ကျိုက်ဒုံမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ မေ ၂၈
ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့တွင် အကြမ်းဖက် စစ်တပ်က လက်နက်ဖြင့် ပစ်ခတ်သောကြောင့် ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။
မေလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာ ခရိုင် တပ်မဟာ (၆) ကျိုက်ဒုံမြို့တွင် အကြမ်းဖက် စစ်တပ်၏ ကျိုက်ဒုံ အခြေစိုက် စကခ ၁၃ ဒု-ဗျူဟာမှူး သော်ဇင်နိုင် ဦးဆောင်သည့် တပ်ဖွဲ့မှ ၆၀ မမ လက်နက်ကြီးများဖြင့် ပြည်သူလူထုများနေထိုင်ရာ နေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် ကျိုက်ဒုံမြို့ တံတားထိပ် လမ်းခွတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျိုက်ဒုံမြို့ အမှတ် ၁ ရပ်ကွက်နေ အသက် ၁၃ နှစ်အရွယ် မောင်သန်းနိုင်ဦး မှာ နောက်ကျော မှ ရှေ့လည်မျို ကျည်စ ဖောက်ထွက် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကျိုက်ဒုံမြို့ အမှတ် ၁ ရပ်ကွက်နေ အသက် ၈ နှစ်အရွယ် မောင်သန်းဦးသည် ဦးခေါင်း နှင့် လက်ဖမိုး ကျည်စ ရှပ်ထိ ဒဏ်ရာဖြင့် ဆေးရုံ၌ ကုသမှု ခံယူနေရကြောင်း သိရှိရသည်။