29 C
Yangon

နဂါးနိုင်မင်းတော့ မောင်ဖြစ်လိမ့်မယ်မထင်

Must read

နဂါးနိုင်မင်းတော့ မောင်ဖြစ်လိမ့်မယ်မထင်

By မောင်ပေါက်ကျိုင်း

ဆောင်းပါးခေါင်းစဉ်ကိုကြည့်ပြီး စာရေးသူသည် သီချင်းဟောင်းတစ်ပုဒ်ကို ထဆိုသည်ဟု ထင်ကောင်းထင်ပါလိမ့်မည်။ “နဂါးနိုင်မင်းတော့ မောင်ဖြစ်လိမ့်မယ်မထင်၊ ဇာတ်မင်းသားကြီးလို နန်းဝတ်နန်းစားကြီးနဲ့ဆို တကယ့်ကို ရယ်စရာကောင်းမယ် ရယ်စရာကောင်းမယ် ထင်… ကျွန်မစကားကို မောင်နားထောင်ရင်..”. အစရှိသဖြင့် မောင်ပေါက်ကျိုင်းလို လူစားသီချင်းကို ပြန်လည် ကြားယောင်မိသည့် မြင်ကွင်းမှာ ဧရာဝတီတိုင်းကမ်းနားဘေးတစ်နေရာမှ သင်္ကန်းဝတ် ကိုယ်တော်တစ်ပါး၏ ဓာတ်ပုံပင်ဖြစ်သည်။

တန်ဖိုးကြီးမည့် တယ်လီဖုန်းကို လက်တစ်ဖက်က ကိုင်ထားကာ ကျန်လက်တစ်ဖက်က ပင်လယ်ကို ဗျာဓိတ်ပေးနေသည့်အလား လက်ညှိုးညွှန်က နဂါးကို နှင်နေသည်ဟုဆိုသည်။ ထိုကိုယ်တော်သည် နဂါးကို နိုင် မနိုင်ကားမသိပေ။ ဧရာဝတီတိုင်းဒေသကြီး တိုင်းမှူးကိုတော့ ပိုင်ပုံရလေသည်။

အကြောင်းမှာ သူ၏ ရွတ်ဖတ်သရဇ္ဇယ်သည့် အခမ်းအနားသို့ တက်ရောက်သူများကို ကြည့်ကြပါဦးစို့။

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်တို့တက်ရောက်ကြပြီး ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချူပ် တင်မောင်သန်းနှင့် ဇနီးတို့က ထိုသင်္ကန်းဝတ်ကိုယ်တော်အတွက် ဖလားကို ရို့ရို့ကလေး ကိုင်ပေးထားကြသည်။

ထိုသူတို့သည် ရာသီဥတုပြောင်းလဲခြင်းကိုပင် မတွေးမဆနိုင်သော မိုးလေဝသသိပ္ပံနှင့် ဝေးလွန်းသော ဗိုလ်ချုပ်ကြီးများ အရာရှိကြီးများဖြစ်ကြချေသည်တကား။ မုန်တိုင်းကာကွယ်ရေး လောကီဘာသာရေး အစီအမံများကို နိုင်နင်းသည်ဟု သူတို့ယုံကြည်၍သာ မဘသဘုန်းကြီး နေပြည်တော် ရာဇအောင်မြေကျောင်း ဥူးပဝရသိဒ္ဓိကို ဧရာဝတီတိုင်းဒေသကြီးကမ်းနားအထိ ပင့်လာကြပုံပေါ်သည်။

ထိုအဖြစ်ကိုမြင်လျှင် နာဂစ်နောက်ပိုင်း မြန်မာနိုင်ငံ သဘာဝဘေးစီမံရေးလုပ်ငန်းများထဲကို ငွေပင်ငွေရင်း နှစ်ပေါင်းများစွာ စိုက်ထည့်ပေးခဲ့ကြသော နိုင်ငံတကာ အလှူရှင်များသည် ဟီးချကာ ထိုင်ငိုချင်စရာသာကောင်းသည်။ နာဂစ်နောက်ပိုင်းတွင် ဆောင်ရွက်ခဲ့သော သဘာဝဘေးစီမံရေး စွမ်းဆောင်မှုမြင့်တင်ရေးလုပ်ငန်းများသည်ကား စစ်ဗိုလ်ကြီးများကို မကယ်နိုင်ခဲ့လေတကား။

