36 C
Yangon

ကော့မှူးတွင် နိုင်ငံခြားသွား အလုပ်လုပ်သူ ရှိသော နေအိမ်များကို လစဉ် အနည်းဆုံး ၃ သောင်းမှ ငွေကြေး ၁ သိန်းအထိ စစ်တပ်က ဆက်ကြေး ကောက်ယူ

Must read

ကော့မှူးတွင် နိုင်ငံခြားသွား အလုပ်လုပ်သူ ရှိသော နေအိမ်များကို လစဉ် အနည်းဆုံး ၃ သောင်းမှ ငွေကြေး ၁ သိန်းအထိ စစ်တပ်က ဆက်ကြေး ကောက်ယူ

ရန်ကုန်၊ မေ ၈

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် သူများရှိနေသည် နေအိမ်များ၏ စာရင်းကို စစ်တပ်က ကောက်ခံနေပြီး ပြည်ပ သွားရောက်အလုပ်လုပ်သူ ရှိသည့် နေအိမ်တိုင်းသည် လစဉ် စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်အဖွဲ့များထံသို့ ဆက်ကြေး ပုံမှန်ပေးရန် ပြောဆိုလာကြောင်း သိရှိရသည်။

“ကော့မှူးဘက်က ရွာတွေမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက ရွာသားတွေဆီက ဆက်ကြေးကောက်တယ်။ အရင်ဆုံးတပ်စွဲ စတုန်းက သန်းခေါင်စာရင်းလိုက်စစ်တယ် ။ စစ်လို့လည်းပြီးရော နိုင်ငံခြားသွားတဲ့သူရှိတဲ့အိမ်ကို အခွန်ဆိုပြီးတောင်းနေပါတယ်။ ထိုင်းမှာ အလုပ်သွားလုပ်တဲ့သူ ရှိတဲ့အိမ်ဆိုရင် တစ်အိမ်ကို ၃သောင်း။ မလေး ဆို ၅သောင်း

ကိုရီးယား ဆို ၁သိန်း၊ စင်ကာပူ ဆိုရင် ၁သိန်း၊ သင်္ဘောသား ၁သိန်း လတိုင်း ကောက်တယ်။ ပေးရမယ်။ မပေးရင် အရေးယူခံရမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်” ဟု ကော့မှူး ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ရန်ကုန်-ကော့မှူး-ဒလလမ်းဘေးရှိ ထန်းမနိုင်ကျေးရွာ၊ ဝါးဘလောက်သောက် ကျေးရွာများတွင် စစ်တပ်က တပ်စွဲထားပြီး လမ်းဘေးတွင်လည်း ကင်းပုန်းများ ချထားကြောင်း၊ စစ်တပ်က ကျေးရွာများမှ ပြည်သူများကို ကင်းစောင့်ရန်လည်း ဖိအားပေးပြီး ကင်းမစောင့်နိုင်သည့် အိမ်များကို ငွေကြေးကောက်ခံပြီး ကင်းစောင့်မည့် လူငှား ငှားခိုင်းနေကြောင်း၊ တချို့သော‌ ကျေးရွာများတွင် လူငယ်တချို့ကို စုဆောင်း၍ ပြည်သူ့စစ်နှင့် ပျူစောထီး စစ်သင်တန်းအတွက် လူဆောင်စုများရှိနေကြောင်း သိရှိရသည်။

“ကော့မှူးဘက်မှာလည်း အခြေအနေက စစ်တပ်၊ ရဲနဲ့ ရယက၊ ပျူစောထီးတွေက ထင်တိုင်းကျဲနေတာ။ ပြည်ပသွားသူရှိတဲ့ အိမ်တွေက ငွေကောက်သလို ကင်းစောင့်ဖို့ဆိုပြီး လူစုခိုင်းတယ်။ ကင်းမစောင့်ချင်ရင် လူငှား၊ မငှားနိုင်ရင် စစ်တပ်နဲ့ရဲက တောင်းသလောက်ပေးပဲ။ နောက်တစ်ခါ လူတွေကို မထင်ရင် မထင်သလို ပါးနားတွေ ရိုက်နေတာတွေ ဖြစ်ပျက်နေတယ်။ အရမ်းကို အနိုင်ကျင့်ခံနေရတယ်” ဟု ကော့မှူးမြို့ခံ လူငယ်တစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းကော့မှူးမြို့နယ်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ်ပြီး NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက် ထောက်ခံအားပေးနေသည့် ကော့မှူး ပြည်သူများ အပေါ် စစ်တပ်က ရမ်းကားနှိပ်စက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article