28 C
Yangon

မုန်တိုင်းဒဏ်သင့် ရသေ့တောင်မြို့နယ် ဒိုးဝေချောင်းတွင် ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ပွားပြီး အမျိုးသားတစ်ဦး‌ သေဆုံး၊ ကျေးရွာတွင် ကလေးသူငယ်များ ဝမ်း ပျက် ဝမ်း​လျှော စတင်ဖြစ်ပွားလာနေ

Must read

မုန်တိုင်းဒဏ်သင့် ရသေ့တောင်မြို့နယ် ဒိုးဝေချောင်းတွင် ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ပွားပြီး အမျိုးသားတစ်ဦး‌ သေဆုံး၊ ကျေးရွာတွင် ကလေးသူငယ်များ ဝမ်း ပျက် ဝမ်း​လျှော စတင်ဖြစ်ပွားလာနေ

ရန်ကုန်| မေ ၂၀

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် ဒိုးဝေချောင်းတွင် ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်၍ အမျိုးသားတစ်ဦး‌ သေဆုံးသွားပြီး၊ ကျေးရွာတွင် ကလေးသူငယ်များမှာ ဝမ်း ရောဂါများ စတင်ဖြစ်ပွားလာနေသဖြင့် အချိန်မီ ဆေးကုသပေးရန် လိုအပ် နေကြောင်း ဒေသခံများက ပြောသည်။

ဝမ်း​​ရောဂါ​ကြောင့် သေဆုံးသူသည် ဒိုးဝေချောင်း ကျေးရွာက အသက် ၅၀ ကျော်အ ရွယ်ရှိ ဦးထွန်းအေးမောင် ဖြစ်ပြီး မေ ၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် သေဆုံးသွားကြောင်း ကျေးရွာအတွင်းမှာလည်း ကလေးသူငယ်များနှင့် လူကြီးတချို့ ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ပွားနေကြောင်း ကျေးရွာသားများက ပြောသည်

မေ ၁၄ ရက်နေ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ကျေးရွာအတွင်း နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများ ပျက်စီးခဲ့ရပြီး ကျေးရွာရှိ ရေကန်အားလုံးသည်လည်း ဆားငန်ရေ ဝင်ရောက်မှုကြောင့် သောက်သုံး၍ မရသည်အထိ ဆိုးရွားခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။

သောက်သုံးရေ ရှားပါးမှုကြောင့် ရေ ရရှိမှု မရှိ၍ ကျေးရွာသားများမှာ ဆားငန်ရေ ဝင်ရောက်ခဲ့သည့် ရေများကို သောက်သုံးရာမှာ ယင်းကဲ့သို့ ဝမ်းပျက် ဝမ်းလျှော ရောဂါများ ဖြစ်ပွား၍ အသက် ၅၀ ကျော်အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒိုးဝေချောင်း ဒေသခံ ကိုခိုင်အောင်ထွန်းက ပြောသည်။

“မုန်တိုင်းကြောင့် ရွာမှာ ရှိတဲ့ ရေကန်တွေမှာ ဆားငန်ရေ ဝင်တယ်။ ရေတွေက မသန့်ရှင်းတော့ဘူး။ ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ပွားပြီးတော့ သေဆုံးသွားတာပါ။ တချို့ ကလေးတွေ ဖြစ်နေကြပါပြီ။ နီးစပ်ရာတွေမှာ သွားရောက်ပြီးတော့ ဆေးသောက် နေရတယ်။ တက်နိုင်တဲ့သူက စေတီပြင် တိုက်နယ်ဆေးရုံကိုသွားကြတယ်။ ဆိုးဆိုးရွားရွားမဖြစ်ခင် အမြန်ဆုံးကုသဖို့ပေးလိုပါတယ် “ဟုပြောသည်။

အဆိုပါကျေးရွာတွင် နေအိမ် ၇၄ အိမ်ပြီး မပျက်စီးဘဲ ၂ အိမ်သာကျန်ခဲ့ကြောင်း ကျေးရွာသားများမှာလည်း မုန်တိုင်းမကျရောက်မီ ဘေးလွတ်ရာကို တိမ်း ရှောင်ခဲ့ရပြီးနောက် ကျေးရွာသို့ ပြန်လာစဉ် နေအိမ်များ အားလုံးပျက်စီးနေ၍ လက်ရှိတွင် ပြန်လည်ပြုပြင်ရန် အခက်အခဲဖြစ်နေကြသည်။

ဒိုးဝေချောင်း ကျေးရွာသားတစ်ဦးက “သေဆုံးသူနဲ့ ပတ်သက်လို့ မြို့နယ်ဘက်ကို အကြောင်းကြားထားပါတယ်။ သုံးဖို့၊ သောက်ဖို့ ရေလည်းမရှိပါဘူး။ အရမ်းကို ခက်ခဲနေကြတယ်။ သောက်သုံးရေကန် ၄ ကန်ရှိပါတယ်။ အားလုံးဝင်သွားတာပါ။ ဆိုးတာက ဆားငန်ရေဝင်ရုံသာမကလို့ အညစ်အကြေးတွေ၊ အကုန်ကန်မှာ ပြည့်နေတယ်။ လက်ရှိအချိန်အထိလည်း ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်မလာသေးပါဘူး။ အရမ်းကို ဒုက္ခ ရောက်နေကြရပါတယ်”ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရသေ့တောင်မြို့နယ် မြို့နယ် ကျန်းမားရေးဌာနနှင့် စေတီပြင် တိုက်နယ်ဆေးရုံသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ ရရှိခဲ့ခြင်း မရှိခဲ့ပေ။

မေ ၁၉ ရက်နေ့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်တွင် ရခိုင်တွင် ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှုကြောင့် မေ ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၄ ဦး၊ ရခိုင်ဒေသခံ ၁၈ ဦးနှင့် မွတ်ဆလင် ၂၆ ဦး၊ စုစုပေါင်း ၄၈ ဦး သေဆုံးကြောင်း သတင်းထုတ်ထားသည်။

ထို့အပြင် မေလ ၁၈ ရက်နေ့ ရခိုင်ဒေသခံ ၆ ဦးနှင့် မွတ်ဆလင် ၉၁ ဦး၊ ပေါင်း ၉၇ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီ၏ ယနေ့ ‌နေ ၁၉ ရက်နေ့ နောက်ဆုံး ထုတ်ပြန်ချက်အရ ရခိုင်တွင် ဆိုင်ကလုန်း မုန်တိုင်းကြောင့် စုစုပေါင်း သေဆုံးသူ ၁၄၅ ဦးအထိရှိလာပြီဟု စစ်ကောင်စီ၏ စာရင်းတွင် ဖော်ပြထားသည်။

(Western News-WNသည် ရန်ကုန်​ခေတ်သစ်၏ မဟာမိတ်ဖြစ်သည။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article