ရန်ကုန်၊မေ ၂၁
စစ်ကောင်စီ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကိုကိုကျော် ဦးဆောင်သောအဖွဲ့က အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ကာ နှစ်နိုင်ငံဆက်ဆံရေး အဆင်ပြေချောမွေ့စေရေးနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ နှိမ်နင်းရေးကိစ္စရပ်များကို မနီလာမြို့တွင် သွားရောက်ဆွေးနွေးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) က မေလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ ဆွေးနွေးပွဲသည် ဖိလစ်ပိုင်နှင့် စစ်ကောင်စီအကြား ပြုလုပ်သည့် ၅ ကြိမ်မြောက် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ (FPC) ဖြစ်ပြီး၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လီယို ဟာရီရာလင်မ် (Leo M. Herrera-Lim) က ဦးဆောင်၍ တနင်္လာနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
DFA ၏ ထုတ်ပြန်ချက်အရ ၎င်းတို့တွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြား ရှိနေသည့် ဆက်ဆံရေးကို ဘက်စုံပြန်လည်သုံးသပ်ခဲ့ကြပြီး၊ အဓိကကျသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ရန်နှင့် သံတမန်ရေးရာ ဆွေးနွေးမှုများကို စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်သွားရန် ဘုံအကျိုးစီးပွားချင်း ညှိနှိုင်းခဲ့ကြသည်ဟု ဆိုသည်။
အထူးသဖြင့် နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုကို မြှင့်တင်ရန် စစ်ဘက်/ရဲဘက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းနှင့် ပညာရေးဆိုင်ရာ အပြန်အလှန်ဖလှယ်မှုများ လုပ်ဆောင်ရန် စဉ်းစားခဲ့ကြသည့်အပြင်၊ စိုက်ပျိုးရေးကဏ္ဍ အပါအဝင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်လုပ်ဆောင်နိုင်မည့် အခြေအနေများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ယခုနှစ်သည် ဖိလစ်ပိုင်နှင့် မြန်မာအကြား သံတမန်ဆက်ဆံရေး ၇၀ ပြည့် အထိမ်းအမှတ်နှစ်လည်း ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီအနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာတွင် အထီးကျန်ဖြစ်နေမှုကို ကျော်လွှားနိုင်ရန်နှင့် ၎င်းတို့၏ ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုပုံစံကို ပြသနိုင်ရန်အတွက် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ ထောက်ခံမှုကို ရရှိရန် အဓိက ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။
မေလအစောပိုင်းတွင် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃၃ နှစ်မှ ၁၈ နှစ်သို့ လျှော့ပေါ့ပေးပြီး နေအိမ်အကျယ်ချုပ်သို့ ရွှေ့ပြောင်းလိုက်သည့် သတင်းများအပေါ် ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသလို၊ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် လုပ်ရပ်အပေါ်တွင်လည်း အပြုသဘောဖြင့် ထောက်ခံကြောင်း ပြသခဲ့ဖူးသည်။




