34 C
Yangon

နိုင်ငံကို မတည်မငြိမ် ဖြစ်အောင် လုပ်သည့် စီးပွားရေးသမားများကို အရေးယူ သည်ဆိုလျှင် မင်းအောင်လှိုင်၊ ကြူကြူလှနှင့် အောင်ပြည့်စုံ၊ ခင်သီရိသက်မွန် တို့ကို ချန်ထား၍ မရပါ

Must read

နိုင်ငံကို မတည်မငြိမ် ဖြစ်အောင် လုပ်သည့် စီးပွားရေးသမားများကို အရေးယူ သည်ဆိုလျှင် မင်းအောင်လှိုင်၊ ကြူကြူလှနှင့် အောင်ပြည့်စုံ၊ ခင်သီရိသက်မွန် တို့ကို ချန်ထား၍ မရပါ

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းတွင် ဒေါ်လာစျေးမြင့်တက်လာတာ၊ ကုန်စျေးနှုန်းတွေ ကြီးမြင့်လာတာတွေဟာ ဝိသမလောဘ စီးပွားရေးသမား တွေရဲ့ စျေးကစားမှုတွေကြောင့် လို့ အပြစ်တင်ပြီး ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်လာပါတယ်။

စစ်ကောင်စီရဲ့ ကုန်သွယ်ရေးကော်မတီ ဥက္ကဋ္ဌ နဲ့ စီးပွားရေး ကော်မတီများစွာရဲ့ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေတဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဗိုလ်ချုပ် ရန်နောင် စိုး၊ ဘဏ်လုပ်ငန်းရှင်တွေ၊ ဆီလုပ်ငန်းရှင်၊ စက်သုံးဆီ လုပ်ငန်းရှင်တွေ ၊ ရွှေနဲ့ ဒေါ်လာ စီးပွားရေးသမားတွေ အပါအင် စီးပွားရေးသမား ၁၀၀ ထက်မနည်းကို စသုံးလုံးနဲ့ စစ်တပ်က ဖမ်းဆီးပြီး စစ်ဆေးမှု တွေလည်း လုပ်နေတာပါ။

ဒါပေမယ့်လည်း တကယ်တမ်း စစ်တပ်အနေနဲ့ရော၊ ထိပ်ပိုင်း စစ်ဗိုလ်ချုပ် ကြီးတွေအနေနဲ့ရော တိုင်းပြည်မှာ စျေးကစား၊ မတည်မငြိမ် ဖြစ်အောင် လုပ်နေတဲ့ တကယ့်ထိပ်ဆုံးအသိုင်းအ၀ိုင်းကိုတော့ အရေးမယူနိုင်သေးပါဘူး။

အဲဒီမိသားစုကတော့ မင်းအောင်လှိုင်၊ ဇနီး ကြူကြူလှ၊ သားအောင်ပြည့်စုံ၊ သမီး ခင်သီရိ သက်မွန်တို့ဖြစ်ပါတယ်။ တကယ်တော့ တိုင်းပြည်စီးပွားရေးမှာ စစ်တပ်နဲ့ ဝန်ကြီးဌာန တင်ဒါတွေအားလုံးကို အောင်ပြည့်စုံ ဦးစီးတဲ့ မင်းအောင် လှိုင် မိသားစု စီးပွားရေးအင်ပါယာကြီးတစ်ခုလုံးက ဝါးမြိုထားတာလည်း ဖြစ် ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်ကာလ ၁၁ နှစ်အတွင်းမှာ အချမ်းသာ ဆုံး အကြွယ်ဆုံး မိသားစုအဖြစ် မင်းအောင်လှိုင်တို့ မိသားစုက စာရင်းဝင် နေပါတယ်။ စွန့်ဦးတီထွင်သူ မဟုတ် သလို စီးပွားရေးလောကထဲက မဟုတ်ဘဲ လက်နက်ကိုင် အာဏာရပြီး လုပ် ပိုင်ခွင့်များစွာ လက်ဝါးကြီးအုပ်ခြင်း တစ် နည်း အား ဖြင့် လူမိုက်ဆန်ဆန် အာဏာလု နိုင်ငံတော်ဘဏ္ဍာကို ဓားပြ တိုက် ချမ်းသာ လာကြတဲ့ မင်းအောင် လှိုင်နဲ့ အောင်ပြည့်စုံတို့ သားအဖပဲဖြစ်ပါတယ်။

