35 C
Yangon

မြန်မာ့ကျေးလက်ပြည်သူများက ဖက်ဒရယ်စနစ် ပေါ်ထွန်းရေး အဓိကအခြေခံ အုတ်မြစ်များ ဖြစ်လာ

Must read

မြန်မာ့ကျေးလက်ပြည်သူများက ဖက်ဒရယ်စနစ် ပေါ်ထွန်းရေး အဓိကအခြေခံ အုတ်မြစ်များ ဖြစ်လာ

By Priscilla A. Clapp and Arkar Hein

စစ်အုပ်စုက ၎င်းတို့၏အာဏာ ထိန်းချုပ်မှုမှ ကျော်လွန်လာသည့် ဒေသဆိုင်ရာအစိုးရများ ပေါ်ထွန်းလာမည်ကို စစ်အာဏာရှင်များက မည်မျှအတိုင်းအတာအထိ ကြောက်ရွံ့မှုရှိနေသည်ကို ပဇီကြီးကျေးရွာမှ ဒေသဆိုင်ရာ အုပ်ချုပ်ရေးရုံးကို လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ခြင်းဖြင့် ပြသခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ရွာတစ်ရွာတွင် စစ်အုပ်စုက ထိန်းချုပ်ထားသည့် အရာရှိများ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြပြီးနောက်၊ အုပ်ချုပ်ရေးရုံးသစ်ဖွင့်လှစ်မှုကို ဂုဏ်ပြုသည့်အနေဖြင့် ရွာသူရွာသား ၂၀၀ ခန့်က အထိမ်းအမှတ် ကျင်းပနေကြစဥ် တိုက်လေယာဉ်များ ရုတ်တရက် ရောက်ရှိလာပြီး လူအုပ်ပေါ်သို့ ဗုံးများကျဲချခဲ့ကြသည်။ သေဆုံးသွားသူများနှင့် ဒဏ်ရာရရှိသူများအား ဆွဲယူရန် လူအများက ရှာဖွေနေကြချိန်တွင် အမ်အိုင်-၃၅ ရဟတ်ယာဉ်တစ်စင်း ရောက်ရှိလာခဲ့ပြီး၊ အခင်းဖြစ်ပွားရာနေရာပေါ်သို့ လှည့်ပတ်ပစ်ခတ်သွားခဲ့သည်။ တိုက်ခိုက်မှုအတွင်း ကလေးသူငယ်များ အပါအဝင် အနည်းဆုံး လူ ၁၇၀ သေဆုံးခဲ့ရသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ပဇီကြီးကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည်၊ စစ်တပ်ခန့် ဝန်ထမ်းများအား နှင်ထုတ်ခဲ့အပြီး မြေပြင်တပ်များ ထိုးဖောက်ဝင်ရောက်ခြင်း မပြုနိုင်သည့်နေရာဒေသများရှိ

စာသင် ကျောင်းများ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများ၊ ဘာသာရေး အဆောက်အအုံများနှင့် အုပ်ချုပ်ရေးဆိုင်ရာ တည်ဆောက်မှုများအား လေကြောင်းမှတိုက်ခိုက်မှုများအကြား နောက်ဆုံးတစ်ခုမျှသာ ဖြစ်သည်။

ဒေသန္တရအုပ်ချုပ်ရေး အစားထိုးဝင်ရောက်လာမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းလာနေခြင်းကို နှိမ်နှင်းရာတွင် ပေါ်ပေါက်လာသည့် ဤအကြမ်းဖက်မှုပုံစံက၊ သမိုင်းကြောင်းအရ နိုင်ငံကို ထိန်းချုပ်ရာတွင် ၎င်း၏ဒေသခံအရာရှိများအပေါ် မှီခိုအားထားနေခဲ့ရသည့် စစ်တပ်မှာ ရပ်တည်နိုင်မှုအတွက် ရုန်းကန်နေရကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည့် လက္ခဏာတစ်ရပ် ဖြစ်လာသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုအား ဆန့်ကျင်ခုခံတွန်းလှန်ရန် နိုင်ငံရေးနှင့် လက်နက်ကိုင် အဖွဲ့အစည်းအသီးသီး ပေါ်ပေါက်လာခဲ့မှုနှင့်၊ နောက်ပိုင်းတွင်ဆက်လက်၍ အတိုက်အခံအစိုးရတစ်ရပ်နှင့် ခုခံကာကွယ်ရေးစစ်ပွဲအတွက် အပေါ်ထပ်ဖွဲ့စည်းပုံအား ထူထောင်လာနေခဲ့ကြသည်ကို မြန်မာနိုင်ငံပဋိပက္ခများအား နိုင်ငံတကာမှ လေ့လာနေကြသူအများစုက နားလည်သိရှိနေကြပြီး ဖြစ်သည်။

