ထန်တလန်တိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ၊ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ ဩဂုတ် ၂၁
ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ ခလရ ၂၆၉ တပ်ရင်းစခန်းဌာနချုပ်ကို CNA နှင့် CDF ပူးပေါင်းတပ်များက ဩဂုတ်လ ၁၄ ရက်နေ့ တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်၏ ဟောင်ကာဘုံး စခန်း လုံခြုံရေး တပ်ခွဲစခန်းတစ်ခုကို သိမ်းပိုက် နိုင်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် CNA သတင်းရင်းမြစ်က ပြောသည်။
ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Thantlang၊ CDF-Hualngoram ၊ CDF-Zophei ပူးပေါင်း တပ်ဖွဲ့တို့က ခလရ ၂၆၉ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဟောင်ကာဘုံး တပ်ခွဲစခန်းတစ်ခုကို သိမ်းပိုက်ခဲ့ ကြောင်း၊ စစ်ကောင်စီ တပ်ဘက်မှ ၃ ဦးသေဆုံးပြီး စစ်သား ၂ ဦး ဖမ်းဆီးရရှိကာ လက်နက် ၆ လက် သိမ်းဆည်းရရှိခဲ့ ကြောင်း သိရှိရသည်။
ဟောင်ကာဘုန်းစခန်းသိမ်းတိုက်ပွဲအတွင်း ဒဏ်ရာရရှိသော စစ်ကောင်စီတပ် သား ၆၀ဦး ၀န်းကျင်ကိုလည်း ဟားခါးမြို့ ပြည်သူဆေးရုံတွင် ဆေးကုသမှု ခံယူနေကြကြောင်း သိရှိရသည်။
အဆိုပါတိုက်ပွဲတွင် CDF ထန်တလန်မှ ရဲဘော် ၁ ဦးနှင့် CNF -Zophei မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ရကြောင်း၊ စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲ တိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် Kouafo ကျေးရွာ နှင့် Loklung ရွာမှ လူနေအိမ်များနှင့် ဘုရားကျောင်း ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။