အာဏာရှင် သန်းရွှေဟာ ၂၀၁၁ ခုနှစ်မှာ မင်းအောင်လှိုင်ကို တပ်ချုပ်ရာထူး ပေးအပ်လိုက်ခြင်းဟာ မင်းအောင်လှိုင်တို့ သားအဖအတွက် ချမ်းသာမှု လမ်းစ ဖြစ်ခဲ့တာပါပဲ။

၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်ကာလ စီးပွားရေးလောကမှာ မြေစမ်း ခရမ်း ပျိုး စတင် ဝင်ရောက်ချိန်ကတည်းက အောင်ပြည့်စုံဟာ အဖေဖြစ်သူ မင်းအောင်လှိုင်ရဲ့ အရှိန်အဝါနဲ့ နိုင်ငံတော်ပိုင်တွေကို မတန်တဆ စျေးနဲ့ ငှားရမ်းလုပ်ကိုင်ခဲ့မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ ဥပမာအားဖြင့် ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်ထဲက Yangon ဂယ်လာရီ ပန်းချီပြခန်းနဲ့ စားသောက်ဆိုင်တို့ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ အောင်ပြည့်စုံဟာ Sky One ဆောက်လုပ်ရေးဆိုတဲ့ ကုမ္ပဏီ တစ်ခုကို တည်ထောင်ပြီးတဲ့နောက်မှာ ချမ်းသာမှု လမ်းကြောင်းပေါ် ကိုစတင် ရောက်ရှိလာတာဖြစ်ပါတယ်။ ၂၀၁၄၊ ၂၀၁၅ ခုနှစ် မှာ စစ်တပ်နဲ့ပတ်သက်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို Sky One ကိုပေးရမယ်လို့ မင်းအောင်လှိုင်က နှုတ်မိန့်နဲ့ သူ့တပ်မှူးတွေကို ညွှန်ကြား ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တပ်ပိုင်း ဆိုင်ရာ ဆောက်လုပ်ရေး ပရောဂျက်တွေအားလုံး ရရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ပြင်ဦးလွင် DSTA အဆောင်တွေကို တိုးချဲ့ရာမှာ အောင်ပြည့်စုံဟာ ဘယ်သူနဲ့ယှဉ်ပြိုင်စရာမလိုဘဲ အဆောင် တိုးချဲ့ဆောက်လုပ်ခွင့်ရရှိခဲ့ပါတယ်။

မူလကတော့ အဆောက်အအုံ အသေးလေးတွေ အဆောင်တိုးချဲ့မှု လောက်သာ ပရော ဂျက်လေးတွေ ရရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် မင်းအောင်လှိုင် စစ်အာဏာ သိမ်း ပြီးနောက်ပိုင်းမှာ Sky One ကုမ္ပဏီဟာ မြန်မာပြည်ရဲ့ အကြီးဆုံး စီးပွား ရေးကုမ္ပဏီအဖြစ် နေ့ချင်းညချင်း ရောက်ရှိသွားခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးတဲ့နောက် Sky One ကုမ္ပဏီက တပ်တွင်း လက် နက် ထုတ်လုပ်ရေးစက်ရုံကစလို့ ကြီးမားတဲ့ အဆောက်အအုံနဲ့ ဆောက်လုပ်ရေးတွေအားလုံး ရရှိသွားခဲ့ပါတယ်။

လက်ရှိ ပြင်ဦးလွင်မှာ စစ်တပ်ပိုင်ကုတင် ၅၀၀ ကင်ဆာကု အထူးကုသဆောင် စတင် တည် ဆောက် နေပြီး အဲဒါကို လည်း အောင်ပြည့်စုံကပဲရရှိပါတယ်။ ရန်ကုန်မြို့ မင်္ဂလာဒုံမှာ တည်ဆောက်ခဲ့တဲ့အမှတ် ၁ ကုတင် ၁၀၀၀ အထူးကုသမှုစင်တာကိုလည်း အောင်ပြည့်စုံပဲရရှိခဲ့ပါတယ်။