နိုင်ငံတကာအသိုက်အဝန်းအတွက် မြင်သာမှုနည်းပါးနေသည်မှာ စစ်တပ်က ထိန်းချုပ်ထားသည့် အုပ်ချုပ်သူများ၏ နေရာတွင် အစားထိုးဝင်ရောက်လာသော အတိုက်အခံများနှင့် ချက်ဆက်မှုရှိသည့် ဒေသန္တရအစိုးရများ ကိုယ်ပိုင်ထူထောင်မှုဖြင့် ထွန်းကားလာနေခြင်း ဖြစ်သည်။

ဒေသဆိုင်ရာထိန်းချုပ်မှု၏ ဗျူဟာမြောက် လောင်းကြေးထပ်မှုများ

======================================================

ပြောမထွက်နိုင်အောင်ဆိုးရွားသည့် ရက်စက်ကြမ်းကြုတ်မှုများ၏ဘေးတွင်၊ လူအင်အားနည်းပါးလာပြီး ကျုံ့ဝင်နေသည့် စစ်တပ်အတွက် ဒေသန္တရအုပ်ချုပ်ရေးနှင့် ပတ်သက်၍ ၎င်း၏ ဗျူဟာမြောက် စိုးရိမ်ပူပန်မှုရှိခြင်းများက မှားယွင်းခြင်း မရှိပါချေ။ နေရာဒေသအသီးသီးတွင် အုပ်ချုပ်ရေးအရထိန်းချုပ်မှုကို အာဏာသိမ်းစစ်အုပ်စုက စုစည်းအားဖြည့်လာခြင်းမှ ကာကွယ်တားဆီးရန်မှာ နိုင်ငံအတွင်း စုံလင်ကွဲပြားသော လူကြိုက်များသည့် ခုခံတော်လှန်မှု၏ အဓိကကျသည့် ဦးတည်ချက်တစ်ခု ဖြစ်သည်။

သမိုင်းကြောင်းအရ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်အဆက်ဆက်က၊ ဒေသခံ ရပ်ရွာအသိုက်အဝန်းများအား ဖိနှိပ်ချုပ်ချယ်ရန်နှင့် စစ်တပ်၏ထိန်းချုပ်မှုအပေါ် ခြိမ်းခြောက်မှုရှိခြင်းများကို ဖော်ထုတ်ရန်နှင့် ဖယ်ရှားရှင်းလင်းရန်အတွက်၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ရဲများအပေါ် မှီခိုအားထားလေ့ ရှိခဲ့သည်။

ထို့ကြောင့် ခုခံတော်လှန်ရေးအတွက် အဓိကကျသည့် အောက်ခြေလူထုအဆင့်တွင် ဦးစားပေးလုပ်ဆောင်ရန် ကြိုးပမ်းနေခဲ့ကြသည်မှာ –

• ဒေသန္တရအုပ်ချုပ်ရေး ဖွဲ့စည်းမှုများအပေါ် စစ်အုပ်စု၏ ထိန်းချုပ်မှုပြုလာခြင်းများမှ ကာကွယ်တားဆီးရန်၊

• စစ်တပ်နှင့်ညှိနှိုင်းလုပ်ဆောင်နေကြသည့် နယ်မြေခံ အုပ်ချုပ်ရေးမှူးများနှင့် ရဲဌာနများကို ဖယ်ရှားရှင်းလင်းရန် နှင့်

• ခုခံတော်လှန်ရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေသည့် ဒေသန္တရအုပ်ချုပ်ရေး တည်ဆောက်မှုများကို ထူထောင်ရန် တို့ ဖြစ်ကြသည်။

