25 C
Yangon

ရေဖြူမြို့နယ်ရှိ ဆန်းချီရွာမှ ပြည်သူ ၃၀ ဝန်းကျင်ခန့်ကို စစ်တပ်က ဖမ်းဆီးထား၊ ပုလောတွင် စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်

Must read

ရေဖြူမြို့နယ်ရှိ ဆန်းချီရွာမှ ပြည်သူ ၃၀ ဝန်းကျင်ခန့်ကို စစ်တပ်က ဖမ်းဆီးထား၊ ပုလောတွင် စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်

ရန်ကုန်၊ အောက်တိုဘာ ၂

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် အနောက်ဘက်ကမ်းတွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ဆန်းချီရွာထဲကို စက်တင်ဘာ ၃၀ ရက်နေ့တွင် ဝင်ရောက်၍ ပြည်သူ ၃၀ ဝန်းကျင်ခန့်ကို ဖမ်းဆီးထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အကြမ်းဖက် စစ်သားများသည် ဒူးတောင်ရွာဘက်မှ ဆန်းချီရွာကို စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ယခင်က စစ်တပ်မှ ဝင်ရောက်ဖူးသည့် အတွေ့အကြုံမရှိ၍ ရွာသားအချို့မှာ စစချင်းတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းမရှိဘဲ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆန်းချီရွာဘက်ကို အကြမ်းဖက် စစ်တပ် ရောက်ရှိနေချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ကြားရပြီး အောက်တိုဘာ ၁ ရက်နေ့ နံနက် ၈ နာရီတွင်လည်း ဆန်းချီရွာအနောက်ဘက်ကမ်းဘက်မှ လက်နက်ကြီးပစ်ခတ်သံ ၃ ချက်ကြားရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသည့် ပြည်သူများ၏ နောက်ဆက်တွဲအခြေအနေအသေးစိတ်ကို မသိရှိရသေးဘဲ စစ်တပ် ပစ်ခတ်မှုကြောင့် ​ဒူးတောင်ရွာ၊ ဆန်းချီရွာမှ ပြည်သူများအပြင် ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ရငဲ၊ ကုန်းသာယာအင်း၊ ဝဇွမ်းတောရွာများမှ ဒေသပြည်သူများ ရွာလုံးကျွတ်စစ်ရှောင်နေကြရကြောင်း သိရှိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်က စက်တင်ဘာ၂၉ ရက်နေ့တွင် ပြည်သူ ၁ ဦးကို ပစ်သတ်ခဲ့ပြီး ရွာသားအချို့ကိုလည်း ရိုက်နှက်ခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

စစ်တပ်က ပစ်သတ်ခဲ့သည့် အမျိုးသား ၁ ဦးမှာ အသက် ၁၈ နှစ်အရွယ် လူငယ် ၁ ဦးဖြစ်ပြီး အမျိုးသား ၂ ဦးကိုလည်း စစ်တပ် စစ်ကြောင်းက ထပ်မံဖမ်းဆီးပြီး လမ်းပြ အဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ လမ်းပြအဖြစ် ဖမ်းဆီးခံခဲ့ရသည့် အမျိုးသား ၂ ဦးကို မူဝါးတန်းရပ်ကွက်ဘုန်းကြီးကျောင်း ရောက်ရှိပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ကြောင်းသွားရာလမ်းတစ်လျှောက်ရှိ ပြည်သူများ၏ ဖုန်းများကိုစစ်ဆေးနေခြင်းများ လုပ်ဆောင်ခဲ့ပြီး သေနတ်ဒင်နှင့်ရိုက်နှက်၊ ထုထောင်းခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း၊ ဝါးတန်းဘုန်းကြီးကျောင်းတွင် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကတည်းက လက်နက်ကြီးများ တပ်ဆင်ထားပြီး စစ်သား ၁၀ ဦးဝန်းကျင်ခန့် တပ်စွဲနေထိုင်နေပြီး ထပ်ရောက်လာသည့် အကြမ်းဖက်စစ်သားများမှာ စက်တင်ဘာ ၃၀ ရက်နေ့ ည ၈ နာရီတွင် မြေတင်ကားနှစ်စီးနှင့် ပြန်ထွက်သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် လတ်တလောတွင် ပုလောမြို့နယ်ထဲရှိ မကျည်းကုန်း၊ တောင်ယာကမ်း၊ ထမင်းမစား၊ ရှပ်ပုံ၊ မင်းထိန် စသည့်ကျေးရွာအုပ်စုရှိ နေရာအများအပြားတွင် တပ်ဖြန့်ထားကြောင်း၊ ပုလောပင်လယ်ပြင်ထဲရှိ ကော့ဒွေးကျွန်း နေရာတွင်လည်း ရေတပ်သင်္ဘောချို့ ကျောက်ချထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

(The Tanintharyi Times သတင်းဌာနသည် ရန်ကုန်ခေတ်သစ်မီဒီယာ၏ မိတ်ဖက်သတင်းဌာနဖြစ်သည်။ )

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article