27 C
Yangon

စစ်တပ် မုန်းတီးရေး စိတ်ဓာတ်တမျိုးတည်းကို အခြေခံထား၍ တော်လှန်ရေးသက်တမ်း ရှည်ကြာနေဟု RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်ပြောပြန်

Must read

ရန်ကုန်၊ မေ ၂၁

တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်တချို့နှင့် အဖွဲ့အစည်းတချို့က စစ်တပ်မုန်းတီးရေး စိတ်ဓာတ်တမျိုးတည်းကိုသာ အခြေခံထားခြင်းကြောင့် တော်လှန်ရေးသက်တမ်း ရှည်ကြာနေခြင်းဖြစ်သည်ဟု သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်က ပြောဆိုသည်။

ယနေ့ မေလ ၂၁ ရက်နေ့တွင် ကျရောက်သော ၆၈ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ၎င်းက ထိုသို့ ထည့်သွင်းဝေဖန်ပြောဆိုထားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ယွတ်ဆစ်က ၎င်း၏ သဝဏ်လွှာတွင် တော်လှန်ရေးအဖွဲ့အစည်းအချို့၏ မြေပြင်အားနည်းချက်များနှင့် ပတ်သက်၍ ထည့်သွင်းပြောဆိုထားခဲ့ပြီး မျိုးချစ်စိတ်သာရှိရုံ၊ ဗမာစစ်တပ်မုန်းတီးရေး စိတ်ဓာတ်သာရှိရုံဖြင့် တော်လှန်ရေး ရှည်ကြာလာခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“အချို့ခေါင်းဆောင်၊ အချို့အဖွဲ့အစည်းတွေက မျိုးချစ်စိတ်သာရှိပြီး တော်လှန်ရေးနည်းလမ်းများ မဖော်ဆောင်တတ်ခြင်း၊ ဗမာစစ်တပ်မုန်းတီးရေးစိတ်ဓာတ်တမျိုးတည်းကို အခြေခံခြင်း၊ ဗမာ့တပ်အားလုံးကို တိုက်ဖျက်ဖို့သာသိခြင်း တို့ကြောင့် တော်လှန်သက်ရှည်ကြာလာပြီး ပြဿနာအမျိုးမျိုးကြုံတွေ့တဲ့အခါ မဖြေရှင်းတတ်တော့ပါ။ လုပ်ငန်းအရပ်ရပ်အတွက် ငွေလို၊ ငွေလိုတော့ ငွေရှာ၊ ငွေနဲ့အာဏာရှိလာတဲ့အခါ မာနထောင်လွှားပြီး တောထဲမှာ သခင်လိုမင်းမူနေတော့တယ်။ နယ်မြေ၊ စီးပွားရေးအတွက် အချင်းချင်းရန်ဖြစ်ကြ၊ တိုက်ခိုက်ကြ၊ အမျိုးသားရေးကို အဓိကမထားဘဲ ကိုယ့်အဖွဲ့အရေးကိုပဲ အဓိကထားလာကြတယ်။ ကြာလာတော့ ဒေသစွဲနဲ့ သူ့ဂိုဏ်းကိုယ့်ဂိုဏ်း ဖြစ်လာတယ်။ အချင်းချင်းတွေ့ဆုံဆွေးနွေးခြင်းမရှိဘဲ အချင်းချင်းတိုက်ခိုက်ကြတာဟာလည်း တော်လှန် ရေးကို အဓွန့်ရှည်ကြာမြင့်စေတာ ဖြစ်ပါတယ်။”ဟု ဗိုလ်ချုပ်ကြီး ယွတ်ဆစ်က ပြောဆိုသည်။

ထို့ပြင် တော်လှန်ရေးအစုအဖွဲ့များအနေဖြင့် တော်လှန်ရေးနည်းပညာနှင့် မဟာဗျူဟာများကို စနစ်တကျ သင်ကြားလေ့လာရမည်ဖြစ်ပြီး၊ ရေရှည်တည်တံ့သည့် ရည်မှန်းချက်မရှိပါက ရန်သူ့ထံ လက်နက်ချခြင်းနှင့် ရန်သူ့အသုံးချခံ ပြည်သူ့စစ်ဘဝသို့ ကူးပြောင်းသွားတတ်ကြောင်း ၎င်းက ဆက်လက်သတိပေးထားသည်။

