35 C
Yangon

KNU အပါအဝင် စစ်အာဏာရှင် တော်လှန်ရေး မဟာမိတ်များနှင့်အတူ “မိတ် ဆွေ များကို ရန်သူ မလုပ်ရေးမူ”၊ “တန်းတူညီမျှရေး” ၊ “ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့်” နှင့် “လူမျိုးစုလွတ်မြောက်ရေးမူ” ဖြင့် နိုင်ငံ တည် ဆောက်ရေး ညှိနှိုင်းဆွေး နွေးရမည်ဟု NUG သမ္မတပြေ

Must read

KNU အပါအဝင် စစ်အာဏာရှင် တော်လှန်ရေး မဟာမိတ်များနှင့်အတူ “မိတ် ဆွေ များကို ရန်သူ မလုပ်ရေးမူ”၊ “တန်းတူညီမျှရေး” ၊ “ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့်” နှင့် “လူမျိုးစုလွတ်မြောက်ရေးမူ” ဖြင့် နိုင်ငံ တည် ဆောက်ရေး ညှိနှိုင်းဆွေး နွေးရမည်ဟု NUG သမ္မတပြော

ရန်ကုန်၊ စက်တင်ဘာ ၂၁

စစ်အာဏာရှင် တော်လှန်ရေး မဟာမိတ် မိတ်ဖက် အစုအဖွဲ့များတွင် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” ဖြင့် ရန်သူ အသစ် မမွေးမိကြရန် သတိပေးလိုက်ပြီး စစ်ကိုင်းတော်လှန်ရေး အင်အားစုများ၊ KNU အပါ အဝင် တိုင်းရင်းသားအင်အားစုများနှင့်အတူ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လူမျိုးစုလွတ် မြောက်ရေးမူများဖြင့် နိုင်ငံတည်ဆောက်ရေး ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလကပြောဆိုလိုက်သည်။

စက်တင်ဘာလ ၂၀ ရက်နေ့ ကျင်းပသည့် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ အကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် FSCC အစည်း အဝေး (၂ / ၂၀၂၃) တွင် အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့၏ ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောဆို လိုက်ခြင်း ဖြစ်သည်။

စစ်အာဏာရှင်တော်လှန်ရေး ဆောင်ရွက်နေချိန်တွင် တိုင်းပြည်တည်ဆောက်ရေးကိုလည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ တိုင်းပြည် တည်ဆောက်ရာတွင် မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လူမျိုးစုလွတ်မြောက်ရေး မူများဖြင့် နိုင်ငံတည်ဆောက်ရေး နိုင်ငံရေးအမြော်အမြင်ကြီးမှု၊ နိုင်ငံရေးသဘောထားကြီးမှုကို အခြေခံထား တွေ့ဆုံညှိနှိုင်းကြရန် သမ္မတက သတိပေးပြောဆိုသည်။

“ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေရင်း တစ်ဖက်မှာလည်း တိုင်းပြည် တည်ဆောက်ရေးလို့ ခေါ်တဲ့ Nation Building ကိစ္စကို လုပ်နေကြရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ သက်ဆိုင်ရာ ပြည်နယ်အလိုက် / သက်ဆိုင်ရာ လူမျိုးစုအလိုက် ရည်မှန်းထားတဲ့ အမျိုးသားရေးဦးတည်ချက်တွေနဲ့ ဖီလာဆန့်ကျင်ဘက် ဖြစ်နေတာမျိုးကို အထူးသတိပြု ရှောင်ရှား ကြဖို့ လိုပါတယ်။ ယခု ကျွန်တော်တို့ နွေဦးတော်လှန်ရေးနဲ့ ပူးတွဲတည်ဆောက်နေတဲ့ nation building ကိစ္စကို (တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လူမျိုးစုလွတ်မြောက်ရေး) စတဲ့ အခြေခံ အချက် (၃) ရပ်နဲ့ အစဉ်တစိုက် ယှဉ်တွဲတည်ဆောက်ကြဖို့ ပြောကြားလိုပါတယ်” ဟု သမ္မတက ပြောသည်။