ယနေ့အထိ ဤလှုပ်ရှားမှု၏ တိုးတက်ဖြစ်ထွန်းမှုများက၊ စစ်အုပ်စုက အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ၎င်း၏ပြိုင်ဘက်များကို ချေမှုန်းနိုင်စွမ်းမရှိခြင်း၏ ထင်ရှားသည့် လက္ခဏာတစ်ရပ် ဖြစ်လာခဲ့ပြီး၊ ခုခံတော်လှန်မှုက စစ်မှန်သည့်အာဏာတွင် အမှန်တကယ်တည်မြဲမှုရှိနေကြောင်းကို ညွှန်ပြချက်တစ်ခု ဖြစ်လာခဲ့သည်။

ဒေသန္တရအဆင့်တွင် ဖိနှိပ်အနိုင်ကျင့်မှုများ၏ မအောင်မမြင်ဖြစ်မှုများက စစ်အုပ်စုအတွက် နောက်ထပ် ဆိုးရွားသည့် သတိပေးချက်တစ်ခု ဖြစ်လာသည်မှာ – အစားထိုးအုပ်ချုပ်မှုစနစ် ကြီးထွားလာမှု၏ ဗဟိုမှချုပ်ကိုင်မှု လျှော့ချထားသည့် သဘောသဘာဝက စစ်တပ်ကို နိုင်ငံရေးမှ ဖယ်ထုတ်ပစ်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဖန်တီးရန်ဟူသည့် ခုခံတော်လှန်မှု၏ ရည်မှန်းချက်ပန်းတိုင်ကို ကိုယ်စားပြုဖော်ပြလျက် ရှိနေခြင်း ဖြစ်သည်။

ထို့ထက် ချက်ချင်းပင်၊ အစားထိုး ဒေသန္တရအုပ်ချုပ်ရေးကို ချဲ့ထွင်ခြင်းက နိုင်ငံတကာ အသိုက်အဝန်း၏ ဝေဖန်နေမှုများအား ရပ်ဆိုင်းသွားစေလိမ့်မည်ဟု စစ်အုပ်စုက မျှော်လင့်ထားသည့် အတုအယောင် အမျိုးသား ရွေးကောက်ပွဲများအား – အနည်းဆုံး လာမည့်နှစ်အထိတိုင် – နောက်ဆုတ်သွားစေရာတွင် အကူအညီဖြစ်စေခဲ့သည်။

ယခင်က ကျင်းပခဲ့သည့် တစ်နိုင်ငံလုံးအနှံ့ ရွေးကောက်ပွဲများကဲ့သို့ အဝေးမှနေ၍ ကျယ်ကျယ်ပြန့်ပြန့် စီမံခန့်ခွဲနိုင်ခြင်းမရှိသည့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အတွက် ၎င်း၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ – စစ်တပ်၏ ရုပ်သေးများက လွှတ်တော်ကို ချုပ်ကိုင်ထားနိုင်စေရေး သေချာစေရန် အဓိက ပါတီများကို ဖယ်ထုတ်ထားသည့် “ပြိုင်ပွဲ” အဖြစ် – အဓိပ္ပါယ်မဲ့စိတ်ပျက်စရာ ရလဒ်များထွက်ရှိသော်လည်း အမြင်အရလက်ခံနိုင်သည့် ရွေးကောက်ပွဲသာ ဖြစ်သည်ဟု နားလည်လာခဲ့သည်။

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲနှင့် ရှေ့မတိုးသာနောက်မဆုတ်သာ သတ်ဖြတ်မှုဗျူဟာတို့က၊ ယာယီ တည်ငြိမ်မှုကိုပင် ဖြစ်ထွန်းစေလိမ့်မည် မဟုတ်ကြောင်း အသိအမှတ်ပြုရန် နိုင်ငံတကာ အသိုက်အဝန်းအား အကြံကောင်းပြုရမည် ဖြစ်သည်။ အနာဂတ်အတွက်နှင့် ပတ်သက်လာလျင်၊ တိုင်းပြည်၏ လာမည့်အစိုးရများအတွင်း ဤကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုကို လုပ်‌ဆောင်ခဲ့ကြသူများအတွက် တရားဝင်နေရာ ရှိလာလိမ့်မည် မဟုတ်ပေ။

