38 C
Yangon

ကျိုက်ထို၊ သိမ်ဇရပ်မြို့ လမ်းဆုံတွင် စစ်သားတစ်ဦးနှင့် ဆိုင်ကယ်ချင်း တိုက်မိသည့် မောင်ချစ်လေးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းပြန်ပေးကာ ငွေ ၂ သိန်းတောင်း

Must read

ကျိုက်ထို၊ သိမ်ဇရပ်မြို့ လမ်းဆုံတွင် စစ်သားတစ်ဦးနှင့် ဆိုင်ကယ်ချင်း တိုက်မိသည့် မောင်ချစ်လေးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းပြန်ပေးကာ ငွေ ၂ သိန်းတောင်း

ရန်ကုန်၊ ဇူလိုင် ၂၀

မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ၊သိမ်ဇရပ်မြို့ ကားဂိတ်လမ်းဆုံတွင် အမြောက်တပ် ၃၁၀ မှ စစ်သားတစ်ဦးနှင့် ဆိုင်ကယ်ချင်း တိုက်မိသည့် မောင်ချစ်လေးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ပြီး အလောင်းပြန်ပေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင် ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် သိမ်ဇရပ်တွင် ဈေးဝယ်၍ ပြန်လာသည့် အသက် ၂၅ နှစ်အရွယ် မောင်ချစ်လေး၏ ဆိုင်ကယ်နှင့် အမြောက်တပ် ၃၁၀ မှ စစ်သားတစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်တို့ တိုက်မိခဲ့ကြောင်း၊ ဆိုင်ကယ်ချင်းတိုက်မိပြီးနောက် စစ်သားက အမြောက်တပ် ၃၁၀ တပ်မှ စစ်သားများကို ဖုန်းဆက် ခေါ်ယူခဲ့ကြောင်း၊ စစ်သား များ ရောက်ရှိလာသောအခါ မောင်ချစ်လေးကို တပ်ထဲသို့ ဖမ်းဆီးခေါ်ဆောင် သွားပြီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် မောင်ချစ်ဦး သေဆုံးသွားပြီဖြစ်၍ ရုပ်အလောင်း လာယူရန် မိသားစုဝင်များကို အမြောက် တပ် ၃၁၀ တပ်က အကြောင်းကြားလာသဖြင့် မိသားစုဝင်များက အလောင်းသွားရောက်ယူဆောင်ပြီး မီးသင်္ဂြိုဟ်ခဲ့ရကြောင်း၊ အလောင်းထုတ်ယူရာတွင်လည်း စစ်တပ်က ငွေကျပ် ၂ သိန်းတောင်းခံခဲ့ကြောင်း သိရှိရသည်။

အမြောက်တပ်ထဲသို့ ဖမ်းဆီး ခေါ်ဆောင်ခံရပြီး နောက် သေဆုံးသွားသော မောင်ချစ်လေး၏ ရုပ်အလောင်းတွင် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ထားသည့် ဒဏ်ရာများ၊ ခေါင်းပိုင်းတွင် ညိုမည်းစွဲ ဒဏ်ရာ ၊ နှုတ်ခမ်းကွဲ ၊ လည်းပင်း ဂုတ်ပိုး တို့တွင် ညိုမဲစွဲဒဏ်ရာ ၊ ဦးခေါင်းပျော့စိ ဒဏ်ရာ တို့ကို တွေ့ရကြောင်း သိရှိရသည်။

စစ်တပ်က မောင်ချစ်လေး၏ ရုပ်အလောင်းကို ပြန်ပေးသော်လည်း ဆိုင်ကယ်၊ ပိုက်ဆံအိတ်အပါအဝင် မောင်ချစ်လေး၏ ပစ္စည်းပြန်မပေးကြောင်း၊ စစ်တပ်က ရုပ်အလောင်း ထုတ်ပေးရာတွင်လည်း မိသားစုထံမှ ကျပ် ၂ သိန်းတောင်းခံခဲ့ကြောင်း သိရှိရသည်။

မောင်ချစ်လေး သေဆုံးမှုသည် စစ်တပ်က သတ်ဖြတ်မှုကြောင့် သေဆုံးခြင်းဖြစ်သော်လည်း သိမ်ဇရပ် တိုက်နယ် ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ မြတ်ဆုဝေက ရိုးရိုးသာမန် သေဆုံးမှု အဖြစ် သေမှုသေခင်း လက်မှတ် ထုတ်ပေး၍ သဂြိုလ်ခိုင်းခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ မောင်ချစ်လေးမှာ မည်သည့်အဖွဲ့စည်းများ နှင့် သက်ဆိုင်ခြင်း မရှိဘဲ ချောင်းစောက်ရွာတွင် နေထိုင်၍ အိမ်ဆိုင်ဖွင့်ထားသည့် သာမန် စျေးရောင်း ၊ စျေးဝယ် ပြည်သူသာဖြစ်ပြီး ဇနီး ဖြစ်သူ ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

ယခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့ကလည်း သိမ်ဇရပ်မြို့တွင် ကယ်ရီသမား ကိုကျော်ဇင်လတ်နှင့် အမြောက်တပ် ၃၁၀ မှ တပ်ကြပ်ကြီး တင့်ရွှေ (ငြိမ်း) ၏ ချွေးမဖြစ်သူ ဥမ္မာတို့ စကား များခဲ့ကြကြောင်း၊ တပ်ကြပ်ကြီး၏ ချွေးမ ဥမ္မာက အမြောက်တပ် ၃၁၀ မှ စစ်သားများကို ခေါ်ကာ ကိုကျော်ဇင်လတ် ဖမ်းဆီး နှိပ်စက်ခိုင်းခဲ့သဖြင့် ကိုကျော်ဇင်လတ် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article