28 C
Yangon

■ အကြမ်းဖက်စစ်ကောင်စီက ဘဏ္ဍာရေးအကျပ်အတည်းကို လူမိုက်နည်းလမ်းဖြင့် ဖြေရှင်းနေ၍ ပြည်သူများ သတိပြုကြရန် နှိုးဆော်

Must read

နှစ်သောင်းတန် ငွေစက္ကူအသစ် မထုတ်ဟု စစ်ကောင်စီက ငြင်းချက်ထုတ်ခဲ့ပြီး ၁ နှစ်ခွဲအကြာ ငွေစက္ကူအသစ် နှစ်သောင်းတန်ထုတ်ဝေလာ၊ ဘဏ္ဍာရေးအကျပ် အတည်းဆိုက်နေ၍ ငွေစက္ကူ ငါးသောင်းတန်ထုတ်ဝေမှုနှင့် ငွေစက္ကူ ဖျက်သိမ်းမှုများ လုပ်လာနိုင်ဟု စီးပွားရေးပညာရှင် ဦးစိန်ဌေး သတိပေး

■ အကြမ်းဖက်စစ်ကောင်စီက ဘဏ္ဍာရေးအကျပ်အတည်းကို လူမိုက်နည်းလမ်းဖြင့် ဖြေရှင်းနေ၍ ပြည်သူများ သတိပြုကြရန် နှိုးဆော်

ရန်ကုန်၊ ဇူလိုင် ၂၄

မြန်မာနိုင်ငံတွင် ကျပ်ငွေ ၂၀၀၀၀ တန်ထုတ်ဝေမည်မဟုတ်ကြောင်း စစ်ကောင်စီက ငြင်းထုတ်ခဲ့ပြီး ၁ နှစ်ခွဲကျော်အကြာတွင် ငွေစက္ကူအသစ် ၂၀၀၀၀ တန် ထုတ်ဝေလိုက်သဖြင့် စစ်ကောင်စီသည် ငွေကျပ် ၅ သောင်းတန်ထုတ်ဝေမှုနှင့် ငွေစက္ကူများဖျက်သိမ်းမှုများကို လုပ်လာနိုင်ကြောင်း မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောဆိုလိုက်သည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က ငွေကျပ် ၂၀၀၀၀ တန်နှင့် ၅၀၀၀၀ တန်ငွေစက္ကူအသစ်များ ထုတ်ဝေမည်မဟုတ်ကြောင်း၊ သတင်းအမှားဖြစ်ကြောင်း ကြေညာခဲ့ကြောင်း၊ ထို့နောက် ၁ နှစ်ခွဲကျော်အကြာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ဆိုင်းမဆင့်၊ ဘုံမဆင့်ဘဲ ငွေကျပ် ၂၀၀၀၀ တန်ငွေစက္ကူအသစ်များ ထုတ်ဝေလိုက်သဖြင့် စစ်ကောင်စီသည် လူမိုက်နည်းလမ်းဖြင့် ဘဏ္ဍာရေး အကျပ်အတည်းဖြင့် ဖြေရှင်းနေပြီဖြစ်ကြောင်း စီးပွားရေး ပညာရှင် ဦးစိန်ဌေးက ပြောဆိုသည်။

” သူတို့မှာ တရားဝင်ငွေစက္ကူ ထုတ်ဝေခွင့်လည်းမရှိဘူး။ တရားဝင်မှုလည်းမရှိဘူး။ ကတိလည်းမတည်ဘူး။ အဲဒီတော့ ၅၀၀၀၀ တန်မထုတ်ဘူးလို့လည်း မပြောနိုင်သလို ငွေစက္ကူ မဖျက်သိမ်းဘူးလည်း မပြောနိုင်ဘူး။ သူတို့အဖေ ဦးနေဝင်းတောင် ငွေစက္ကူတွေ ဖျက်သိမ်းပြီး အကျပ်အတည်းကို ဖြေရှင်းခဲ့တယ်။ ဒီလို ငွေကြေးဖောင်းပွဲမှု ဂဏန်းနှစ်လုံး Hyper Inflation ဖြစ်နေချိန်မှာ ၂၀၀၀၀ တန် ထုတ်တယ်ဆိုတာ အင်မတန်ကို မိုက်ရူးရဲဆန်တယ်” ဟု မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဌေးကဆိုသည်။

စစ်ကောင်စီက ၂၀၀၀၀ တန်ထုတ်ဝေမှုသည် အမှတ်တရ ထုတ်ဝေမှုဖြစ်ပြီး ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဟု ကြေညာချက်ထုတ်ပြန်သော်လည်း စစ်ကောင်စီ၏ကြေညာမှုသည် အလိမ်အညာသာဖြစ်ကြောင်း ဦးစိန်ဌေးက ထောက်ပြသည်။

“ဘယ်လောက်ပမာဏ ထုတ်မှာလဲ။ တိုင်းပြည်မှာ ငွေကြေးလှည့်ပတ်မှုက ဘယ်လောက်ရှိလဲ။ အဲဒီအထဲမှာမှ မထိခိုက်နိုင်တဲ့ ဘယ်လောက်ပမာဏကို ထုတ်မှာလဲဆိုတာကို ပွင့်လင်းမြင်သာမှုရှိရှိ ချပြသလား၊ ချပြရဲသလား။ မချပြရဲတာ သူတို့ လိမ်ညာနေလို့ပါ” ဟု ဦးစိန်ဌေးက ထောက်ပြပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လာမည့် ဇူလိုင်လ ၃၁ ရက်နေ့မှစတင်၍ ငွေ ၂၀၀၀၀ တန်ငွေစက္ကူအသစ်ကို ဆင်ဖြူတော် မွေးနေ့နှင့် ဘုရားကြီး ပြီးစီးမှု အထိမ်းအမှတ်အဖြစ် ထုတ်ဝေကြောင်း ယမန်နေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- စစ်ကောင်စီက ၂၀၂၁ ခုနှစ်တွင် ငွေကျပ် ၂၀၀၀၀ တန်နှင့် ၅၀၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမည်မဟုတ်ကြောင်း လိမ်လည်ကြေညာခဲ့သည့် ကြေညာချက် နှင့် ငွေစက္ကူအသစ် ၂၀၀၀၀ တန် ထုတ်ဝေသော ယမန်နေ့ ကြေညာချက်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article