ကိုယ်ပိုင်အုပ်ချုပ်မှုက အဓိကကကျသည့် အောက်ခြေလူတန်းစားမှ ထွန်းကားလာသည်

====================================================================

မကြာသေးမီက အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး မဏ္ဍိုင်အဖွဲ့ (ယူအက်စ်အိုင်ပီ) နှင့် အခြားအဖွဲ့အစည်းများက လုပ်ဆောင်ခဲ့သည့် လေ့လာမှုများ အများအပြားက၊ ခုခံတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက် ကိုင် တပ်ဖွဲ့များက စစ်အုပ်စု၏မြေပြင်တပ်ဖွဲ့များအား ထိန်းထားနိုင်စွမ်းရှိသည့် မြန်မာ့ကျေးလက်ဒေသ ပဋိပက္ခဖြစ်ပွားရာ ဒေသများ၏ ထက်ဝက်ကျော်တွင် ကိုယ်ပိုင်အုပ်ချုပ်မှုက ပုံမှန်နှင့်တဖြည်းဖြည်း ဖွံ့ဖြိုးလာနေသည်မှာ မှန်ကန်ကြောင်း အတည်ပြုထားကြသည်။

အဆိုပါဒေသများတွင် အရပ်သားလူထုအား ခြိမ်းခြောက်သည့် ကြိုးပမ်းမှုအတွင်း စစ်တပ်က လေကြောင်းအင်အားနှင့် အမြောက်ကြီးများကို တိုး၍သာ အားကိုးအားထား ပြုလာကြသည်။ အချို့သောဒေသများတွင် စစ်အုပ်စုဆန့်ကျင်ရေး ဒေသခံများက ၎င်းတို့၏အပိုင်းအတွက် ရိုးရာအစဉ်အလာများကို အဓိကထား အားကိုးလာကြသည်။

ကချင်၊ ကရင်၊ ချင်းနှင့် ရှမ်းပြည်နယ်၏ အချို့အစိတ်အပိုင်းများကဲ့သို့သော အဓိက လူနည်းစုတိုင်းရင်းသားဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်မှု၏ အတိုင်းအတာက ဆယ်စုနှစ်များစွာတိုင် ရှိနေခဲ့ပြီး ဖြစ်သည်။ ထိုအချက်နှင့် ဆန့်ကျင်ကွဲပြားစွာပင်၊ ဗမာအများစုနေထိုင်ရာ ဒေသခုနစ်ခုပါဝင်သည့် နိုင်ငံ၏ အလယ်ဗဟိုပိုင်းကို သမိုင်းကြောင်းအရ များသောအားဖြင့် စစ်တပ်အငြိမ်းစားအများစုကို အလုပ်ခန့်ထားသည့် နေပြည်တော်မှ ပြည်ထဲရေးဝန်ကြီးဌာန၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) က ချုပ်ကိုင်ထားသည်။

အဓိကကျသည့် နယ်မြေဒေသအများစုတွင် လက်နက်ကိုင်တော်လှန်မှုများ မြင့်တက်လာနေခြင်းနှင့်အတူ ထွေအုပ်၏ အဖွဲ့အစည်းအများစုမှာ ပြိုကျပျက်စီးသွားခဲ့ကြပြီး၊ ၎င်းတို့၏နေရာတွင် တော်လှန်ရေးတပ်ဖွဲ့အသီးသီး၏ အကာအကွယ်ပေးမှုအောက်ရှိ ဒေသန္တရအုပ်ချုပ်ရေးဖြင့် အစားထိုးလာလျက် ရှိနေသည်။

နေရာဒေသအများအပြားတွင် အာဏာသိမ်းမှု အစောပိုင်းကာလက ဖွဲ့စည်းခဲ့သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (စီဒီအမ်) မှ အာဏာဖီဆန်ခဲ့ကြသည့် အရပ်ဘက်ဝန်ထမ်းများက ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ ယခုအခါ ပညာရေး၊ ဆေးဝါးကုသမှု၊ လုံခြုံရေးနှင့် အခြားသော ရပ်ရွာဝန်ဆောင်မှုလုပ်ငန်းများအပြင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကိုလည်း ဆောင်ရွက်လျက် ရှိနေကြသည်။

အကြောင်းအရာအသစ် ဖြစ်နေသော်လည်း၊ ကျေးလက်နေရပ်ရွာအသိုက်အဝန်းများတွင် ဒေသခံပရဟိတအဖွဲ့များ၊ ကိုယ်ထူကိုယ်ထ အသင်းအဖွဲ့များနှင့် ဘာသာရေးအဖွဲ့များက စီမံအုပ်ချုပ်သည့် ရှည်လျားသော လူမှုဖူလုံရေးသမိုင်းကြောင်း ရှိနေခဲ့ပြီး၊ ရပ်ရွာအတွင်း အပြန်အလှန် စာနာမှုဖလှယ်ခြင်းနှင့် ပစ္စည်းလဲလှယ်သုံးစွဲမှု အစဉ်အလာများဖြင့် ရေရှည်တည်တံ့စေရန် ထိန်းသိမ်းထားကြလေ့ရှိသည်။