ထိုသူတို့၏ သဘာဝဘေးအသိဉာဏ်သည်ကား များစွာချို့တဲ့လေရာ သင်္ကန်းနှင့် လားလားမျှ မလျော်သော မိုးလေဝသ ခန့်မှန်းခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းကိစ္စများထဲသို့ ဘုန်းကြီးဆွဲ ထည့်လာကြသည်။

ဆိုင်ကလုန်းတည်းဟူသော သိပ္ပံ အတိုင်းအဆဖြင့် တွက်ချက်ကြရကုန်သောကိစ္စကို ပင်လယ်ပြင်က နဂါးစာကိုနှင်သည်ဟူသော ယုတ္တိယုတ္တာမရှိသည့်အလုပ်ကို လုပ်ဘိသည်။ မုန်တိုင်းကို နှင်နိုင်ခဲ့သည်ဆိုလျှင် ကမ္ဘာပေါ်တွင် တစ်ကမ္ဘာလုံး၏ မိုးလေဝသကိစ္စများကို ကိုင်တွယ်ရသော စရိတ်စကအလွန်ကုန်ကျသည့် ကမ္ဘာ့မိုးလေဝသအဖွဲ့ World Meteorological Organization ကြီးကိုပင် တည်ထားစရာလိုမည်မဟုတ်ပေ။

ထို့အတူ မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံများ၏ မိုးလေဝသကိုစောင့်ကြည့်သတိပေးရသော အိန္ဒိယက Regional Specialized Meteorological Centre (RSMC) ကမ္ဘာ့ကုလသမဂ္ဂက ငွေကြေးထောက်ပံ့ထားစရာလိုမည်မထင်ပေ။ မောင်ပေါက်ကျိုင်း သီချင်းသာ ညည်းရသော်လည်း စိတ်မှာ ရွှင်သည့် အခြေအနေမဟုတ်ပေ။ တိုင်းပြည် အခြေအနေမှာ နတ်နှင့် နဂါးများက မ ရန်ဝေးစွ။ စစ်မီးတောက်လောင်နေရသည့်အထဲတွင် တစ်ပူပေါ် နှစ်ပူဆင့်လျက် ဘင်္ဂလားပင်လယ်အော်တွင် မြန်မာပြည်အတွင်းသို့ဝင်ရောက်နိုင်သည့် ဆိုင်ကလုန်း မုန်တိုင်းတစ်လုံးက တာစူနေပေသည်။

မြန်မာနိုင်ငံသည် ရာသီဥတုကိုတွက်ဆကြသော ပညာရှင်များအားလုံးက ဘေးအန္တရာယ်များသော နေရာ၊ အန္တရာယ်ကိုတုံ့ပြန်ခုခံနိုင်စွမ်းနည်းသော နေရာအဖြစ် သတ်မှတ်ခဲ့ကြသည်မှာ အစီရင်ခံစာပေါင်း မူဝါဒစာရွက်စာတမ်းပေါင်းများစွာတွင် ပါရှိခဲ့ပြီးဖြစ်ရာ မြန်မာနိုင်ငံ၏ သဘာဝဘေးနှင့်နီးပုံကို ဤနေရာတွင် ထပ်ကျော့မပြောလိုတော့ပေ။

နာဂစ်ကို မှတ်မိနေကြသည့်အထဲတွင် ယူစရာသင်ခန်းစာ တပုံတပင်ပင်ပါဝင်သည်။ လူပေါင်း တစ်သိန်းခွဲလောက် သေကြေကြရသည့် ဖြစ်စဉ်သည် Early Warning System ကို ကြိုတင်သတိပေးသည့်စနစ်၏ ကွင်းဆက်များကောင်းမွန်စွာ မရှိနေခဲ့ခြင်း၊ ရှိသည့် ချွတ်ခြုံကျနေသော အစိတ်အပိုင်းများသည်လည်း ကောင်းစွာ အလုပ်မလုပ်နေခဲ့ခြင်းကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

