ချောင်းဦးမြို့နယ်၊ မင်းတည်ကျေးရွာတွင် စစ်တပ်က တပ်စွဲပြီး ပြည်သူများကို ဖမ်းဆီး နှိပ်စက် နေကာ တော်လှန်ရေး ရဲဘော် ၃ ဦးနှင့် ပြည်သူ ၁ ဦး သေဆုံး ၊ ၀ိုင်းမော် တွင်လည်း စစ်ဘေးရှောင် ပြည်သူများကို စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီး
ရန်ကုန်၊ စက်တင်ဘာ ၂၈
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မင်းတည်ကျေးရွာတွင် စစ်တပ်က တပ်စွဲထား ပြီး အနီးအနား ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူအများအပြားကို ဖမ်းဆီးနှိပ် စက်နေကာ တော်လှန်ရေးရဲဘော် ၃ ဦးနှင့် ပြည်သူ ၁ ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၆ ရက်နေ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မင်းတည်၊ မင်းခေါင် နှင့် မကျည်းခွ ရွာများအနီးတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ကွန်မန်ဒို စစ်သားများ လာရောက်ချသွားပြီး အဆိုပါ စစ်သားများက မင်းတည်ကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲကာ အနီးအနား ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီးနှိပ်စက်လျက်ရှိကြောင်း၊ ပြည်သူ အများအပြား ဖမ်းဆီးခံထားရပြီး သေဆုံးမှုများ ရှိနိုင်ကြောင်း၊ လတ်တလော တော်လှန်ရေး ရဲဘော် ၃ ဦးနှင့် ပြည်သူ ၁ ဦး သေဆုံးသွားကြောင်း သိရှိရသည်။
“လက်ရှိမှာတော့ အနီးနားရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာ တွေကို ထွက်ပြေးတိမ်းရှောင်ကြရတာကြောင့် သောက်သုံးရေနဲ့ စားနပ်ရိက္ခာ အခက်အခဲကြီးမားစွာဖြစ်နေပါတယ်။ စစ်တပ်စစ်ကြောင်းက လက်ရှိ မင်းတည် ရွာမှာ အထိုင်ချနေပြီး ရွာခံဒေသပြည်သူတွေကို ဖမ်းဆီးထားတယ်။ တချို့ဒေသပြည်သူတွေလည်း ရွာကထွက်မရဖြစ်ပြီး ပိတ်မိနေပါတယ်။ ရွာထဲ ကို စစ်တပ်က ပစ်ခတ်ပြီး ဝင်ရောက်လာတာမို့ အသေအပျောက်ရှိနိုင်တယ်။
အသေအပျောက်စာရင်းတော့ သေချာမသိရသေးဘူး။ စက်တင်ဘာလ ၂၆ ရက်နေ့မှာ Mi17နဲ့ Mi35 နှစ်စီးနဲ့ စစ်သားတွေ၊ လက်နက်ခဲယမ်းတွေ လာချ ပြီး ရွာတွေကို ဝင်စီးတာ” ဟု ဒေသပြည်သူက အခြေအနေကို ရှင်းပြသည်။
ချောင်းဦးမြို့နယ်မှ ချောင်းဦးဆရာတော် ဦးနန္ဒကမူ စစ်တပ် တပ်စွဲထားသော မင်းတည်ရွာတွင် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် တော်လှန်ရေး ရဲဘော် ၃ ဦး နှင့် ပြည်သူ ၁ ဦး သေဆုံးသွားကြောင်း အတည်ပြုပြောဆိုသည်။
“မင်းတည်ကျေးရွာမှာ ကျတာကတော့ရဲဘော် ၃ယောက်ကတော့ ပြည်သူတစ် ယောက်ကတော့သေချာပြီ။ ခွေးတွေက ရွာထဲရှိနေသေးတော့ ဘယ်သူမှ တော့ အတိအကျသတင်းမရနိုင်သေးဘူး” ဟု ချောင်းဦးဆရာတော် ဦးနန္ဒက ရှင်းပြ သည်။
အလားတူ ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ဂစိုးကကျေးရွာ နှင့် ဂါးရာယန်ရွာအလယ်တွင် ရှိသည့် ဆမားဒေသ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းဝင်းတွင် ခိုလှုံနေသော စစ်ဘေးရှောင်နေသည့် ပြည်သူ ၈ ဦး ကို စက်တင်ဘာ ၂၇ ရက်နေ့တွင် လီဆူ ရွှေမင်း ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီး သွားခဲ့ပြီး ဓမ္မဆရာများ၊ ရပ်ရွာလူကြီးများက သွားရောက် တောင်းဆိုမှသာ ပြန်လည် လွှတ်ပေးကြောင်း ဒေသပြည်သူများက ပြောကြားသည်။
စစ်တပ်လက်အောက်ခံ လီဆူ ရွှေမင်း ပြည်သူ့စစ်အဖွဲ့က မတရား ဖမ်းဆီးခဲ့သူများမှာ ဦးမရန်ဘန်နန်၊ ဦးလတန်ဇယ်ဂျုန်း၊ မောင်ခေါင်ဒေါန်၊ မောင်ဘရန်လာ၊ ဦးကီနောအောင်၊ ဦးမာတူး၊ ဦးမောင်ဌေး၊ မောင်နော်ဒင့် တို့ ဖြစ်ကြကြောင်း သိရှိရသည်။
“မနေ့ ညနေပိုင်း ၂နာရီခွဲနဲ့ ၃နာရီကြားမှာ အဖမ်းခံရပြီး ဓမ္မဆရာတွေနဲ့ ရပ်ကွက်လူကြီးတွေက သွားတောင်းဆိုမှ ညနေ ၆နာရီမှာပဲ လွှတ်ပေးလာ တာ”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန သို့ပြောကြားသည်။
အကြမ်းဖက်စစ်တပ်နှင့် ရွှေမင်းပြည်သူ့စစ်အဖွဲ့သည် ပြည်သူများကို မကြာ ခဏ လူသားဒိုင်းအဖြစ် ဖမ်းဆီးလေ့ရှိပြီး လူအခွင့်အရေး ချိုးဖောက် လေ့ရှိ ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဓာတ်ပုံ- ဒီပဲယင်းတွင် ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်း စစ်တပ်က စစ်ကြောင်း ထိုး လာ၍ ထွက်ပြေးနေရသည့် ပြည်သူများ။
Photo By Photo – ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့