30 C
Yangon

မြန်မာနိုင်ငံတွင် အပူချိန်များ မြင့်တက်နေသော်လည်း လက်ရှိ အခြေအနေအရ ရန်ကုန် အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်မီး အချိန်အနည်းငယ်သာ ပေးနိုင် မည်ဟုဆို

Must read

မြန်မာနိုင်ငံတွင် အပူချိန်များ မြင့်တက်နေသော်လည်း လက်ရှိ အခြေအနေအရ ရန်ကုန် အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်မီး အချိန်အနည်းငယ်သာ ပေးနိုင် မည်ဟုဆို

ရန်ကုန်၊ ဧပြီ ၂၁

မြန်မာနိုင်ငံတွင် နွေရာသီကာလ အပူချိန်များ မြင့်တက်နေသော်လည်း လက်ရှိ အခြေအနေအရ ရန်ကုန် အပါအဝင် မြို့ကြီးများတွင် လျှပ်စစ်မီး အချိန်အနည်း ငယ် သာ ပေးနိုင်မည်ဖြစ်ပြီး မီးပြတ်ချိန် ပိုမိုများပြားလာနိုင်ကြောင်း နေပြည် တော် လျှပ်စစ်ဝန်ကြီးဌာနမှ အမည်မဖော်လိုသော အရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုဧပြီလအတွင်း ရန်ကုန်မြို့တွင် ၄ နာရီခြား၊ မီးဖြတ်၊ ၄ နာရီခြား မီးပေးသည့် အလှည့်ကျ မီးပေးသည့်စနစ်ကို ကျင့်သုံးနေသော်လည်းရှိ လက်ရှိတွင် သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်းများ ပြင်ဆင်နေခြင်း၊ သဘာ၀ဓာတ်ငွေ့ လုံလောက်စွာ မရရှိခြင်း၊ ရေအားလျှပ်စစ် ရရှိမှု အခြေအနေ အလွန် နည်းပါး လာခြင်း၊ အပူချိန် မြင့်တက်လာသဖြင့် မီးလာချိန်တွင် အဲယားကွန်းများ အလွန်အမင်း သုံးစွဲခြင်း တို့ကြောင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ပေးနိုင်သည့် အခြေအနေ မရှိကြောင်း သိရှိရသည်။

“ရန်ကုန်၊ နေပြည်တော်၊ မန္တလေး ဒါတွေက လျှပ်စစ်မီးကို ဦးစားပေးရမယ့် မြို့ကြီးတွေပါ။ ဒါပေမယ့် အခု လက်ရှိ ဓာတ်အားလိုင်းထဲမှာ ဓာတ်အား ရရှိမှု အလွန်နည်းနေတယ်။ သဘာ၀ဓာတ်ငွေ့ လုံလုံလောက်လောက်မရဘူး။ ပိုက်လိုင်းတွေ ပြင်ဆင်နေတာတွေရှိတယ်။ နောက်တစ်ခါ နွေရာသီ ဖြစ်တော့ ရေတွေခမ်းခြောက်ပြီး ရေအားလျှပ်စစ်ကလည်း လုံလောက်တဲ့ ဓာတ် အားမရတော့ဘူး။ နောက်တစ်ခါ မီးလာရင် နွေရာသီဖြစ်တော့ မီလာတာနဲ့ အဲယားကွန်းတွေဖွင့်၊ ထမင်းချက်၊ ဟင်းချက် အကုန်ပြုံသုံးကြတော့ ဓာတ်အား တွေ မနိုင်မနင်းဖြစ်တာတွေ ပြုတ်ကျသွားတာတွေလည်း ခဏခဏ ဖြစ် နေတယ်။ လက်ရှိ ဓာတ်အားရရှိမှု အခြေအနေနဲ့ မီးပေးနိုင်မှု အခြေအနေက ဒီနွေတစ်ရာသီလုံးတော့ အခုလိုပဲ နေ့ရော ညပါ ပြတ် တောက်နိုင်မယ့် အခြေ အနေပါ။ မီးပြတ်ချိန် ပိုပြီး တိုးလာမှာပါ” ဟု အဆိုပါ အမည်မဖော်လိုသော လျှပ်စစ်ဝန်ကြီးဌာန အရာရှိက ဆိုသည်။

