26 C
Yangon

ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာရှိ စစ်တပ်စခန်းမှ ယာယီ စစ်ကြောင်းမှူးက ပြည်သူ ၉ ဦးကို စခန်းအတွင်း ခေါ်ဆောင် သတ်ဖြတ်

Must read

ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာရှိ စစ်တပ်စခန်းမှ ယာယီ စစ်ကြောင်းမှူးက ပြည်သူ ၉ ဦးကို စခန်းအတွင်း ခေါ်ဆောင် သတ်ဖြတ်

■ ရွာထိပ်ရှိ ဂိတ်စခန်းကို ဖြတ်သန်းသွားလာသော ပြည်သူများထံမှ ငွေကြေး အများအပြား ကောက်ခံ

ရန်ကုန်၊ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာရှိ စစ်တပ်စခန်းမှ ယာယီ စစ်ကြောင်းမှူးက ပြည်သူ ၉ ဦးကို စခန်းအတွင်း ခေါ်ဆောင် သတ်ဖြတ်ခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

၂၀၂၃ ခုနှစ် မေလက စတင်ကာ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာရှိ စစ်တပ် စခန်းကို ပြောင်းရွေ့လာသော ယာယီ စစ်ကြောင်းမှူးက ပြည်သူ ၉ ဦးကို စခန်းအတွင်း သတ်ဖြတ်ကာ ရွာထိပ်ရှိ ဂိတ်စခန်းကို ဖြတ်သန်းသွားလာသော ပြည်သူများထံမှ ငွေကြေး အများအပြား ကောက်ခံခဲ့ကြောင်း သိရသည်။

နတ်ရေကန်ရွာရှိ စစ်တပ် စခန်း၌ ယာယီစစ်ကြောင်းမှူးသည် မယားငယ် ဖြစ်သူနှင့် နေထိုင်ပြီး ရွာထိပ်ရှိ ဂိတ်စခန်းမှ ဖြတ်သန်းသွားလာသော ကားများကို အကြောင်းမဲ့ ဖမ်းဆီးကြောင်း၊ ၎င်းကြိုက်နှစ်သက်သော ကားဖြစ်လျှင် စခန်းအတွင်း ခေါ်ယူပြီး ကားပိုင်ရှင်များကို သတ်ဖြတ်ကာ ကားကို ယူဆောင်ကြောင်း၊ ထို့ပြင် ဆိုင်ကယ်ပိုင်ရှင်များကိုလည်း ဖမ်းဆီး သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

” ဆိုင်ကယ်လို ပိုင်ရှင်သတ်ပါတယ်။ ကားလို ကားပိုင်ရှင်သတ်ပါတယ်။ သူတို့ ဖမ်းဆီးသတ်ဖြတ်တဲ့ တစ်ယောက်ဆီကို ဂူလို ဘန်ကာတွေလိုထဲ ထည့်ပီး အစာရေ​စာဖြတ် နောက်ဆုံးသေရင် အဲ့ထဲတင် မြေမြုပ်ထားတာပါ။ စခန်းရဲ့ လက်ဝဲဘက် ထန်းပင်တွေ အောက်မှာပါ။ သူတို့ စခန်းထဲ ခေါ်ယူပြီး သတ်ဖြတ်ခဲ့တာ ပြည်သူ ၉ ဦးရှိပြီး ၅ လပိုင်းလောက်ကပဲ သတ်ဖြတ်ခဲ့တာပါ” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် နတ်ရေကန်ရွာထိပ်ရှိ ဂိတ်စခန်းမှ ဖြတ်သန်းသွားလာသော ပြည်သူများထံမှ နေ့စဥ် သိန်း ၂၀ ကျပ် မှ သိန်း ၃၀ ကျပ် ထိကောက်ခံပြီး လက်အောက် ငယ်သားများကို တစ်ဦးလျှင် ၅၀၀၀၀ ကျပ် ပေးပြီး ကျန်သော ပိုက်ဆံများကို ယာယီစစ်ကြောင်းမှူး ထံ ပေးဆောင်ရကြောင်း သိရသည်။

” နေ့စဥ် လမ်းသွားလမ်းလာ ပြည်သူတွေဆီက ငွေ သိန်း ၂၀ ကျပ်ကနေ သိန်း ၃၀ ကျပ်ရပါတယ်။ လက်အောက် ငယ်သားတွေ ကို ၅၀၀၀၀ ကျပ်ဆီပေးပြီး ကျန်တာ အကုန်သူယူတယ်။ ဆိုင်ကယ် ပိုင်ရှင်တွေကိုလည်း PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး မတရားဖမ်းတယ်။ ငွေညှစ်တာတွေလုပ်တယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ နတ်ရေကန်ရွာရှိ စစ်တပ်စခန်းကို ယာယီ စစ်ကြောင်းမှူးက အုပ်ချုပ်ပြီး ၎င်းလက်အောက်တွင် ဒုရဲ ၁ ဦးကို ဦးစီး ရဲတပ်ဖွဲ့ အဖြစ်ထားရှိပြီး Drone အရာရှိ ၁ ဦး ၊ အခြားအဆင့် ငြိမ်း ၅ ဦးခန့်၊ ပြည်သူစစ် ၃၉ ဦးနှင့် စစ်သား ၇ ဦးတို့ရှိကြောင်း တပ်တွင်း သတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။

(ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သတ်ဖြတ်မှုကျူးလွန်သူ၏ အမည်နှင့်တကွ ဖော်ပြထားပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article