မကြာသေးမီက ချင်း၊ စစ်ကိုင်းနှင့် ရခိုင်တို့တွင် ပြုလုပ်ခဲ့သည့် လေ့လာမှုများအရ နိုင်ငံအဆင့် ပျက်ကွက်မှုများအတွက် ဖြည့်ဆည်းဝင်ရောက်လာသည့် ဤဓလေ့က အာဏာသိမ်းပြီးနောက်ပိုင်းတွင် သိသိသာသာ အရှိန်အဟုန်မြင့်လာခဲ့ကြောင်း တွေ့ရှိရသည်။ ထိုအချက်က ဒေသခံရပ်ရွာ အသိုက်အဝန်းများ၏ ရေရှည်ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းကို တည်တံ့ခိုင်မြဲစေမှု၊ တော်လှန်ရေးအင်အားစုအား ထောက်ခံပံ့ပိုးမှုနှင့် စစ်အာဏာရှင်အုပ်စုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများကို ပံ့ပိုးကူညီမှုများတွင် အလွန်အရေးပါသည့် အချက် ဖြစ်လာသည်။

မကွေးတိုင်း၊ ကရင်နီ၊ ကချင်နှင့် ကရင်ပြည်နယ်တို့ကဲ့သို့ အခြားသော အဓိက တော်လှန်ရေးနယ်မြေများတွင်လည်း အလားတူဖြစ်သည်မှာ သံသယရှိစရာမလိုသည့် အမှန်တရားပင် ဖြစ်သည်။

ဖက်ဒရယ်စနစ်အတွက် အခြေပြုပြင်ဆင်ခြင်း

===========================================

ခေတ်သစ်မြန်မာနိုင်ငံတွင် ဖြစ်ထွန်းလာနေသည့် ဒေသန္တရအုပ်ချုပ်ရေး ဖွဲ့စည်းမှုပုံစံများက တသီးတသန့်နှင့် တစ်မူထူးခြားမှု ရှိနေသည်။ ကိုလိုနီလက်အောက်ခံ သို့မဟုတ် လွတ်လပ်သည့်နိုင်ငံအဖြစ် ရှိနေခဲ့သည့် ၎င်း၏နှစ်ကာလအများစုအတွက် အုပ်ချုပ်ရေးဆိုသည်မှာ တင်းကျပ်သည့် ဗဟိုချုပ်ကိုင်မှု၏အောက်တွင် ရှိနေခဲ့ခြင်းဖြစ်ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် မရှိမဖြစ်လိုအပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသန္တရအုပ်ချုပ်ရေး၏ တတိယအဆင့်မှာ ကင်းမဲ့ပျောက်ကွယ် နေခဲ့သည်။

၁၉၄၉ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ကိုလိုနီခေတ် အုပ်ချုပ်ရေးကို အစားထိုးရန် ရည်ရွယ်ချက်ဖြင့် ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး ဥပဒေကို ၁၉၅၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို ပိုမိုရရှိခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာရလာသည့်အခါ ယင်းဥပဒေကို ရုပ်သိမ်းခဲ့ပြီး စစ်အုပ်စုအဆက်ဆက်၏ လက်အောက်တွင် မကြာခဏဆိုသလို မြေယာသိမ်းဆည်းမှုနှင့် အတင်းအဓမ္မ နှင်ထုတ်ခြင်းများကို ဒေသခံထွေအုပ်အရာရှိများက ကြီးကြပ်ကွပ်ကဲခဲ့ကြသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ဘာသာရေးနှင့် လူနည်းစု တိုင်းရင်းသားလူမျိုးစုများကို ဒုတိယတန်းစားနှင့် တတိယတန်းစား နိုင်ငံသားများအဖြစ် နှိမ့်ချသတ်မှတ်ပေးသည့် ခွဲခြားဆက်ဆံမှုဖြင့် သီးခြားအမျိုးသားရေး လက္ခဏာတစ်ရပ်ကို ထူထောင်ရာတွင် စစ်တပ်၏ လှံထိပ်ဖျားပိုင်း ဖြစ်လာခဲ့သည်။

