မိုးဗြဲမြို့တွင် ခမရ ၄၂၂ တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၃ ဦးဒဏ်ရာရ
ရန်ကုန်၊ မေ ၃၀
ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် အကြမ်းဖက် စစ်တပ်၏ မိုးဗြဲ အခြေစိုက် ခမရ ၄၂၂ တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း မိုးဗြဲပြည်သူ့ ကာကွယ်ရေး တပ်က ထုတ်ပြန်ထားသည်။
မေလ ၂၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ မိုးဗြဲ အခြေစိုက် ခမရ ၄၂၂ တပ်က တာဝေးပစ် လက်နက်ကြီး အလုံး ၂၀ ထက်မနည်း ပစ်ခတ်ခဲ့ရာ အသက် ၁၁ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးပြီး ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်နက်ကြီးထိမှန်မှုကြောင့် ပြည်သူ့ပိုင် နေအိမ်အချို့လည်း ထပ်မံ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးဗြဲမြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ အပြစ်မဲ့ ပြည်သူများကို ဦးတည်တိုက်ခိုက်လာသော အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်သည် စက်စုပ်ရွံ့စရာကောင်းကြောင်း၊ စစ်ရေး တင်းမာမှုကြောင့် မိုးဗြဲကိုဖြတ်သန်းသွားလာသော ခရီးသွား မိဘပြည်သူများနှင့် စစ်ဘေးရှောင် ပြည်သူများအနေဖြင့် လုံခြုံရေးကို အထူးဂရုပြုကြရန် လေးနက်စွာ သတိ ပေးအပ်ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ထုတ်ပြန်ထားသည်။