နဂါးမောင်းထုတ်သည့် လက်ညှိုးသည် အလွန်ပင် တန်ခိုးကြီးပုံရလေသည်။ နောက်ရက်များတွင် သူတို့ မောင်းထုတ်လိုက်သောနဂါးသည်ပင် စစ်တပ်၏ အမိန့်ကို မကြည်မညိုဖြစ်ဟန်တူသည်။ ယီမင်က ဆိပ်ကမ်းတစ်ခု၏ အမည်ကိုပေးထားသော ဆိုင်ကလုန်း မိုခါ သည် ဆိုက်ဆိုက်မြိုက်မြိုက် မြန်မာ့ရေပိုင်နက်ထဲသို့ဝင်ရန် တာစူလာပေသည်။

၆ ပေခန့် မြင့်မားနိုင်သော မုန်တိုင်းဒီရေနှင့် တစ်နာရီလျှင် မိုင် တစ်ရာပတ်လည်အထိ ရောက်နိုင်သော မုန်တိုင်းအရှိန်ရှိသည်ဟု အိန္ဒိယ မိုးလေဝသဌာနက တရားဝင်ထုတ်ပြန်ထားပြီး နေ့စဉ် နာရီနှင့်အမျှ ထုတ်ပြန်ပေးနေသည်။ မုန်တိုင်းအရှိန်သည် မေလ ၁၃ ရက်နှင့် ၁၄ ကြားတွင် ရခိုင်ကမ်းရိုးတန်းသို့ဝင်နိုင်ပြီး ကျောက်ဖြူတစ်ဝိုက်ကို သတိပေးထားသည်။

ရခိုင်ကမ်းရိုးတန်း အနိမ့်ပိုင်းဒေသများသည် လေနှင့်အတူပါလာနိုင်သည့် မုန်တိုင်း ဒီရေအတွက် ပြင်ဆင်ထားကြဖို့တိုက်တွန်းရန်မှာ မိုးလေဝသဌာနများ ဒေသန္တရ အုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပြီး နဂါးနှင့် ဘုန်းကြီးများ တတ်နိုင်သောကိစ္စမဟုတ်ပေ။ ကပ္ပလီ ပင်လယ်ပြင်နှင့် နီကိုဘားကျွန်းတစ်ဝိုက် ငါးဖမ်းလှေများ၊ ရေယာဉ်များ မထွက်ကြရန် တားမြစ်ထားသည်။ ထို့ပြင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းများရှိရာ ကော့ဘဇားသည်လည်း မုန်တိုင်းဝင်မည့်နေရာထဲတွင်ပါရာ ခနော်နီခနော်နဲ့ဒုက္ခသည်စခန်းများသည် မည်သို့ပြင်ဆင်ထားကြမည်ကို မစဉ်းစားနိုင်သည့် အနေအထားဖြစ်သည်။

စင်စစ် ရာသီဥတုပြောင်းလဲမှုက လက်သည်ပင်။ ပင်လယ်ပြင်ပူနွေးလာသောရာသီများသည် မုန်တိုင်းအကောင်ကြီးပေါက်ရန် ဥဥ နေသူမှာ နဂါးကြီးမဟုတ်ပေ။ ပင်လယ်ရေမျက်နှာပြင်အောက် ၆၀ မီတာအနက်လောက်တွင် သမုဒ္ဒရာရေသည် ၂၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ်လောက်ထိ ပူလာပြီဆိုရင် မုန်တိုင်းများဖြစ်ရန် လုံလောက်ပြီ။

အခါတိုင်းထက်စာလျှင် လွန်ခဲ့သည့် ဆယ်စုနှစ်များက အစ နောင်တွင်လည်း မုန်တိုင်းဒဏ်သည် စိပ်စိပ်ခံရနိုင်သည့်အဖြစ်များကို ကြိုတင်ခန့်မှန်းခဲ့ကြသည်မှာ ကြာလှပါပြီ။ သို့ဖြစ်ရာ အရေးနှင့်အကြောင်းဖြစ်လာလျှင် လူ့အသက်များ မလိုအပ်ဘဲ မဆုံးရှုံးရလေအောင် ဘုန်းကြီးများကိစ္စကို ဘုန်းကြီးကျောင်းတွင်သာ ထားကြရန်လိုပါသည်။ မုန်တိုင်းနှင့် ပတ်သက်သော ကြိုတင်သတိပေးစကားမှာ သိပ္ပံကိုအခြေခံပြီးတွက်ချက်ရသည်။ တွက်ပြရုံ ခန့်မှန်းပြရုံနှင့်လည်း ပြီးသည်မဟုတ်ချေ။