ဤသမိုင်းကြောင်းက ယနေ့အခါ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများမှ မိမိတို့ကိုယ်ကို ကာကွယ်ရန်သာမက၊ အဂတိလိုက်စားမှုနှင့် အရည်အချင်းမရှိသည့် စစ်တပ်ကကြီးစိုးသော အုပ်ချုပ်မှုယန္တရားကို အစားထိုးရန်အတွက် တိုက်ပွဲဝင်နေကြသည့် ယနေ့ဒေသခံရပ်ရွာအသိုက်အဝန်းများ၏ အားကောင်းသည့် ခုခံတော်လှန်မှုတွင် အင်အားဖြစ်စေရန် လှုံ့ဆော်မှုပေးနေသည်။ ဤခံစားမှုအရ၊ ပေါ်ထွန်းလာသည့် ဒေသန္တရအုပ်ချုပ်ရေးဖွဲ့စည်းပုံများက ဥပဒေအရအုပ်ချုပ်သည့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို ဖန်တီးရာတွင် ခုခံတော်လှန်မှု၏ အမျိုးသားရေးရည်မှန်းချက်များနှင့် တိုက်ရိုက်ဆက်နွယ် စည်းနှောင်လျက် ရှိနေသည်။

ဒေသန္တရအဆင့်တွင် ရင်ဆိုင်နေရသော ခုခံတော်လှန်မှုအုပ်ချုပ်ရေးက စိန်ခေါ်မှု

=================================================================

အဓိကကျသည့် အခြေခံလူတန်းစားများက အစပြုခဲ့သည့် ဒေသန္တရအုပ်ချုပ်ရေး၏ ပေါ်ထွန်းလာနေသည့် ဖွဲ့စည်းပုံများက၊ အင်အား၊ စွမ်းဆောင်ရည်နှင့် ၎င်းတို့ပေးဆောင်နေသည့် ဝန်ဆောင်မှုများတွင် ကျယ်ပြန့်စွာ ကွဲပြားခြားနားလျက် ရှိနေကြသည်။ အချို့မှာ အခြေတည်စ မတည်မငြိမ်ဖြစ်နေသည့် အဆင့်တွင် မကြာခဏ စစ်ဘက်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ကျိုးကြေသွားခဲ့ကြရသည်။

ပို၍ခိုင်မာမှုရှိသည့် ဖွဲ့စည်းမှုများတွင် ပညာရေး၊ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု၊ ပြည်တွင်းနေရပ်စွန့်ခွာခဲ့ကြသူ (အိုင်ဒီပီ) များအတွက် အကူအညီပေးမှုနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် ပံ့ပိုးမှုများ ပေးအပ်ရာတွင်ပင် ရပ်ရွာဝန်ဆောင်မှုများကို စီမံခန့်ခွဲမှု ပြုနိုင်ခဲ့ကြသည်။

ဥပမာအားဖြင့်၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ယူအက်စ်အိုင်ပီ၏ အချက်အလက်များအရ မကွေးတိုင်းအတွင်းရှိ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏အောက်တွင် ခုခံတော်လှန်ရေး၏ ပညာရေးဝန်ဆောင်မှု ပေးသူများက ကျောင်းသားပေါင်း ၇၈,၀၀၀ ကို လူကိုယ်တိုင်နှင့် ၂,၆၀၀ ကို အင်တာနက်ချိတ်ဆက်မှုမှတဆင့် ဝန်ဆောင်မှုပေးလျက် ရှိသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အများစုတွင်၊ ရဲလုပ်ငန်းနှင့် စစ်ရေးအရ အကာအကွယ်ရရှိရေးအတွက် ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့များက တော်လှန်ရေးတပ်ဖွဲ့များအပေါ် မှီခိုအားထား နေကြရသည်။ ခုခံတော်လှန်မှုနှင့် တော်လှန်ရေး၏ ကျယ်ပြန့်သည့် အခြေအနေအောက်တွင် မြှုပ်နှံထားသည့် အဆိုပါအဖွဲ့များက လက်နက်ကိုင်အတိုက်အခံများနှင့် ပူးပေါင်းဆောင်ရွက်လျက်၊ စစ်အုပ်စုလက်အောက်မှ အရာရှိများအား ရာထူးမှနုတ်ထွက်ရာတွင် ပံ့ပိုးအားပေးကာ၊ ထောက်လှမ်းရေးသတင်းများကို စုဆောင်းကြရသည်။