လက်ရှိ မြို့နယ်များတွင် နံနက် ၅ နာရီမှ ည ၉ နာရီအထိ ၄ နာရီခြား မီးဖြတ်၊ ၄ နာရီခြား မီးပေးသည့်စနစ်ကို ကျင့်သုံးနေသော်လည်း ရရှိသည့် လျှပ်စစ် ဓာတ် အား မလုံလောက်သဖြင့် မီးများ ပြတ်တောက်နေရခြင်းဖြစ်သည်ဟု မြို့နယ် လျှပ်စစ်ဌာနတစ်ခုက ပြောဆိုသည်။

“ပုံမှန်အုပ်စုအလိုက် တစ်ရက်လျှင် ၄နာရီခြား၂ ကြိမ်ဆောင်ရွက်ပါတယ်။ အထက်ဌာနများသို့တင်ပြ၊ ပြည်သူများသို့ချပြ၍ ဆောင်ရွက်ရခြင်းပါ။ ပိတ်ချိန်၊ ပြန်တင်ချိန်ကို တိကျစွာဆောင်ရွက်ရခြင်း မြို့နယ်ဝန်ထမ်းများက ဆောင် ရွက် ရပါတယ်။ Plan load shed မီးပေးချိန် ဝန်အား(Amperes) ပိုပါကလည်း ခွဲရုံများ၏11-6.6KV VCB များ ထရန်စမော်မာများ၏ 400 volts breaker ပြုတ်ကျပါကလည်း မီးပြတ်တတ်ပါတယ်။ လျှပ်စစ်ဝန်ထမ်းများက နယ်မြေထဲသို့လာ၍ လက်ကမြင်းခြင်းမဟုတ်ပါ။ ပြုတ်ခြင်း၊ tripဖြစ်ပါက ပြန်တင်ရပါတယ်။ ခဏ ခဏမီးလာတာ အဲ့လိုကြောင့်ပါ။ Frequency Load shed ဒီအကြောင်းအရာကတော့ ပြည်သူများတင်မဟုတ် ကျနော်တို့လိုမြို့ နယ်ဝန်ထမ်းတွေ မဖြစ်စေချင်ဆုံး အခြေအနေပါ။ ခွဲရုံကြီးများ၊ စက်ရုံကြီးများ ဓာတ်အားထုတ်လုပ်မှု Frequencyဟာ အသက်ပါ။ Frequency ပြည့်မှ ဓာတ်အားစနစ်မှာကောင်းမွန်နေမှာပါ။ သုံးစွဲမှုများလို့ Frequencyကျရင် System break အခြေအနေတွေ့ကြုံပြီး တစ်နိုင်ငံလုံး ဓာတ်အားစနစ်ပြတ် တောက်မှုဖြစ်စေပါတယ်။ အဲဒီလိုဖြစ်ရင် ဓာတ်အားပေးစက်များ ရပ်တံ့ မှုကြောင့် အချိန်ကြာမြင့်စွာ တနိုင်ငံလုံးဓာတ်အားပြတ်တောက်မှု .ဖြစ် ပေါ်နိုင် ပါတယ်။ ဒီလို မဖြစ်စေရေးအတွက် frequency Load shed ရန်ကုန်YCC နှင့် LDC(ဓာတ်အားစံနစ်ဌာန)တို့ ညှိနိုင်းဆောင်ရွက်ရပါတယ်။ ဓာတ်အားခွဲရုံကြီး များမှ မြို့နယ်များသို့ပေးသော လိုင်းကြီးများကို ပိတ်ချဆောင်ရွက်ရပါတယ်” ဟု မြို့နယ်လျှပ်စစ်ဌာနတစ်ခုက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ် ပြန်ထားသည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တစ်နေ့လျှင် လျှပ်စစ်ဓာတ်အားရရှိချိန် ပျှမ်းမျှ အားဖြင့် အနည်းဆုံး ၂ နာရီမှ ၄ နာရီအကြားသာ ရှိတော့ ကြောင်း ပြည်သူများက ပြောသည်။

