25 C
Yangon

စစ်တပ်က ကလေးငယ် ၄၉၁ ဦးကို သတ်ဖြတ်ခဲ့ပြီး အဆိုပါ သတ်ဖြတ်မှုများက စစ်ရာဇဝတ်မှု မြောက်ဟု NUG ပြော

Must read

စစ်တပ်က ကလေးငယ် ၄၉၁ ဦးကို သတ်ဖြတ်ခဲ့ပြီး အဆိုပါ သတ်ဖြတ်မှုများက စစ်ရာဇဝတ်မှု မြောက်ဟု NUG ပြော

ရန်ကုန်၊ အောက်တိုဘာ ၅

အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် ကာလတစ်လျှောက်လုံး ကလေးငယ် ၄၉၁ ဦးကို သတ်ဖြတ်ခဲ့ပြီး အဆိုပါ သတ်ဖြတ်မှုများသည် စစ်ရာဇဝတ်မှု မြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

စစ်အာဏာသိမ်းမှုပြီးနောက် စစ်တပ်က ပုံစံအမျိုးမျိုးဖြင့် သတ်ဖြတ်ခဲ့ပြီး လေကြောင်း တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရန်သူကဲ့သို့ သတ်မှတ်ပြီး သတ်ဖြတ်ခြင်း များရှိကြောင်း၊ အဆိုပါ သတ်ဖြတ်မှုများသည် စစ်ရာဇဝတ်မှုမြောက်ပြီး တရားစွဲနိုင်မည့် နည်းလမ်းများကို ရှာဖွေသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကလေးတွေအပေါ် သတ်ဖြတ်မှုကိစ္စတွေကတော့ အမျိုးမျိုးရှိပါတယ်။ ဒီနေရာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးတာရှိသလို၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သေဆုံးမှုတွေရှိပါတယ်။ နောက်တစ်ခုက အကြမ်းဖက်စစ်အုပ်စုကတွေ့သမျှလူကို ရန်သူလိုသတ်မှတ်ပြီး ပစ်ခတ်တာ ကြောင့် သေဆုံးမှုတွေ အမျိုးမျိုးရှိပါတယ်။ ကလေးတွေရဲ့ ကျောင်းတွေ ပစ်မှတ်ထား တိုက်ခိုက်တယ်ဆို တာ ကလေးတွေကို အဓိကထားတိုက်ခိုက်တယ်ဆိုတာနဲ့ အတူတူပါပဲ။ တိုက်ပွဲလုံး၀ မရှိဘဲနဲ့ အရပ်သား ပြည်သူတွေနေထိုင်တဲ့ နေရာဒေသကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တဲ့အကြောင်းအရာဖြစ်ပါတယ်။ ဒီအကြောင်းအရာကတော့ သာမန်တိုက်ခိုက်မှု တင်မကဘဲနဲ့ ကလေးသူငယ်တွေစာသင်ကြားနေတဲ့ စာသင်ကျောင်းကို ထိခိုက်တယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာ အသက်အရွယ် ငယ်ရွယ်တဲ့ ကလေးသူငယ်တွေ ပါဝင်နေမှု နောက်တစ်ခုက တိုက်ခိုက်မှုဟာ တကယ့်ကို အရှိန်အဟုန်ပြင်းတဲ့ လူအများကို ထိခိုက် ဒဏ်ရာရစေတဲ့ လက်နက်ကြီးတွေ အသုံးပြုတယ်ဆိုတဲ့ အချက် သုံးချက်ပါဝင်နေတာတွေ့ရပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် စာသင်ကျောင်း ၁၁၉ ကျောင်းပျက်စီးခဲ့ရပြီး စက်တင်ဘာလ ၂၇ ရက်နေ့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာမရွာက စာသင်ကျောင်းမှ ဆရာမ တစ်ဦးနှင့် ကလေး ၂၁ ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ကြောင်း ၊ စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားသော လေ ကြောင်း အသုံးပြုတိုက်ခိုက်မှုနှင့် လက်နက်ကြီးအသုံးပြု တိုက်ခိုက်မှု ၂၃၅၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အာဆီယံအဖွဲ့၏ လမ်းပြဘုံသဘောတူညီချက် ၅ ချက်၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက် အမှတ် ၂၆၆၉ (UN Security Council Resolution 2669) စသည်တို့ကို လုံးဝ လေးစားလိုက်နာမှုမရှိသည့်အပြင် ကလေးသူငယ်များကို သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာရစေခြင်း နှင့် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့သည် နိုင်ငံတကာ လူ့အခွင့်အရေးနှင့်လူသားချင်းစာနာမှု ဥပဒေများနှင့်စာချုပ်စာတမ်းများ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များ၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ ဂျနီဗာသဘောတူစာချုပ်၊ Rome Statue တို့ကိုချိုးဖောက်ကာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း NUG က ပြောဆိုသည်။

အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များသည် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမြောက်နေသည့်အတွက် လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကိုယ်တိုင် တိုက်တွန်းခဲ့ပြီး ဖြစ်ကြောင်း၊ NUG အနေဖြင့် အဆိုပါကျူးလွန်မှုများတွင်ပါဝင်သော တာဝန်ရှိသူ၊ လက်ရောက် ကျူးလွန်သူ နှင့် အားပေးအားမြှောက်ပြုသူများအားလုံးကို ပြည်တွင်းတရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူပြစ်ဒဏ်ချမှတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article