35 C
Yangon

မိုခါ စူပါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နေချိန် စစ်ကောင်စီက တနင်္သာရီတိုင်း၊ရေဖြူတွင် တိုက်လေယာဉ်ဖြင့် ဗုံးကျဲ

Must read

မိုခါ စူပါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နေချိန် စစ်ကောင်စီက တနင်္သာရီတိုင်း၊ရေဖြူတွင် တိုက်လေယာဉ်ဖြင့် ဗုံးကျဲ

ရန်ကုန်| မေ ၁၄

မိုခါ စူပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်နေချိန်တွင် စစ်ကောင်စီက တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကို တိုက်လေယာဉ်ဖြင့် ဗုံးလာရောက်ကျဲချနေကြောင်း ဒေသခံများကဆိုသည်။

ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန် အနီးတွင် ယနေ့ မေလ ၁၄ ရက်နေ့ နံနက်စောစောက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ် နှစ်ဖက် တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

စစ်ကောင်စီသည် ယင်းတိုက်ပွဲတွင် လေကြောင်းပစ်ကူဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို တိုက်ခိုက်နေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

စစ်ကောင်စီတပ်သည် ယနေ့ မနက်စောစော နံနက် ၄ နာရီခန့်ကစ၍ ဝက်ချောင်းရွာဘက်မှနေပြီး ထားဝယ်အထူးစီးပွားရေးဇုန်ရှိရာ နဘုလယ် ဒေသသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။

ယင်းစစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့ နံနက် ၉ နာရီဝန်းကျင် အထိ တိုင်းပွဲ ပြင်းထန်နေဆဲဖြစ်သည်။

ယနေ့ နံနက် ရှစ်နာရီ ခွဲအချိန်ခန့်တွင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအနီး ဒေသခံပြည်သူအချို့ နေထိုင်သည့် နံသာအိုင်စုရပ်ဘက်ကို စစ်ကောင်စီက ကင်းထောက်လေယာဉ်ဖြင့် ဗုံးသုံးလုံးခန့်ကျဲချခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ဗုံးချတာလည်းမြင်ရတယ်။ လေယာဉ်ပျံသွားသွားတာလည်းမြင်ရတယ်။ ဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် နှစ်ဖက်တိုက်ပွဲပြင်းထန်နေမှုကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိဒေသခံပြည်သူများ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် မေလ ၈ ရက်နေ့ကလည် ဝက်ချောင်းရွာဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းမှာလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ၏ ကြားဖြတ်တိုက်ခတ်မှု ခံခဲ့ရသေးသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ဒဏ်ရာရသူနှင့် ကျဆုံးသူ အချို့ရှိပြီး ယင်းတိုက်ပွဲအပြီး ခြောက်ရက်အကြာ ယနေ့ နံနက် စောစောပိုင်းကတည်း က စစ်ကောင်စီတပ်သည် လေကြောင်း ပစ်ကူဖြင့် ပြန်၍ လာရောက်တိုက် ခိုက်နေခြင်းဖြစ်သည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် ၂ စင်းကို မြင်တွေ့ရစဉ်။ (ပုံ အဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article