29 C
Yangon

ရေဖြူတွင် စစ်တပ်က ပြည်သူ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး စစ်​ကြောင်းထိုးနေ၊ ဖလမ်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ဒဏ်ရာရ

Must read

ရေဖြူတွင် စစ်တပ်က ပြည်သူ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး စစ်​ကြောင်းထိုးနေ၊ ဖလမ်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ သြဂုတ် ၁၂

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတဝိုက်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး စစ်ကြောင်းထိုးနေကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

သြဂုတ်လ ၈ ရက်နေ့မှ စတင်ပြီး နဘုလယ် ရေနက်ဆိပ်ကမ်း တပ်စခန်းမှ အကြမ်းဖက် စစ်သားများက နဘုလယ်ဒေသ တဝိုက်ကို စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် ပြည်သူ ၃၀ ကျော်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် ဖမ်းဆီးသွားသော ပြည်သူများမှာ ထိန်ကြီးရွာနှင့် မူးဒူးရွာမှ အမျိုးသား ၅ ဦး၊ ဝက်ချောင်းရွာမှ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၂ ဦး၊ လဲရှောင်ကျေးရွာမှ အမျိုးသား ၄ ဦး၊ ခမောင်းချောင်းကျေးရွာမှ အမျိုးသားနှင့် အမျိုးသမီး ၃ ဦး၊ ရငဲရွာက အမျိုးသား ၅ ဦးခန့်တို့ဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် အဆိုပါ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝဇွမ်းတောရွာကို ဝင်ရောက်စီးနင်းချိန်၌ ပြည်သူ အများအပြားဖမ်းဆီးခံထားရကြောင်း၊ ထို့ပြင် လဲရှောင်၊ ဝက်ချောင်း၊ ခမောင်းချောင်းရွာတွေမှ နေအိမ်နှင့် စျေးဆိုင်အများအပြားကိုလည်း စစ်သားများက မွှေနှောက်ပြီး ရွှေ၊ ငွေကြေးနှင့် တန်ဖိုးကြီးပစ္စည်းများအပြင် ရွာထဲရှိ ကြက်ဘဲများကိုပါ ခိုးယူသွားကြောင်း သိရှိရသည်။

အဆိုပါ စစ်ကြောင်းသည် ဝဇွမ်းတောရွာ၌ တပ်စွဲထားပြီး လက်နက်ကြီးများဖြင့် အနီးအနားရှိ ကျေးရွာများကို ရမ်းသမ်း ပစ်ခတ်လျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လဲရှောင်၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ရငဲ၊ ဧကနိ၊ ဝဇွမ်းတော ရွာမှ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း CNDF တပ်မဟာ ၂ က ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဖလမ်းမြို့အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၈ မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဆွန်တလာကျေးရွာအတွင်းကို ကျရောက်ခဲ့ပြီး ကျေးရွာနေပြည်သူ Pi Hrang Lian Hluai ၊ Biak Thawng Mang နှင့် Nu Ram Tluan Par တို့ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo – ဖားကန့်မြို့နယ် မှော်ပုံကျေးရွာမှ ပြည်သူများကို အကြမ်းဖက် စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားစဥ်( ပုံအဟောင်းဖြစ်သည်)

ဖားကန့်မြို့နယ် မှော်ပုံကျေးရွာမှ ပြည်သူများကို အကြမ်းဖက် စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားစဥ်( ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article