စစ်ကိုင်းတိုင်းသည် ဧရိယာ ကျယ်ပြန့်ပြီး စစ်ကိုင်းတိုင်းမှ အဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းရေး၊ ကျစ်လစ်သော နိုင်ငံရေးညီညွတ်မှု ဖော်ဆောင်နိုင်ရေးသည် အရေးပေါ် လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း ၊ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရန်သူအသစ် မမွေးမိစေရန် အရေးကြီးကြောင်း သမ္မတက ပြောသည်။

“စစ်ကိုင်းတိုင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေး ကိစ္စ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဧရိယာကို ကြည့်ရင် နယ်မြေအရ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး ပထဝီအနေအထားကို တွေ့ရပါတယ်။ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ခုခံတော်လှန်တဲ့ နေရာမှာလည်း အပြင်းထန်ဆုံးနဲ့ အကျယ်ပြန့်ဆုံးသော ပြည်မဧရိယာကြီးတစ်ခုအဖြစ် ပါဝင် နေတာတွေ့ရပါတယ်။ တော်လှန်ရေးဇွဲနပဲလည်း ပြင်းပြထက်သန်လွန်းတာကို လေးစားဂုဏ်ယူ ဖွယ် တွေ့မြင်နေရပါတယ်။ ဒါ့ကြောင့် စစ်ကိုင်းတိုင်းထဲက အင်အားစုအသီးသီးနဲ့ ကျစ်လစ်သော နိုင်ငံရေးညီညွတ်မှုကို ဖော်ဆောင်နိုင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ အရေးပေါ် လုပ်ငန်းစဉ် တစ်ခုလို့ ယူဆပါတယ်။ စစ်ကိုင်းတိုင်းဧရိယာအတွင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကို အကောင်အထည်ဖော်တဲ့ အခါမှာ အထူး သတိမူသင့်တဲ့ အချက်တချို့ကို ပြောချင်ပါတယ်။ အထူးသဖြင့် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အပေါ်မှာ အခြေခံသင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေး အင်အားစုအသီးသီးရဲ့ အင်အားတွေကို စုစည်းယူရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့နဲ့ မိတ်ဖက် အစုအဖွဲ့တွေထဲမှာ ရန်သူ အသစ် မမွေးမိဖို့ လိုပါတယ်။ ဒါဟာ အထူး သတိထားရမယ့်ကိစ္စလို့ ယူဆပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံရေးသဘောထားကြီးမှုကို ထင်ထင်ရှားရှားပြသရပါလိမ့်မယ်။ ဒါ့အပြင် မိမိတို့ရဲ့ စိတ်ကို ဖွင့်ထားပြီး ဒေသတွင်း အင်အားစု အသီးသီးကို လက်ကမ်းကြိုဆိုဖို့ လိုအပ်ပါတယ်။ လူထုကြားထဲက အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံ တဲ့အခါမှာ မိမိရဲ့ နိုင်ငံရေးအမြော်အမြင်ကြီးမှုနဲ့ မိမိတို့ရဲ့ နိုင်ငံရေးသဘောထားကြီးမှုကို အခြေခံထားပြီး တွေ့ဆုံညှိနှိုင်းကြဖို့ ကျွန်တော့်အနေနဲ့ အထူး တိုက်တွန်းလိုပါတယ်” ဟု သမ္မတက ဆိုသည်။

တိုင်းရင်သားများအားလုံးဖြင့်လည်း နိုင်ငံတည်ဆောက်ရေး ဆွေးနွေးရမည်ဖြစ်ပြီး KNU သည် စစ်အာဏာရှင် တော်လှန်ရေးတွင် အထူးအလေးထားရမည့် အဖွဲ့အစည်းကြီးဖြစ်ကြောင်း၊ အနာ ဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက် အရေးပါသည့် အဖွဲ့ အစည်း ကြီး ဖြစ်ကြောင်း သမ္မတက ဆက်ပြောသည်။