အမျိုးသားညီညွတ်ရေး အစိုးရ (အန်ယူဂျီ) ထံမှ ရရှိသည့် ပံ့ပိုးပေးမှု၏ အတိုင်းအတာက ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် တည်ငြိမ်ခြင်းရှိမှုအရ ထိရောက်မှုကိုလိုက်၍ ကွဲပြားလေ့ရှိသည်။

သေချာသည်မှာ၊ ဤဒေသခံများ၏ ကြိုးပမ်းအားထုတ်မှုများက အဓိကကျသည့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်။ အရေးကြီးသည့်အချက်တစ်ခုမှာမှာ အရင်းအမြစ်များ၏ အကန့်အသတ်ရှိမှု ဖြစ် သည်။ ဥပမာအားဖြင့်၊ အဆိုးရွားဆုံးသော စစ်ဘက်ဆိုင်ရာ ရက်စက်ကြမ်းကြုတ်မှုများကို ခံစားနေကြရသည့် စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် ဒေသန္တရအုပ်ချုပ်ရေး ဆောင်ရွက်နေကြသူများအနေဖြင့် နိုင်ငံတကာ အကူအညီများ ရရှိရေးတွင် လက်လှမ်းမမီသလောက်ပင် ဖြစ်နေရသည်။ ဥပမာတစ်ခုအနေဖြင့် ၂၀၂၂ ခုနှစ် တစ်လျှောက်လုံး စစ်ကိုင်းတိုင်းသို့ စားနပ်ရိက္ခာ ထောက်ပံ့ပေးမှုက အိန္ဒိယနယ်စပ်တစ်လျှောက်ရှိ မြို့နယ်များသို့သာ ရောက်ရှိခဲ့ပြီး၊ ပြည်တွင်းနေရပ်စွန့်ခွာခဲ့ရသူ အိုင်ဒီပီများ၏ ၁၀ ရာခိုင်နှုန်းနှင့် ထိုဒေသရှိ အိုင်ဒီပီမဟုတ်သော အားနည်းထိခိုက်လွယ်သူများ၏ ၈ ရာခိုင်နှုန်းမျှကသာ ရရှိခဲ့ကြသည်။

မကြာခဏဆိုသလိုပင်၊ ခုခံတော်လှန်ရေးဖွဲ့စည်းမှုများသည် ဒေသန္တရအုပ်ချုပ်ရေးအာဏာကို တောင်းဆိုနေကြသည့် အမျိုးမျိုးသော အရပ်ဘက်လက်နက်ကိုင်တော်လှန်ရေး အစိတ်အပိုင်းများနှင့်လည်း ထိတွေ့ဖြေရှင်းရန် လိုအပ်သည်။ ဤအငြင်းပွားမှုများကို အန်ယူဂျီက ဖြေရှင်းရန်ကြိုးပမ်းနေသော်လည်း၊ တော်လှန်ရေးလှုပ်ရှားမှု၏ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၏ သဘောသဘာဝကို လေးစားလိုက်နာရန် လိုအပ်သောကြောင့် အတားအဆီး ဖြစ်နေရသည်။

အချို့သောနယ်မြေဒေသများတွင် အန်ယူဂျီနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအကြား၊ အထူးသဖြင့် တိုင်းရင်းသားအဖွဲ့များ၏ လှုပ်ရှားမှုများက သတ်မှတ်ထားသည့် ပြည်နယ်နယ်နိမိတ်များထက် ကျော်လွန်နေသည့် နေရာဒေသများတွင်၊ တစ်ခုနှင်တစ်ခုထပ်နေသည့် စီရင်မှုများကလည်း ဒေသန္တရအုပ်ချုပ်ရေးကို ရှုပ်ထွေးစေသည်။

မြေပြင်မှ ရရှိသည့် သင်ခန်းစာများ

============================

ကျေးလက်ဒေသ အသိုက်အဝန်းများအတွင်း ပေါ်ထွန်းလာနေသည့် ဒေသန္တရအုပ်ချုပ်ရေးကို လေ့လာရာမှ အထင်အရှား တွေ့ရှိလာရသည့် သင်ခန်းစာသုံးခုရှိသည်။