“လာချိန်မှာလည်း ပြတ်တယ်။ ဥပမာ မနက် ၉ နာရီကနေ မွန်းလွဲ ၁ နာရီအထိ မီးလာရမယ်ဆိုရင် နံနက် ၉ နာရီ ၄၅ လောက်မှ မီးလာတယ်။ အဲဒါ ၁၀ နာရီခွဲလောက်ကျတော့ ပြန်ပြတ်သွားတယ်။ အဲဒါ မလာတော့ဘူး။ ညဘက် တွေမှာလည်း မီးမဖြတ်ဘူးလို့ သိထားပေမယ့် မီးက ပေးချင်သလိုပေးနေတာ။ ညပိုင်းတွေ မီးမမှန်တာက အရမ်းဆိုးပါတယ်။ ပူတော့ အဲယားကွန်းလေး တောင် ဖွင့်ပြီး အိပ်မရတဲ့အခြေအနေ။ မီးလာရင် တိုက်ခန်း ၀ရန်တာ ထွက်ထိုင်နေရတယ်။ ပူတာကလည်း အရမ်းကိုပူတော့ မအိပ်နိုင်ဘူး။ ဝဋ်ကြွေး ရှိတော့ မအလ တက်ကတည်းက လူတွေမှာ ငရဲ ကျနေသလိုပဲ” ဟု စမ်းချောင်း မြို့နယ်မှ ပြည်သူတစ်ဦးက ဆိုသည်။

ယုဇဥယျာဉ်မြို့တော်မှ ပြည်သူတစ်ဦးကလည်း လက်ရှိ ယုဇနဥယျာဉ်မြို့တော် တွင် တစ်ညလုံး မီးလည်းမလာ၊ ရေလည်းမရသဖြင့် စားဝတ်နေရေး အတွက် အလွန်အခက်အခဲဖြစ်နေရသည်ဟုဆိုသည်။

“တစ်ညလုံး မီးမလာဘူး။ မီးမလာတော့ ရေကမရဘူး။ အိမ်သာတက်ဖို့တောင် ရေမရှိဘူး။ ကျန်တာတော့ မပြောချင်တော့ဘူး” ဟု ယုဇနဥယျာဉ်မြို့တော်မှ ပြည်သူတစ်ဦးက ဆိုသည်။

အခြားတစ်ဖက်တွင်လည်း လျှပ်စစ်မီး အမြဲပြတ်နေသည့်အတွက် မီးစက်ဖြင့် မောင်းရန် ဒီဇယ်ဆီ ဝယ်ယူ၍ မရသည့်အခြေအနေ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“မီးစက်လေး မောင်းချင်တာ ဒီဇယ်က ဝယ်မရဘူး။ ဒီဇယ်ဝယ်ဖို့ ရပ်ကွက်၊ မြို့ နယ် ထောက် ခံစာပါလည်း မရောင်းပေးဘူး။ မီးမလာတော့ ငွေရှိလို့တောင် မီး စက် မနှိုးနိုင်ဘူး။ ဒီဇယ် ဝယ်မရလို့ ” ဟု ရန်ကုန်မြို့မှ မီနီမတ်ပိုင်ရှင်တစ်ဦးက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အပူချိန်များ မြင့်တက်လျက်ရှိပြီး ယမန် နေ့က စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် အပူချိန် ၄၄ စင်တီဂရိတ်ဖြင့် အမြင့်ဆုံး အပူချိန် စံချိန်းချိုးထားကာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင် အပူချိန်များမှာ ဆက်တိုက် မြင့်တက်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ မြန်မာနိုင်ငံတွင် အခြေခံ ရေ၊ မီး မပြည့်စုံမှုများကို လျစ်လျူရှုနေပြီး စီးပွားရေး တိုးတက်မည်ဟု တွင်တွင် ကျယ်ကျယ် ပြောဆိုလျက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article