25 C
Yangon

မူဆယ်တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သံဃာတစ်ပါး အပါအဝင် ၄ ဦးဒဏ်ရာ ရရှိပြီး နေအိမ်များပျက်စီး

Must read

မူဆယ်တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သံဃာတစ်ပါး အပါအဝင် ၄ ဦးဒဏ်ရာ ရရှိပြီး နေအိမ်များပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လေကြာင်း၊ လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကြောင့် သံဃာ တစ်ပါး နှင့် အမျိုးသမီး ၃ ဦးဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် အများအပြား ထိခိုက် ပျက်စီး ခဲ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ မယိန်းလျန်ဟန်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ မူဆယ်မြို့နယ်၊ တောင်ဘက်စွန်း၊ ဝိန်နန်း ကျေးရွာတောင်ဘက်၌ အ ကြမ်းဖက်စစ်ကောင်စီတပ်နှင့် TNLA တို့ကြား စတင်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စက်တင်ဘာလ ၁၈ ရက် နေ့တွင် မူဆယ်မြို့ အပြင်ဘက် စန်းဆာတောင်နှင့် ခူဝိန်းရွာတို့တွင် အခြေချထားသော အကြမ်း ဖက် စစ် ကေင်စီ တပ်မ ၉၉ မှ အင်အား ၄၀ ခန့်နှင့် မြို့မပြည်သူ့စစ်၊ ကောင်းခါး ပြည်သူ့စစ်၊ ပိန်းဆာပြည်သူ့စစ်တို့ မှ တပ်သား အင်အား ၁၀၀ ခန့်တို့မှ TNLA အခြေချနေထိုင်သော စယ်လန့်ကျေးရွာ အရှေ့ဘက် လွယ် တေးမိန်းကို ဦးတည်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်တပ်ကတော့ လောလောဆယ်အထိ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေတုန်းပါပဲ၊ စစ်ဘေး ရှောင်တွေက ၂ နှစ် အတွင်း ပြေးနေရတာ ၃ ခါရှိပြီ၊ လက်နက်ကြီးထိလို့ ဒဏ်ရာရတဲ့သူတွေကတော့ ဆေးရုံက ဆင်းရပြီလို့ သိရပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ မယိန်းလျန်ဟန်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်စဉ် လွိုင်စန်းဆာတောင်ရှိ အကြမ်းဖက်စစ်တပ်က စက်တင် ဘာလ ၁၇ ရက် ည ၈ နာရီ ခန့်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် ခတ်ခဲ့ရာ စယ်လန့်ကျေးရွာအုပ်စု၊ မန်ကန်ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဘယ်ဘက်ပေါင်၌ ဒဏ်ရာရရှိကာ နေအိမ် အချို့ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၁၅ ရက်နေ့တွင်လည်း မူဆယ်မြို့နယ်၊ လွယ်စန်းဆာတောင်စစ်တပ်စခန်းမှ တိန်းလုံ (ရှေ့) ကျေးရွာအုပ်စု၊ စန်းဆာ ရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်း၊ TNLA တပ်ဖွဲ့၀င်များ ဝင်ရောက်ခြင်းမရှိဘဲ စစ်တပ်က လက် နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ရာ စန်းဆာ ကျေးရွာနေ အသက် ၅၀ ဝန်းကျင်အရွယ် နန်း လင်းနှင့် အသက် ၁၇ နှစ်အရွယ် နန်းအီတို့ ထိမှန်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ရ ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း မူဆယ်မြို့နှင့် စယ်လန့်ကျေးရွာအုပ်စုအကြားရှိ ဆု တောင်းတောင်ပေါ်သို့ လက်နက်ကြီး ကျရောက်ခဲ့ရာ ဆုတောင်းတောင်ဘုန်းကြီးကျောင်းရှိ သံဃာ တစ်ပါး လက်နက်ကြီးထိမှန်ခဲ့ပြီး ဒေသလူမှုကယ်ဆယ်ရေး အသင်းတစ်ခုမှမူဆယ် ဆေးရုံ သို့ပို့ဆောင် ခဲ့ရသည်ဟု ဆိုသည်။

ထို့အတူ စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီခွဲ၀န်းကျင်အချိန် မူဆယ်မြို့ နယ်၊ မော်တောင်းကျေးရွာ အုပ်စု မန့်ဟန်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်က လေကြောင်းမှ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ရာ နေ အိမ် ၅ လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်ဗုံးကျဲ တိုက်ခိုက် မှုများကြောင့်မူဆယ်မြို့ နယ်၊ နမ့်ကတ်ကျေးရွာအုပ်စု၊ စယ်လန့် ကျေးရွာအုပ်စုနှင့် ဝိန်းနန်းကျေးရွာမှ ဒေသနေပြည် ၇၀၀ ၀န်း ကျင်သည် မူဆယ်မြို့ နမ့်စန့်ကျေးရွာဇရပ်၊ မန်နိမ်ရွာဇရပ်၊ ပန်ခမ်းကျေးရွာ ဘုန်းကြီးကျောင်း၊ နမ့်ခမ်း မြို့ ကောင်း တပ် ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း တို့တွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်းရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင်က ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article