ပထမတစ်ခုမှာ၊ ဤဖွဲ့စည်းမှုအသစ်များသည် ခုခံတော်လှန်မှုက ထောက်ခံအားပေးနေသည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဆီသို့ လျှောက်လှမ်းရာတွင် အရေးကြီးသည့် ခြေလှမ်းတစ်ရပ် ဖြစ်သည်။ အကယ်၍ ၎င်းတို့၏ ဖွံ့ဖြိုးလာမှုကို ထိရောက်သည့် အရပ်သားထိန်းချုပ်မှုဆီသို့ လမ်းကြောင်းလွှဲပေးနိုင်ပါက၊ ၎င်းတို့သည် ဒေသန္တရအဆင့်တွင် တဖြည်းဖြည်း ပျံ့နှံ့လာနေသည့် စစ်ပုံသွင်းဖွဲ့စည်းမှုများအတွက် အင်အားကြီးမားသည့် တန်ပြန်ချိန်ညှိမှုတစ်ခုအဖြစ် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ဒုတိယအချက်မှာ၊ ရပ်ရွာအုပ်ချုပ်ရေးအပေါ် စစ်အုပ်စု၏ချုပ်ကိုင်မှု လျော့နည်းသွားခြင်းက ၎င်း၏ ရွေးကောက်ပွဲ အစီအစဉ်ကို ရှုပ်ထွေးလာစေသည်။ မဲရုံဝန်ထမ်းများမှာ စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေသည့် နယ်မြေဒေသများသို့ လွတ်လပ်စွာဝင်ရောက်ခွင့်ကို ဆုံးရှုံးနေကြရသည်။ ထို့အပြင်၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးရုံးများကို စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကြောင့် မဲဆန္ဒရှင်စာရင်း ပြုစုရန်အတွက် လိုအပ်သောမှတ်တမ်းများ၏ အရေးကြီးသည့် အစိတ်အပိုင်းများမှာ ဖျက်ဆီးခံခဲ့ရသည်။ ကျင်းပရန် ဖြစ်လာနိုင်ခဲ့လျင်ပင်၊ ရွေးကောက်ပွဲများက တည်ငြိမ်မှုကို ဆောင်ကြဉ်းပေးရန်ထက် ပိုမိုကြီးမားသည့် ပဋိပက္ခနှင့် မငြိမ်မသက်မှုများကိုသာ ဖန်တီးလာဖွယ်ရာ ရှိနေသည်။

တတိယအချက် အနေဖြင့်၊ စစ်ရေးအရ အကြမ်းဖက်မှုဒဏ်ခံနေရသည့် ထိလွယ်ခိုက်လွယ်အားနည်းနေသူလူထုအား ကူညီထောက်ပံ့ရန် နိုင်ငံတကာအသိုက်အဝန်းမှ ကြိုးပမ်းနေကြသူများအနေဖြင့်၊ ခုခံတော်လှန်မှု၏ ဒေသန္တရအစိုးရများကို လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် အားကောင်းသည့် လမ်းကြောင်းတစ်ခုအဖြစ် ရှုမြင်သင့်ကြသည်။ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့အစည်းများသည် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အကူအညီပေးရေးအဖွဲ့များနှင့်သာမက ခုခံတော်လှန်ရေးအဖွဲ့များနှင့်လည်း နီးကပ်စွာ ချိတ်ဆက်လျက် ရှိနေကြသည်။

မြန်မာတို့၏ မိရိုးဖလာအရ ရပ်ရွာအသိုက်အဝန်းများအကြား အပြန်အလှန်ဖလှယ်မှု၊ အရင်းအမြစ်များကို မျှဝေရယူမှုနှင့် လိုအပ်နေသူများအား ဧည့်ဝတ်ကျေပွန်မှုတို့ကြောင့်၊ ငွေကြေးအရင်းအမြစ်များကို အဆိုပါ ရပ်ရွာအဖွဲ့အစည်းများသို့ ပေးအပ်ခြင်းက ၎င်းတို့ဝန်ဆောင်မှုပေးနေသည့် ရပ်ရွာလူထုအတွက် အကောင်းဆုံးအသုံးချသွားလိမ့်မည်ဖြစ်ကြောင်း အာမခံမှုအဖြစ် ရှိနေသည်။

( မေလ ၁၁ ရက်နေ့ The United States Institute of Peace (USIP) တွင် ရေးသားသော Priscilla A. Clapp and Arkar Hein တို့၏ “Amid the Fight for Myanmar, Federalism Rises from the Grass Roots” ကို ဆီလျှောအောင် ဘာသာပြန်ဆိုသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article