မြင်းမူမြို့နယ်တွင် စစ်တပ် စစ်ကြောင်းက ပြည်သူ ၃ ဦးနှင့် တော်လှန်ရေး ရဲဘော် ၁ ဦးကို ပစ်ခတ် သတ်ဖြတ်
ရန်ကုန်၊ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူ ၃ ဦးနှင့် တော်လှန်ရေး ရဲဘော် ၁ ဦး ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း Moe Nyo Revolution Force MNRF ထံမှ သိရသည်။
စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြင်းမူမြို့နယ်၊ ညောင်ရင်းကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းမှ ထွက်ပြေးသည့် ပြည်သူ ၁ ဦးကို စစ်သားများ လိုက်လံပစ်ခတ်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်း မွှေနှောက်ပြီး ညအိပ်တပ်စွဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဓာတ်ကြိုးများ ပြတ်တောက်ပြီး နွား ၄ ကောင် သေဆုံးခဲ့ကြောင်း၊ ကျေးရွာအတွင်းရှိ ပြည်သူများ မွေးမြူထားသော ဝက် ၂ ကောင်ကိုလည်း သတ်ဖြတ် စားသောက်သွားကြောင်း သိရှိရသည်။
စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ညောင်ရင်းကျေးရွာကို တခြားရွာမှ ဈေးရောင်းရန်လာသည့် ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားကာ ညောင်ရင်းကျေးရွာ ကျွန်းပေါ်သို့ ရောက်ရှိစဥ် ပြည်သူ ၂ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်ရင်းကျေးရွာမှ မြင်းမူမြို့သို့ တပ်ဆုတ်သွားကြောင်း၊ အဆိုပါ စစ်ကြောင်း ဆုတ်ခွာသွားသည့် နောက်ကို လိုက်လံထောက်လှမ်းသည့် Moe Nyo Revolution Force MNRF တပ်ဖွဲ့မှ ရဲဘော် ၁ ဦကျဆုံးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထွက်သွားသည့် ညောင်ရင်းကျေးရွာအတွင်း တော်လှန်ရေး တပ်ဖွဲ့များ နယ်မြေရှင်းလင်းစဥ် ၄၀ မမ ဗုံးသီး ၃ လုံးနှင့် ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း၊ ပြည်သူများအား လက်နက်အင်အား မမျှသောကြောင့် မကာကွယ်နိုင်ခဲ့သည့် အတွက်ဝမ်းနည်းစွာ ဝန်ချတောင်းပန်အပ်ပြီး မပြီးဆုံးသေးသောတော်လှန်ရေး တာဝန်များကို ဆက်လက် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း Moe Nyo Revolution Force MNRF က ထုတ်ပြန်ထားသည်။