ပြည်သူကိုရှင်းလင်းသော အချိန်ကိုက်ဖြစ်သော၊ မယုတ်မလွန်ဖြစ်သော၊ ပြည်သူတို့က နားလည်လွယ်သော၊ အလွန်အမင်းကြောက်ရွံခြင်းကိုလည်း မဖြစ်စေသော ဘာသာစကားမျိုးဖြင့် ပြောဆိုဆက်သွယ်ကြရသည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနများနှင့် မီဒီယာများက ထိုတာဝန်ကိုကောင်းစွာ ထမ်းဆောင်နေချိန်တွင် မြန်မာ စစ်ဗိုလ်ချုပ်များနှင့် ရဟန်းတစ်ပါးသည်ကား မိုးလေဝသဌာနက ထမ်းဆောင်အပ်သော Early Warning System ကို အနှောင့်အယှက်ပေးနေပေသည်။

ကြိုတင်သတိပေးမှုများကို အခြေခံ လိုက်နာရန် အချက်ဆယ်ချက်ဖြင့် ဆောင်ရွက်ကြရသည်။ မုန်တိုင်းဒဏ်ခံရနိုင်သည့်နေရာများအနက် အစွန်အဖျားအကျဆုံးနေရာများအထိ ကြိုတင်သတိပေးခြင်း အလုပ်ကို တာဝန်ရှိသူတို့က မဖြစ်မနေ ထမ်းဆောင်ကြမှာသာ ဝာာဝန်ကျေပေသည်။‌ နောင်တကင်းစွာ သဘာဝဘေးကို ရင်ဆိုင်နိုင်ကြမည်။

ထိရောက်သော အရေးပေါ် ကြေညာချက်များကို ထုတ်ပြန်ရာတွင် အပိုင်းလေးပိုင်းရှိပါသည်။

(၁) နိုင်ငံတစ်ခုသည် လာမည့်ဘေးကို သိရှိတွက်ချက်နိုင် (detect)၊ အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင် (monitor)၊ ခန့်မှန်းချက်ထုတ်ပြန်နိုင် (forecast) သည့် စနစ် တပ်ဆင်ထားရသည်။

(၂) လာမည့်ဘေး၏ အတိုင်းအဆကို ပြည်သူများအတွက် တွက်ပြရပြီး ရရှိလာသည့် ဘေးအန္တရာယ်ဆိုင်ရာ အချက်အလကများကို အရေးပေါ် စီမံရေး၊ သတိပေးချက်ထုတ်ပြန်မည့်အဖွဲ့အစည်းများ၊ လမ်းကြောင်းများထံသို့ ပေးပို့ရသည်။

(၃) အချိန်မနှောင်းသော ထုတ်ပြန်မှုများကို ပြည်သူအများ ယုံကြည်နားထောင်နိုင်သည့် သြဇာရှိသည့်နေရာများမှ ထုတ်ပြန်ရသည်။ (နဂါးစာကျွေး အသင်းကြီးနှင့် ဘုန်းကြီးကျောင်းမှ ထုတ်ပြန်နိုင်သည့်ကိစ္စမဟုတ်ပေ။)

(၄) ရပ်ရွာအတွင်း ဘေးအန္တရာယ်ကို ရင်ဆိုင်ရန် အစီအမံများ စီစဉ်ဆောင်ရွက်ပြီး ပြင်ဆင်သင့်သည်တို့ကို ပြင်ဆင်ထားရသည်။ ကြိုတင်သတိပေးစနစ်မကောင်းလျှင် မပြင်နိုင်၊ မပြင်နိုင်လျှင် မလိုအပ်ဘဲ အဆုံးအရှုံးများနိုင်သောကြောင့် ဤကိစ္စများတွင် ကျီစယ်အပ်သော ပေါ့ပျက်သော ကိစ္စများမပါဝင်ပေ။

