25 C
Yangon

စစ်တွေကမ်းခြေမှ စားသောက်ဆိုင်အချို့ကို စစ်ကောင်စီ အင်အား အလုံး အရင်းဖြင့် ဖြိုဖျက်မှု တရားမျှတမှု လိုလားနေ

Must read

စစ်တွေကမ်းခြေမှ စားသောက်ဆိုင်အချို့ကို စစ်ကောင်စီ အင်အား အလုံး အရင်းဖြင့် ဖြိုဖျက်မှု တရားမျှတမှု လိုလားနေ

ရန်ကုန် ၊ အောက်တိုဘာ၊ ၅

ရခိုင်ပြည် စစ်တွေဟိုတယ်ကမ်းခြေမှ စားသောက်ဆိုင်ခန်းအချို့ကို စစ်ကောင် စီက ယနေ့ အောက်တိုဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက အင်အားအလုံးရင်းဖြင့်ဖြိုဖျက်မှုရှိခဲ့သည့်အပေါ် မျှတမှုရရှိရန် ဆိုင် ခန်း ပိုင်ရှင်များတောင်းဆိုနေကြသည်။

စစ်ကောင်စီက ဖြိုဖျက်မှုရှိသည့် စားသောက်ဆိုင်ခန်းစုစုပေါင်း ၁၆ ဆိုင်ဖြစ်ပြီး အဆိုပါဆိုင်ခန်းများမှာ လမ်းဧရိယာနှင့် မလွတ်ကင်း၍ဟုဆိုကာ ပြီးခဲ့သည့် သြဂုတ်လအတွင်းကစ၍ ဖယ်ရှားပေးရန် စစ်တွေမြို့နယ် စည်ပင်မှနေ၍ အကြောင်း ကြားစာစတင်ပေးပို့ခဲ့သည်။

ယင်းနောက်ပိုင်းတွင် စားသောက်ဆိုင်ပိုင်ရှင်များမှ ဖြိုဖျက်ပေးရမည်ဆိုပါက မြေနေရာအစားထိုးပေးရန် တောင်းဆိုခဲ့ကြပြီး ရခိုင်ပြည် စစ်ကောင်စီ အစိုးရအဖွဲ့ထံ အသနားခံစာများ တင်ပြခဲ့ကြသည်။

သို့သော်လက်ရှိတွင် အဆိုပါဆိုင်ခန်းများအား စစ်ကောင်စီဖက်မှ အင်အားသုံး၍ ဖြိုဖျက်ခဲ့ကြရာ ထိုလုပ်ရပ်မှာ မဖြစ်သင့်သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ကာ တွေ့ဆုံခွင့်မရက ဆန္ဒပြတောင်းဆိုမှုပြုလုပ်မည်ဟု ဖြို ဖျက် ခံရသည့် စားသောက်ဆိုင်ပိုင်ရှင်များက ပြောသည်။

“ဒီလုပ်ရပ်ဟာ ကျနော်တို့ရဲ့ထမင်းအိုးကိုခွဲလိုက်တာပါပဲ။ ကျနော်တို့ မိသားစု တွေဘဝကို ဖြိုဖျက်သလိုပဲ။ ကျနော်တို့တတ်နိုင်သလောက် တောင်းဆိုမှု လုပ်ခဲ့ ကြတယ်။ အဲ့ဒါတွေကိုလျစ်လျူရှုပြီး ခုလိုလုပ်တာလက်ခံလို့မရဘူး။ အစိုးရရုံးမှာ တောင်းဆိုမှုလုပ်သွားကြမှာပါ” ဟုပြောသည်။

စားသောက်ဆိုင်ခန်းများအားဖြိုဖျက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်တွေ ပွိုင့်ကမ်းခြေမှနေ၍ စစ်တွေဟိုတယ်နားတစ်လျောက် လုံခြုံရေး တင်းကျပ်ထားခြင်းနှင့် ဆိုင်ခန်းပိုင်ရှင်များ၏ ဖုန်းများအား သိမ်းဆည်းထားခြင်း စသည်တို့ကို ပြုလုပ်ပြီး အင်အားအလုံးရင်းဖြင့် ဖြိုဖျက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီမှ လမ်းဧရိယာနှင့်မလွတ်၍ဟုဆိုကာ အင်အား အလုံး အရင်း နှင့်ဖြိုဖျက်ခဲ့သည့် ဆိုင်ခန်းနေရာများမှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ပြည်နယ် အစိုးရမှနေ၍ ပျံကျစျေးသည်များအား တရားဝင်ချပေးခဲ့သည့် နေရာဖြစ် ကြောင်း ဆိုင်ခန်းပိုင်ရှင်များကဆိုသည်။

စျေးဆိုင်ခန်းများဖြိုဖျက်မှုကိစ္စနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် ပြည်နယ် စည်ပင်သာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မိုးအား ဆက်သွယ်ခဲ့ရာ မအားလပ်ဖြစ်နေ၍ အဆက်သွယ်မရရှိခဲ့ပေ။

ယခုကဲ့သို့ စားသောက်ဆိုင်ခန်းများ အင်အားသုံးဖြိုဖျက်ခံရမှုနှင့်ပတ်သက်၍ ရခိုင့်လူ့အခွင့်ရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာဦးမြတ်ထွန်းက ယခုကဲ့သို့ပြောသည်။

“နေအိမ်ပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်အဆောက်အုံတစ်ခုခုပဲဖြစ်ဖြစ် ဖယ်ရှား ရမယ့် အနေအထားရှိလာပြီးဆိုရင် မူလပိုင်ဆိုင်သူတွေနဲ့ညှိနှိုင်းပြီး မြေနေရာ အစားထိုးတစ်ခုကိုပေးသင့်တယ်။ ဒီလိုမှမဟုတ်ရင် မမျှတဘူး” ဟုပြောသည်။

လက်ရှိ စစ်တွေဟိုတယ်ကမ်းခြေမှ စားသောက်ဆိုင်များအပြင် အမ်းမြို့နယ်မှ နေအိမ်အချို့ကိုလည်း လမ်းဧရိယာနှင့် မလွတ်ကင်း၍ဟုဆိုကာ လတ်တလော တွင် ဖယ်ရှားပေးရန်ပြောဆိုမှုတို့ရှိထားသည်။

စစ်တွေတွင် မြို့အင်္ဂါရပ်နှင့်မညီဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကလည်း မြို့အဝင်မှ စျေးဆိုင်ခန်း ၂၀ ခန့်ဖယ်ရှားခံရမှုရှိခြင်း၊ ၂၀၂၂ ခုနှစ်တွင်လည်း မေယုလမ်းမှ စျေးဆိုင်အချို့ဖယ်ရှားခံရခြင်းတို့ရှိခဲ့သည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article