သရက်ချောင်းတွင် ကင်းလှည့်နေသည့် စစ်သားများ မိုင်းနင်းမိပြီး ၁ ဦးသေဆုံး၊ ငါန်းဇွန်မြို့နယ်တွင် စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ မေ ၃၀
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီးကျေးရွာတွင် ကင်းလှည့်နေသော စစ်သားများ မိုင်းနင်းမိပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင်ရေး အဖွဲ့ထံမှ သိရသည်။
မေလ ၁၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် သဲချောင်းကြီး ရဲကင်းစခန်းမှ ထွက်လာသည့် စစ်သားများ ကင်းလှည့်နေစဥ် ဒေါင်းမင်း စစ်ဆင်ရေးအဖွဲ့က ထောင်ထားသည့် မိုင်းနင်းမိပြီး စစ်ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ထားဝယ်မြို့ စစ်ဆေးရုံကို ပို့ဆောင်စဥ် တပ်သားမှာ လမ်းခရီး၌ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ယင်း ရဲကင်းစခန်းမှ စစ်သားများသည် ရှောင်တခင်ကင်းလှည့်ခြင်းများ ပြုလုပ်လေ့ရှိပြီး တော်လှန်ရေးရဲဘော်များ၏ မိသားစုဝင်တွေကို ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ငွေကြေး တောင်းခံခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း MN PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
မေလ ၂၇ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်တွင် ငါန်းဇွန်မြို့နယ် ကုန်းလည်ရွာ မှ နတ်ကြီးရွာကို လာသည့် အကြမ်းဖက် စစ်တပ်မှ အင်အား ၄၀ ခန့်ပါ ကား ၃ စီးကို တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး ပွိုင့် ၂ ပွိုင့် နေရာယူ၍ ပဒေသာမိုင်း ၁၅ လုံးဆွဲ၍ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မူကို မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း MN PDF၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)၊ ငါန်းဇွန်မြို့နယ် (ပ.က.ဖ)၊ Special Tesk Force (Nga Zun -PDF)၊ ဖက်ဒရယ် ညီကိုပြည်သူ့ကာကွယ်ရေးနှင့်ထုတ်လုပ်ရေးအဖွဲ့၊ ပြည်သူ့အင်အားပြောက်ကျားတပ်ဖွဲ့၊ Myaung Ms PDF၊ ငန်းနက် ပြောက်ကျားတပ်ဖွဲ့၊ နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့နှင့် TGYR တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။