆည်းခြင်းစသည့် အကြမ်းဖက်မှုများကို ပိုမိုလုပ်ဆောင် လာ လျက် ရှိသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းမျိုးစုံ အသုံး ပြု၍ ပြည်သူလူထုကို ကြောက်ရွံ့ပြီး စိတ်ဓာတ်ပျက်ပြားစေရန် ရည်ရွယ် လုပ်ဆောင်လျက်ရှိသော်လည်း ၎င်းတို့အပေါ် ပြည်သူလူထု၏ မုန်းတီး နာ ကျည်း စိတ်နှင့် ခုခံတွန်းလှန်လိုစိတ်တို့မှာ ပိုမို တိုးပွားလာလျက်ရှိနေသည်။

“စစ်‌ခွေးတွေက ဒို့ပြည်သူတွေ ကြောက်အောင် အကြမ်းဖက်တယ်၊ မီးရှို့တယ်။ သူတို့မီးရှို့တာနဲ့အမျှ သူတို့ကို တွန်းလှန်တဲ့သူတွေ ပိုများလာတယ်လေ။ မတရား တဲ့ သူတွေက ရှုံးမှာပဲ၊ တရားတဲ့ ဒို့ဘက်က နိုင်မှာ” ဟု နေအိမ်မီးရှို့ခံ ထားရသည့် ဦးမြင့်က ပြောသည်။

ခုခံတွန်းလှန်မှု အားကောင်းသော အညာဒေသသည် စစ်ကောင်စီတပ်၏ အကြမ်း ဖက်မှုဒဏ်ကို အလူးအလဲခံနေရသော်လည်း ပြည်သူများသည် မီးလောင်ပြင်မှ ကုန်းရုန်းထနေဆဲ၊ စစ်ဘေးရှောင်စခန်း စာသင်ကျောင်းများမှ ကလေးငယ်တို့၏ စာအံသံများသည် လေထဲတွင် လွင့်ပျံနေဆဲပင် ဖြစ်သည်။

တချိန်က “မယ်တို့ရွာ သာစခန်း လာလည်စမ်းပါ မိတ်ဆွေတို့ရာ ” ဆိုသော တေးသံပျံလွင့်ခဲ့သော အညာဒေသသည် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ မီးရှို့မှုများကြောင့် ကျေးရွာ၊ ရပ်ကွက်နှင့် နေအိမ်များစွာ ပျက်စီးဆုံးရှုံးသွားရပြီး ဧည့်သည်ကိုပင် ဖိတ်ခေါ်စရာ နေရာမရှိတော့သကဲ့သို့ အိမ်ရှင်ဒေသပြည်သူ များ ကိုယ်တိုင်ပင် အတည်တကျမရှိသော တဲစုတ်သာသာ နေရာလေး များတွင် ပင် ရွှေ့ပြောင်းနေထိုင်နေကြရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article