“ကျွန်တော်တို့ နိုင်ငံရဲ့ ပထဝီမြေပုံကို ပုံကြမ်းချ လေ့လာကြည့်ရင် နိုင်ငံ့ရဲ့ အရှေ့ဘက်၊ အနောက် ဘက်နဲ့ တောင်ဘက်၊ မြောက်ဘက်တို့မှာ အဓိက လက်နက်ကိုင်အင်အားစုကြီးတွေရဲ့ အခန်း ကဏ္ဍ ကို ထင်ထင်ရှားရှားတွေ့ရပါတယ်။ KNU ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ တောင်ပိုင်းဒေသကြီးကို ခြေ ကုတ် မြဲမြဲ ယူထားနိုင်တဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းကြီး တစ်ခုဖြစ်ပါတယ်။ နွေဦးတော်လှန် ရေးအတွက် အထူးအလေးထားရမယ့် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သလို၊ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက်လည်း အရေးပါတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပိုမိုကျစ်လစ် တဲ့ လူမျိုးပေါင်းစုံအုံကြွမှုကြီးကို ဝိုင်းဝန်းတည့်မတ်ကြဖို့ ဖြစ်ပါ တယ်။ နွေဦးတော်လှန်ရေး အတွင်းမှာ မဟာမိတ်ဆက်ဆံရေး ခိုင်မာကျစ်လစ်ရေးဟာ အထူး အရေး ကြီးတဲ့ ကိစ္စအဖြစ် ပါဝင်နေ ပါတယ်။ KNU က တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံတဲ့အခါတိုင်း ကျွန်တော်တို့ဟာ အမြော်အမြင်ကြီးတဲ့ နိုင်ငံတည်ဆောက်ရေးသဘောထားတွေကို အတူတကွ ဆွေးနွေးဖလှယ်ကြဖို့ လိုပါတယ်။ ကျွန်တော်တို့တတွေဟာ အသေးအဖွဲသော ပုဂ္ဂိုလ်နိုင်ငံရေးတွေကို ကျော်ကြည့်ပြီး ကြီးမြတ်တဲ့ တိုင်းပြည်တည်ဆောက်ရေးသဘောတရားတွေကို အပြန်အလှန် ဆွေးနွေးဖလှယ်ကြဖို့ လိုပါတယ်။ ဒီသဘောထားနဲ့ ရှေ့ဆက်တက်လှမ်းကြရင် ကျွန်တော်တို့ဟာ အသေးအဖွဲသော နိုင်ငံရေးပြဿနာတွေကို ကျော်လွှားနိုင်စွမ်း ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု သမ္မတက ရှင်းပြသည်။

စစ်အာဏာရှင်ကို တော်လှန်ရာတွင် လူထုအပေါ် ရေလိုကျင့်ပြီး စစ်ကောင်စီအပေါ် မီးလိုကျင့်၍ တော်လှန်ရေး အောင်ပွဲကို အမြန်ရယူမည်ဖြစ်ကြောင်း ပြည်သူလူထု၏ အခန်းကဏ္ဍကို မည်သည့် အခါမှ မမေ့ကြရန် NUG သမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

” အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးတပ်ဦးနေရာကနေ ဦးဆောင် ပဲ့ကိုင်သူတွေ ဖြစ် ပေမယ့် လူထုရဲ့ အခန်းကဏ္ဍကို ဘယ်သောအခါမှ မမေ့ပျောက်ကြဖို့ လိုကြောင်း ပြောချင်ပါ တယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ နေ့စဉ်ဘဝကို ကိုယ်ချင်းစာနာစိတ်နဲ့ လူထုအပေါ် ရေလို ကျင့် ၊ ရန်သူ စစ်ကောင်စီအပေါ်ကို မီးလိုကျင့် ပြီး တော်လှန်ရေးအောင်ပွဲကို အမြန် ရယူကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်” ဟု သမ္မတက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article