“တော်လှန်ရေးအဖွဲ့အများစုဟာ တော်လှန်ရေးနည်းပညာကို တတ်သိနားလည်မှုမရှိ၊ တော်လှန်ရေးမဟာဗျူဟာမရှိ၊ တော်လှန်ရေးနဲ့ပတ်သက်လို့ ဘာမှမသင်ကြားရဘဲ ဗမာတပ်မုန်းတီးရေးစိတ်ဓာတ် အတွေးအခေါ်နဲ့သာ တိုက်ပွဲဝင်လာခြင်း၊ ရေရှည်တည်တံ့တဲ့ ရည်မှန်းချက်မရှိခြင်း တို့ကြောင့် အခက်အခဲကြုံတွေ့လာတဲ့အခါဖြစ်စေ၊ ရန်သူက နိုင်ငံရေး၊ စည်းရုံးရေးမက်လုံးများနဲ့ ကစားလာတဲ့အခါဖြစ်စေ၊ တော်လှန်ရေးလုပ်တဲ့လူတွေဟာ ရန်သူထံ လက်နက်ချသွားတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းပြီး ရန်သူ့အသုံးချခံအဖြစ် လုပ်တာတွေလည်း ရှိပါတယ်။ ရန်သူ့အတွက် မျက်စိ၊ နားသဖွယ် အသွင်ပြောင်းသွားတဲ့သူတွေလည်း ရှိပါတယ်။ မိမိတို့လူထုတွေလည်း ကိုယ်လွတ်ရုန်းပြီး ရန်သူ့ရဲ့မျက်စိ၊ နားအဖြစ် သွားလုပ်ခဲ့တာတွေလည်း ရှိပါတယ်။ မိမိတို့အချင်းချင်းကြား ရည်မှန်းချက်မတူညီခြင်း၊ စည်းလုံးညီညွတ်မှုမရှိခြင်းတို့ကြောင့် တော်လှန်ရေးအဓွန့်ရှည်ကြာရခြင်းပဲ ဖြစ်ပါတယ်။” ဟု ဗိုလ်ချုပ်ကြီး ယွတ်ဆစ်က ဆိုသည်။

တော်လှန်ရေးဆိုသည်မှာ တိုင်းပြည်ကို အသက်သွေး၊ ချွေးများဖြင့် လဲလှယ်ရယူခြင်းဖြစ်သည့်အတွက် အနာဂတ်နှစ်ပေါင်း ထောင်ချီအတွက် မျှော်ကိုးကာ ဆင်နွှဲရခြင်းဖြစ်ကြောင်း၊ အဓိဋ္ဌာန်နှင့် ရည်မှန်းချက်များ သေချာချမှတ်ကာ လုပ်ဆောင်ပါက အောင်ပွဲရရှိမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဘိုးဘွားဘီဘင်တို့က အမွေပေးခဲ့တဲ့ တိုင်းပြည်အတွက် စိတ်ဓာတ်ခိုင်မာရဲရင့်စွာနဲ့ ဆက်လက်တိုက်ပွဲဝင်သွားကြပါ၊ အတွေး အခေါ်နဲ့ လုပ်နည်းလုပ်ဟန်များကို ပြင်ဆင်ကြပါ၊ အမှားတွေကို သင်ခန်းစာအဖြစ် ယူတတ်ကြပါ၊ နိုင်ငံရေး၊ စစ်ရေးမဟာ ဗျူဟာများကို လေ့လာသင်ယူကြပါ၊ တိုင်းပြည်အရေးကို အဓိကထားပြီး အချင်းချင်း ချစ်ခင်ညီညွတ်ကူညီပြုပြင်ကြပါ၊ အချင်းချင်း အပြစ်မတင်ကြပါနဲ့လို့ မျိုးချစ်ပုဂ္ဂိုလ်များကို တိုက်တွန်းလိုပါတယ်။ ပေးအပ်တဲ့ကျရာတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မယ်ဆိုရင် မိမိတို့တော်လှန်ရေးဟာ တစ်နေ့နေ့မှာ မုချမသွေ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုပါတယ်။” ဟု ၎င်းက တိုက်တွန်းထားသည်။

တော်လှန်ရေးသည် လက်နက်ကိုင်တပ်ဖွဲ့များနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ ပြည်သူလူထုနှင့် ပူးတွဲတာဝန်ယူရမည်ဖြစ် ကြောင်း၊ သို့သော် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လူထုအပေါ် ကျွန်ကဲ့သို့ ပြုမူဆက်ဆံပါက တော် လှန်ရေး ပိုမိုအဓွန့်ကြာရှည်မည်ဖြစ်ကြောင်း RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွတ်ဆစ်က အလေးအနက် သတိပေးထားသည်။

ဓာတ်ပုံ- Reuters ။

General Yawd Serk, Chairman of the Restoration Council of Shan State (RCSS), gestures during an interview with Reuters after a military parade celebrating the 79th Shan State National Day at Loi Tai Leng, in Shan State, Myanmar, February 7, 2026. REUTERS/Jittrapon Kaicome
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article