30.5 C
Yangon

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ လုပ်ဖော်ကိုင်ဖက် ထိုင်းလွှတ်တော်အမတ် ဥပကစ် ကို ထိုင်းအစိုးရရှေ့နေများ စွဲချက်တင်

Must read

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ လုပ်ဖော်ကိုင်ဖက် ထိုင်းလွှတ်တော်အမတ် ဥပကစ် ကို ထိုင်းအစိုးရရှေ့နေများ စွဲချက်တင်

ရန်ကုန်၊ မေ ၂၀

ထိုင်းအစိုးရရှေ့နေတွေက အထက်လွှတ်တော်အမတ် ဥပကစ် ပါကျရီယွန်ကွန်းကို ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေမှာ လျှို့ဝှက်ပူးပေါင်း ကြံစည်မှုတွေနဲ့ စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။

ရှေ့နေချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Kosonlavat Intujunyong ရဲ့ ပြောကြားချက်အရ အဆိုပါ စွဲချက်တင်ကြောင်းကို မေလ ၁၈ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လိပ်ခဲတင်းလည်းဖြစ်နေတဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ တိုးတက်မှုတစ်ခု ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဘန်ကောက်မြို့မှာ ဖမ်းဆီးခဲ့ပြီးနောက်၊ မီးခိုးကြွက်လျောက် ထွက်ပေါ်လာတဲ့ အမှုကွင်းဆက် တွေ့ရှိချက်တွေအတူ အထက်လွှတ်တော်အမတ် ဥပကစ်ရဲ့ သံသယဖြစ်ဖွယ်လုပ်ရပ်တွေဟာ ဆိုရှယ်မီဒီယာတွေမှာ ဆက်တိုက်ဆိုသလိုပဲ ပေါ်ထွက်လာခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ထွန်းမင်းလတ် နေထိုင်ရာ ကွန်ဒိုကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာမှာ ထွန်းမင်းလတ်နဲ့အတူ ဥပကစ်ရဲ့ သားမက်ဖြစ်သူကိုပါ အတူတကွ ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး၊ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားနဲ့သမီးတို့ရဲ့ ပိုင်ဆိုင်မှုတွေ ဘဏ်စာအုပ်တွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် လွှတ်တော်အမတ် ဥပကစ်ဟာ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနဲ့ အဖမ်းခံခဲ့ရတဲ့ မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်နဲ့ ဆက်စပ်တယ်ဆိုပြီး လက်ရှိထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Move Forward ပါတီက လွှတ်တော်အမတ် ရန်ဆင်မန် ရုမ်း က ပြီးခဲ့တဲ့လပိုင်းအတွင်းက လွှတ်တော်အစည်းအဝေးအတွင်းမှာ တင်ပြခဲ့ပါတယ်။

လွှတ်တော်အမတ် ရန်ဆင်မန် ရုမ်းရဲ့ တင်ပြမှုအတွင်းမှာ ထိုင်းစစ်တပ်ရဲ့ ခန့်အပ်ခံ အထက်လွှတ်တော်အမတ် ဥပကစ်နဲ့ ထိုင်းအာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် ပရာရွတ် တို့ရဲ့ အကျိုးစီးပွားဆိုင်ရာ ဆက်စပ်မှုတွေပါ ပါဝင်တာကြောင့် ထိုင်းနိုင်ငံအတွင်း ဒီသတင်းဟာ တော်တော်ကို ရိုက်ခတ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့တဲ့ အဆိုပါ လွှတ်တော်အခြေအတင် ဆွေးနွေးပွဲအတွင်း ဥပကစ်ဟာ ထွန်းမင်းလတ်နဲ့ ကာလကြာရှည် လက်တွဲလုပ်ကိုင်ခဲ့သူဖြစ်ပြီး၊ ၄င်းတို့ဟာ မူးယစ်ဆေးဝါးက ရရှိလာတဲ့ ငွေမည်းတွေကို ထိုင်း-မြန်မာ နယ်စပ်က လျှပ်စစ်ဓာတ်အား ပေးဝေရေး လုပ်ငန်းထဲ ထည့်ဝင်ကာ ငွေကြေးခဝါချခဲ့ကြောင်း အတိုက်အခံအမတ်များက စွပ်စွဲခဲ့ကြတာပါ။ ဥပကစ် က ဒါနဲ့ပတ်သက်ပြီး ငြင်းဆိုထားပါတယ်။

ဥပကစ်ရဲ့အမှုကို စုံစမ်းစစ်ဆေးတဲ့အဖွဲ့မှာ ဦးဆောင်သူဖြစ်တဲ့ အကြီးတန်းအစိုးရရှေ့နေ Watcharin Phanurat ကတော့ ၎င်းတို့ စုံစမ်းစစ်ဆေးထားတဲ့ အစီရင်ခံစာဖိုင် ၇၉ ဖိုင်ကို တရားရုံးကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိစွဲဆိုထားတဲ့ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့သာမက၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ပါ ဥပကစ်ကို ထပ်မံစွဲချက်တင်နိုင်ဖို့ တင်ပြထားမှုကို ထိုင်းရှေ့နေချုပ်က ဇူလိုင် ၂၆ ရက်မှာ ဆုံးဖြတ်ချက်ချဖို့ ရှိနေကြောင်းလည်း သိရပါတယ်။

သတင်းရင်းမြစ်- NNT, Bangkok Post

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article