38 C
Yangon

ကျောက်ကြီးတွင် စစ်တပ်က ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ရွာပေါင်း ၄၀ ကျော်မှ ပြည်သူ ၈၀၀၀ ကျော် စစ်ဘေးရှောင်ထွက်ပြေး နေရ

Must read

ကျောက်ကြီးတွင် စစ်တပ်က ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ရွာပေါင်း ၄၀ ကျော်မှ ပြည်သူ ၈၀၀၀ ကျော် စစ်ဘေးရှောင်ထွက်ပြေး နေရ

ရန်ကုန်၊ သြဂုတ် ၁၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ၄ လတာအတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ပြီး ကျေးရွာများကို စစ်ကြောင်းထိုးနေသဖြင့် ရွာပေါင်း ၄၀ ကျော်မှ ပြည်သူ ၈၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေး နေရကြောင်း ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီထံမှ သိရသည်။

မေလ မှ ဩဂုတ်လ ၁၅ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်မှု ၃၃ ကြိမ်၊ Drone ဖြင့် ၁ ကြိမ် နှင့် လက်နက်ကြီး ၃၇ ကြိမ် ပစ်ခတ်ခဲ့ပြီးလက်နက်ကြီးအလုံးရေ ၄၀၀ လုံးထက်မနည်း ပစ်ခတ်ခဲ့​ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂၀ လုံး ထက်မနည်း ပျက်စီးပြီး ကျောင်းသားကျောင်းသူ ၄ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ ၁၃ ဦး ပြင်းထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ ၁၈ ဦးကို စစ်တပ်က ဖမ်းဆီးထောင်ချခဲ့ပြီး ပြည်သူ ၂ ဦး ကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ကာ် ၃ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်းသိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ် ၂၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပြည်သူပိုင် ဆိုင်ကယ် ၁ စီးနှင့် ဖုန်း ၁ လုံးကို အတင်းအဓမ္မ သိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာပေါင်း ၄၀ ကျော်မှ ပြည်သူများ စစ်ဘေး တိမ်းရှောင်နေရပြီး ကောက်ခံရရှိသော စာရင်းအရ ကျေးရွာပေါင်း ၁၀ ရွာမှ စစ်ဘေးရှောင်ပြည်သူ ၈၀၀၀ နီးပါးရှိကြောင်းသိရသည်။

ကျောက်ကြီးမြို့နယ်တွင် မိုးရာသီကာလ ဖြစ်သည့်အတွက် သဘာဝဘေးဒဏ်ကိုလည်း ခံစားနေရကာ ရေကြီးရေလျှံမှုများ ရင်ဆိုင်ကြုံတွေ့ နေရကြောင်း၊ ရွာပေါင်း ၈ ရွာကျော်မှ နေအိမ် ၆၄၂ လုံး၊ လူဦးရေ ၂၀၀၀ နီးပါး ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း၊ စာသင်ကျောင်း ၃ကျောင်းမှ ကျောင်းသူကျောင်းသား ၃၀၀ ကျော် ကျောင်းတက်ရန်အတွက် အခက်အခဲရှိနေပြီး​ ကျောင်းပိတ်ထားရကြောင်းသိရှိရသည်။

မိုးတွင်းကာလဖြစ်သည့် အတွက် ပြည်သူများသည် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေး ရောဂါ များလည်းဖြစ်ပွားလျက်ရှိပြီး သွားလာရေး အခက်အခဲပြဿနာ၊ စားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုများကို ကြုံတွေ့နေရကြောင်း၊ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်စားသောက်ရန် အလုပ်အကိုင်မရှိခြင်းကြောင့် စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေကြရကြောင်း သိရသည်။

ထို့ကြောင့် အကြမ်းဖက် စစ်တပ်၏ စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်ခြင်းများ ပပျောက်သွားစေရန် စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ဖိအားပေးသွားကြရန်၊ စစ်ဒဏ်၊ ဘဘာဝဘေးဒဏ်ကြောင့် ကျောက်ကြီးမြို့နယ် ရှိပြည်သူလူထုများအတွက် ကျန်းမာရေး၊ ပညာရေးနှင့် စားဝတ်နေရေးအခက်အခဲများအတွက် အကူအညီများ လိုအပ်လျက်ရှိသဖြင့် အကူအညီပေးကြရန် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက တိုက်တွန်းထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article