27 C
Yangon

မြင်းမူနှင့်စလင်းမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်မှု စစ် သား ၁၀ ဦးသေဆုံးပြီး စစ်ဘေးရှောင် ပြည်သူ ၃၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ မေ ၂၁

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ အနောက်ဘက် မြောင်လမ်းခွဲ စစ်ဂိတ်မှနေ၍ ပြည်သူများထံမှ ဆက်ကြေးကောက်ခံရန် ထွက်လာသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေါင်းဘုရင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၉ ရက်နေ့ နံနက်ပိုင်း မြင်းမူမြို့အနောက်ဘက်၊ မြောင်လမ်းခွဲ စစ်တပ်ဂိတ်မှနေ၍ အလကပ္ပကျေးရွာဘက်သို့ လမ်းသွားလမ်းလာ ပြည်သူများနှင့် မော်တော်ယာဉ်များထံမှ အမြဲလိုလို ဆက်ကြေးကောက်ခံရန် ထွက်လာသော အင်အား ၁၅ ဦးခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို အလကပ္ပကျေးရွာအနီး မိန်းလမ်းမကြီးပေါ်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပဒေသာမိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၅ ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးကာ ၃ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် မိုင်းဆွဲခံရပြီးနောက် အကြမ်းဖက်စစ်တပ်ဘက်မှ လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ကျေးရွာများဘက်သို့ ရမ်းသန်းပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဒေါင်းဘုရင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက “စစ်ခွေးတွေကို ကျွန်တော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပဒေသာမိုင်း ၅ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ခွေးအင်အား ၁၅ ဦးလောက်ရှိတယ်လို့ သိရတယ်။ စစ်ခွေးသေစာရင်းကတော့ ၅ ကောင်ကတော့ နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့တယ်။ ၃ ဦးကတော့ ထိခိုက်ဒဏ်ရာရတာ ပြင်းထန်တယ်လို့ သိရတယ်”ဟု ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းဘုရင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမဏီအဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း ၁ ၊ မြင်းမူမြို့နယ် ပကဖ နှင့် မုံရွာခရိုင် ပကဖ လက်ရုံးတပ် လျှပ်စီးတပ်ခွဲတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ တော် လှန်ရေးရဲဘော်များ အားလုံး အထိအခိုက်မရှိ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းသို့ နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် စစ်ကြောင်းထိုးဝင်ရောက် လာသော စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် စလင်း-ကံပြား လမ်းပိုင်းရှိ မြေနီကုန်းကျေးရွာ၌ အထိုင်ချထားသော အင်အား ၁၀၀ နီးပါးပါ စစ်ကောင်စီစစ်ကြောင်းသည် မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်း၏ စိုးမိုးရာနယ်မြေများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါစစ်ကြောင်းကို ဗိုလ်မှူး မိုးဝေယံမြင့်က ဦးစီးပြီး ဒရုန်းတပ်ဖွဲ့လည်း ပါဝင်ကြောင်း သိရသည်။