မကြာသေးခင်မှ ပြီးစီးခဲ့တဲ့ ရန်ကုန်တိုင်း၊ ဒလမြို့နယ် ရခိုင်ချောင်ရေတပ်မှာရှိတဲ့ တော်ပီဒိုစက်ရုံနဲ့ တပ်ဝင်းအဆင့်မြှင့် တင်ရေး ပရောဂျက်၊ နေပြည်တော်မှာ ရုရှားတိုက်လေယာဉ်သစ် ၆ စင်း ထားရှိမယ့် လေယာဉ်ထိန်းသိမ်းရေးရုံ၊ တစ်နိုင်ငံ လုံး လေတပ်ဝင်များအတွင်း ဆောက်လုပ်နေတဲ့ လေတပ်အိမ်ရာစီမံကိန်း၊ လေတပ် လေယာဉ်ကွင်းများ တိုးချဲ့ရေး ပရောဂျက်တွေကိုလည်း အောင်ပြည့်စုံကပဲ ပြိုင်ဘက်မရှိ ရရှိနေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ ကျောက်ဖြူရေနက်စီမံကိန်းနဲ့ပတ်သက်တဲ့ ဆိပ်ကမ်းဆိုင်ရာ ပရောဂျက်တွေမှာလည်း အောင်ပြည့်စုံရဲ့ ကုမ္ပဏီက လုပ်ပိုင် ခွင့်အများအပြားရရှိပါတယ်။ စစ်တွေမှာတည်ဆောက်တဲ့ Jetty စီမံကိန်း ပရောဂျက်တွေကိုလည်း အောင်ပြည့်စုံပဲရရှိပါတယ်။

ရန်ကုန်မြို့မှာ မြ၀တီမီဒီယာစင်တာတည်ဆောက်ရေးလို အရပ်ဘက်ဆောက် လုပ်ရေးတွေမှာလည်း အောင်ပြည့်စုံကပဲ လက်ဝါးကြီးအုပ်ထားပါတယ်။ အခြားသော နိုင်ငံအဆင့် ပရောဂျက်တွေအားလုံးဟာ အောင်ပြည့်စုံဆီ အလိုလိုရောက်ရှိနေတာဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊ စည်ပင်သာယာရေးကော်မတီရဲ့ တောင်ဥက္ကလာပဂေါက်ကွင်း ပြင်ဆင်မှု ပရောဂျက်တောင်မှ မင်းအောင်လှိုင်သား အောင်ပြည့်စုံရဲ့ လက်က မလွတ်ပါဘူး။ ကြီးကြီးသေးသေး စစ်တပ်နဲ့ နိုင်ငံပိုင် ပရောဂျက်မှန်သမျှကို အောင် ပြည့်စုံက လုပ်ကိုင်ပါတယ်။

စွမ်းအင်ကဏ္ဍအနေနဲ့ မင်းအောင်လှိုင် ဖွဲ့စည်းလိုက်တဲ့ ရုရှား စက်သုံးဆီဝယ်ရေး ကော်မတီမှာ အောင်ပြည့်စုံရဲ့ Yetagon Energy Trading ကုမ္ပဏီကို အဖွဲ့ ဝင်အဖြစ် ထည့်သွင်းထားပါတယ်။

အခုနောက်ဆုံး ရုရှားက လက်နက် ဝယ်ယူတင်သွင်းတဲ့ လုပ်ငန်းတွေမှာပါ အောင်ပြည့်စုံနဲ့ လူယုံ မောင်မောင်နိုင်တို့ပါဝင်လာပြီဖြစ်တယ်လို့ တပ် သတင်းအရင်းအမြစ်တွေကဆိုပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ နိုင်ငံပိုင် မြေကွက်တွေကို အောင်ပြည့်စုံ၊ မောင်မောင်နိုင်၊ Sky One စတဲ့ ကုမ္ပဏီ နာမည်၊ လူနာမည်တွေနဲ့ ပြောင်းလဲ ဂရန်ထုတ်ယူမှု တွေရှိနေတယ်လို့ တပ်အရင်းအမြစ်တွေက ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် ၁၈ လကျော်ကြာကာလအတွင်း မင်းအောင်လှိုင်နဲ့အောင်ပြည့်စုံတို့က ပုံစံမျိုးစုံနဲ့ ဂရန်ထုတ်ယူ လွှဲပြောင်းရယူသွားတဲ့ မြေဧရိယာ ဧက ထောင်ချီရှိတယ်လို့ ဆိုပါတယ်။

နဂိုကလည်း Azura Beach Resort (ချောင်းသာ) တို့လို စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ခဲ့ပြီးတဲ့အပြင်လက်ရှိမှာလည်း စီးပွားရေး တင်ဒါလုပ်ငန်းများစွာ လုပ်ခွင့်ရ၊ မြေဧက ထောင်ချီ ပိုင်ဆိုင်တဲ့ မင်းအောင် လှိုင်တို့သားအဖဟာ အာ ဏာသိမ်းမှု ၁၈ လကျော်ကြာကာလအတွင်း စီးပွားဥစ္စာများ ဒီရေအလားတိုးပွားလာနေတာလည်းဖြစ်ပါတယ်။