အလားတူပင် မှားယွင်းသော အချိန်အဆဖြင့် သတင်းပေးမှုများသည်လည်း ပြည်သူအတွက် မထိရောက်ပေ။ မှားယွင်းသော သတိပေးမှုများ ကြားဖန်များလျှင်လည်း ကျားကျား ဟု မကြာခဏအော်သော ပုံဝတ္ထုလိုပင် တကယ်ကျားလာတော့ လူမကူဘဲ ဖြစ်တတ်သည်။ ထို့ကြောင့် သဘာဝဘေးနှင့်ပတ်သက်၍ ကြုံရာလူက ထုတ်ပြန်သည့် အချက်အလက်မျိုးလည်း မဖြစ်အပ်ပေ။ ပြည်သူသည် ယောင်ဝါးလျှက် မည်သူ့ကို နားထောင်ရမှန်းမသိဖြစ်တတ်သည်။

မိုးလေဝသအတွက် တာဝန်ယူထားသောအဖွဲ့အစည်းများ၊ သတင်းဖြန့်ချိရေး တာဝန်ယူထားသော အဖွဲ့အစည်းများ အချိန်အဆ မှန်ကန်စွာ တာဝန်ခံရသော ကိစ္စများဖြစ်ကြသည်။ တစ်ချိန်တည်းတွင် ချဲ့ကားသဖြင့် ကြောက်ရွံရခြင်း၊ မီးလောင်ရာလေပင့် ဖြစ်စေခြင်းကလည်း ဘေးထွက်ဆိုးကျိုးသာများပြီး ကောလာဟလများသည်ကား သတင်းမှန်အတွက် အကြီးဆုံး အနှောင့်အယှက်ဖြစ်ပါသည်။

ထောင်တန်တဲ့စကားများသည် ရယ်လျှင်လည်း ပေါ့သည်။ အသက်ပေါင်းများစွာကယ်ရမည့် စကားများ ဆက်သွယ်ပြောဆိုမှုများရှိရမည့်အချိန်တွင် သင်္ကန်းတကားကား ကိစ္စမှာလည်း အရေးကြီးသည့် အချက်အလက်ကို အများပြည်သူတို့ နားသို့ မရောက်ဘဲ ဖုံးသွားစေသည်။ လေးနက်ရမည့်ကိစ္စတွင် အရေးပေါ်စနစ်ပျက်ယွင်းခြင်းကြောင့် ပြည်သူ၏ သတင်းကြားသိပိုင်ခွင့်ကို ထိခိုက်ခဲ့သော် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းနောက်တစ်မျိုးပင်။

ဘေးဒုက္ခတကယ်ကျရောက်လာလျှင် ဘုန်းကြီးကား ကျောင်းတွင် မုန်တိုင်းမိုးအောက် ကျိန်းနေရရုံထက်မပိုပေ။ စစ်တပ်ကိုးကွယ်သော ဘုန်းကြီးကျောင်းများသည် ချမ်းသာလှသည်မဟုတ်လော။ အများပြည်သူကား ဒုက္ခပေါ် ဒုက္ခဆင့်ပြီး အချိန်မီ မတိမ်းမရှောင် မပြင်မဆင်နိုင်လျှင် အမိုးအကာမရှိသည့်နေရာတွင် ညအိပ်ရင်း စည်းစိမ်ဥစ္စာ မယိုယွင်းသော်မှ အင်မတန်ကံကောင်းပြီဟု ထင်ကြရမည့်အဖြစ်မျိုးပင်။ သိပ္ပံကိစ္စထဲသို့ ဒဏ္ဍာရီရောထွေးသည့် ဇာတ်ထုတ်များ ရပ်ကြချိန်တန်ပါပြီ။ ဇာတ်ကနေခြင်းမဟုတ်ပါ။ လူ့အသက်များဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ဒီဘဝတွင်တော့ နဂါးနိုင်မင်းဖြစ်မည် မထင်ပါလေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article