ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ထပ်မံ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၂၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
ရန်ကုန်၊ ဧပြီ ၁၉
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၂၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အင်အား ၁၀၀ ကျော်ခန့်ဖြင့် ရေဦးမြို့နယ်မှ ခင်ဦးမြို့နယ်အတွင်းရှိ မူးမြစ်ကူး တံတားမှဖြတ်၍ ခင်ဦးမြို့နယ် အင်းပတ်ကွေ့သို့ ထပ်မံ စစ်ကြောင်း ထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၂၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိချိန်တွင် အင်းပတ်ကွေ့ဝန်းကျင်ရှိ အင်းပတ်ရွာ၊ ရွာသစ်ရွာ၊ ချမ်းသာကုန်းရွာ၊ အင်တိုင်းလေးတောင်ရွာ၊ အင်တိုင်းလေးမြောက်ရွာ၊ သရက်ပင်စုရွာ မြင်းဒေါင်းရွာနှင့် မကျီးအုပ်ရွာတို့မှ ပြည်သူ ၂၅၀၀ ကျော်သည် နီးစပ်ရာ ကျေးရွာများနှင့် လယ်ယာများတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်မှုကို ပြည်သူများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။
” ဒီနေ့ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ စစ်ခွေး စစ်ကြောင်းက မနေ့က လမ်းအတိုင်း ရေဦးကနေ အင်းပတ်ကွေ့ကို အင်အား ၁၀၀ နဲ့ ထပ်ပြီး စစ်ကြောင်းထိုး ဝင်လာတယ်။ နီးစပ်ရာ ကျေးရွာ ၈ ရွာက ပြည်သူ ၂၅၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က အင်အား ၈၃ ဦး ကား ၄ စီးဖြင့် ၎င်းတို့ တပ်စွဲထားသည့် ရွာသစ်ကုန်း၊ မူးတိမ်ချောင်းတံတား၊ ပျဥ်ထောင်ရှိ စခန်းများကို စားနိပ်ရိက္ခာများ သွားရောက် ပို့ဆောင်ခြင်းကြောင့် ကျေးရွာ ၈ ရွာက ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။