မင်းအောင်လှိုင်နဲ့ အောင်ပြည့်စုံဟာ ပိုင်ဆိုင်မှုမှာလည်း မြန်မာပြည်ရဲ့ ထိပ် တန်း အချမ်းသာဆုံးနံပါတ်တစ်ဖြစ်သလို လုပ်ငန်းများစွာ လုပ်ကိုင်နေတဲ့အတွက် လုပ်ငန်းလည်ပတ်လုပ်ကိုင်နိုင်မှုမှာလည်း ပြိုင်ဘက်မရှိ ထိပ်တန်း နံပါတ်တစ် စီးပွားရေးကုမ္ပဏီကြီးတွေအဖြစ် လည်ပတ်နေနိုင်တာပါ။

မင်းအောင်လှိုင်နဲ့အောင်ပြည့်စုံတို့ကို အမေရိကန်အပါအဝင် အနောက်နိုင်ငံကြီးတွေ၊ ဥရောပနိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ထားတာမို့ သူတို့တွေအနေနဲ့ စီး ပွားရေးလုပ်ရာမှာ နာမည်မျိုးစုံကို အသုံးပြုပြီး ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့ ကြိုးစားပါတယ်။

ရန်ကုန်ခေတ်သစ်က သိရှိထားတဲ့ မင်းအောင်လှိုင်နဲ့ အောင်ပြည့်စုံတို့ သားအဖ လုပ်ကိုင်တဲ့ ကုမ္ပဏီတွေကတော့ ဘုန်းမြတ်ပြည့်စုံ ၊ Sky One ၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf တို့ဖြစ်ပါတယ်။

အရင်ကတည်းကလည်း Aung Myint Mo Min Insurance Company ၊ MyTel Telecom ရှယ်ယာရှင်၊ Azura Beach Resort၊ A & M Mahar Company Limited ၊ Nyein Chan Pyae Sone Manufacturing & Trading Company Limited ဆိုတဲ့ လုပ်ငန်းများစွာကို ပိုင်ဆိုင်ခဲ့ပြီးသားဖြစ်ပါတယ်။

လက်ရှိအခြေအနေတွေကိုကြည့်ရင် မင်းအောင်လှိုင် အာဏာရှိနေသမျှကာလပတ်လုံး အောင်ပြည့်စုံဟာ ပြိုင်ဘက်မရှိတဲ့ ထိပ်တန်း အချမ်းသာဆုံး သူဌေးကြီးအဖြစ် ရပ်တည်နေပါတယ်။

တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ ၊ စျေးနှုန်းတွေ မှန်ကန်လာဖို့နဲ့ ပြိုကျ ပျက်စီးနေတဲ့ နိုင်ငံတော်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို အမှန်တကယ် ပြန်ရောက်ဖို့ လိုလားတဲ့ စစ်ဗိုလ်ချုပ်တွေအနေနဲ့ စဉ်းစားရမှာက တကယ်တမ်းကို တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်ပြီး မတည်မငြိမ်ဖြစ်အောင် လုပ်နေတဲ့ သူကို တကယ်အရေးယူချင်တယ်ဆိုရင်တော့ မင်းအောင်လှိုင် မိသားစုကို အရေးယူရမယ်ဆိုတာပါပဲ။

လက်ရှိ စစ်ကောင်စီအတွင်း ဖြစ်ပေါ်နေတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ စီးပွားရေး သမား တွေကို အရေးယူမှုတွေက တိုင်းပြည် စျေးနှုန်းတည်ငြိမ်ရေး အကြောင်း ပြ ထားတဲ့ စီးပွားရေးစားကျက်လုပွဲရဲ့ နောက်ဆက်တွဲသာဖြစ်ပြီး တကယ်တမ်း နိုင်ငံ့ စီးပွားရေးကို လက်ဝါးကြီးအုပ်ထားတဲ့ မင်းအောင်လှိုင်မိသားစုကို အရေး မယူနိုင်သမျှ ကာလပတ်လုံး စီးပွားရေးတစ်ခု လုံး ဆက်လက် မတည်မငြိမ် ပျက်စီး ပြိုကျနေဦးမှာဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article