အချိန် ၁ နာရီ ၃၀ မိနစ်ခန့် ကြာမြင့်ခဲ့သည့် ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး ဒဏ်ရာရစစ် သားများကို ညနေပိုင်းတွင် ကား ၄ စီးဖြင့် စလင်းမြို့ဘက်သို့ သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူက ”စစ်ခွေးတွေက စလင်း-ကံပြားလမ်းပိုင်းမှာ ကျွန်တော်တို့အဖွဲ့တွေ ခဏခဏ လုပ်ငန်းလုပ်နေတဲ့အတွက် နယ်မြေရှင်းလင်းရေးလုပ်ဖို့ ကျေးရွာတွေကို စစ်ကြောင်းထိုးတာ။ သူတို့ဘက်က အင်အား ၁၀၀ ကျော်နီးပါးရှိပြီး ဗိုလ်မှူး မိုးဝေယံမြင့် ဦးစီးတယ်လို့ ကြားသိရတယ်၊ ဒရုန်းတပ်ဖွဲ့လည်းပါတယ်။ မေ ၁၉ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့ စစ်ခွေး ၅ သေပြီး အများပြားဒဏ်ရာရတယ်။ ထိခိုက်ဒဏ်ရာရသူများ စစ်သားတွေကို ညနေဘက်မှာ ကား ၄ စီးနဲ့ စလင်းမြို့ဘက် ပြန်ထုတ်သွားတယ်။ ဒဏ်ရာရတာ အများအပြားရှိတယ်။ လက်နက်ခဲယမ်းသိမ်းဆည်းရမိတာတော့ မရှိပါဘူး။ ကျန်တဲ့ရက်တွေမှာတော့ စစ်ခွေးတွေဘက်က လက်နက် ကြီးနဲ့ပစ်တာ၊ ကျွန်တော်တို့ဘက်က ဒရုန်းနဲ့ တိုက်ခိုက်တာတွေပဲ ရှိတယ်”ဟု ပြောဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါစစ်ကြောင်းသည် မြေနီကုန်းရွာနှင့် ခြင်ထောင်ရွာကြား၌ ရောက်ရှိနေပြီး ရှေ့ဆက်မတိုးနိုင်သေးဘဲ မြေနီကုန်းရွာတွင် အထိုင်ချတပ်စွဲကာ တောင်ဘက်ရှိကျေးရွာများကို နယ်မြေရှင်းလင်းရန် ပြင်ဆင်နေကြောင်း သိရသည်။

ယင်းစစ်ကြောင်းကြောင့် စလင်း-ကံပြား လမ်းဘေးဝဲယာနှင့် ချောင်းတောင်ဘက်ရှိ ကျေးရွာ ၁၀ ခုခန့်မှ ပြည်သူ ၃၀၀၀ ခန့်မှာ ဘေးလွတ်ရာသို့ တိမ်း ရှောင်နေကြရသည်။

မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ “စစ်ခွေးတွေက ပြန်ဆုတ်သွားတာ မဟုတ်ဘဲ စအထိုင်ချကတည်းက မြေနီကုန်းမှာပြီး ဒီဘက်ထဲဝင်မယ့်လမ်းတွေရှာနေပါတယ်။ စစ်ခွေးတွေက စစ်ကြောင်းထိုးဖို့အတွက် ချတောင်ဘက်က ကျေးရွာတွေအကုန် နယ်မြေရှင်းလင်းဖို့ လုပ်မယ်လို့ သိရပါတယ်။ ပြည်သူတွေထိခိုက်မှာ ဆိုလို့ ကြိုတင်ရှောင်လို့ ရအောင် ကြေညာချက်ထုတ်ပေးထားတာပါ။ စလင်းမြို့နယ်အတွင်း စလင်း-ကံပြား လမ်းပိုင်း အခြေပြု၍ ကျေးရွာများကို စစ်ကြောင်းထိုးထွက်လာသော စစ်ခွေးကြောင့် ကျေးရွာ ၁၀ ရွာခန့်ပါ။ ထွက်ပြေးတိမ်းရှောင်နေရတာ ပြည်သူ အနည်းဆုံး ၂၀၀၀၊ ၃၀၀၀ ဝန်းကျင်ရှိမယ်” ဟု ဆိုသည်။

တိုက်ပွဲများအတွင်း ပြည်သူလူထု ထိခိုက်မှုမရှိစေရန်နှင့် စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်း ဝင်ရောက်ဖျက်ဆီးနိုင်ခြေရှိသဖြင့် စစ်ကြောင်း ပြန်လည်ဆုတ်ခွာခြင်းမပြုမချင်း ဘေးလွတ်ရာသို့ ကြိုတင်ရှောင်တိမ်းနေကြရန် မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက မေလ ၂၁ ရက်နေ့ ရက်စွဲဖြင့် အရေးပေါ် သတိပေးချက် ထုတ်ပြန်နှိုးဆော်ထားသည်။

ဓာတ်ပုံ- အညာဒေသတွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းများကို တော်လှန် ရေးတပ်များက စုပေါင်းတိုက်ခိုက်နေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါ သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article