အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းတဲ့ UNOCHA ကဆောင်ရွက်မယ့် AHCTအခင်းအကျင်းမှာ ပါဝင်မှာမဟုတ်ဘူးလို့ CNC Tanintharyiထုတ်ပြန်
ရန်ကုန် | အောက်တိုဘာ ၁၆
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ဆောင်ရွက်မယ့် AHCT (Aera of Humanitarian Country Team) အခင်းအကျင်းမှာ တနင်္သာရီဒေသ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်အဖြစ် ပါဝင်မှာ မဟုတ်ဘူးလို့ CSO Nexus Consortium Tanintharyi က မနေ့က ထုတ်ပြန်ကြေညာပါတယ်။
UNOCHA ရဲ့ AHCTအခင်းအကျင်းမှာ မပါဝင်ရတာဟာ UNOCHAအနေနဲ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နေတာကြောင့်လို့ CNC Tanintharyi ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အခုလိုဆုံးဖြတ်တာကို CNC Tanintharyiမှာ ပါဝင်နေတဲ့ အရပ်ဘက်လူထုအဖွဲ့အစည်းတွေ တွေ့ဆုံးဆွေးနွေးပြီးနောက် မပါဝင်သင့်ကြောင်း ဆုံးဖြတ်ခဲ့ကြတာလို့ ဆိုပါတယ်။
လက်ရှိမြန်မာနိုင်ငံက ပြည်သူတွေ ခံစားနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရဲ့ အဓိကတရားခံဟာ စစ်တပ်ဖြစ်ပြီး ဒီလိုအကြမ်းဖက်စစ်တပ်နဲ့ UNOCHA က လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဉ်တွေ ပူးပေါင်းလုပ်ဆောင်မယ်ဆိုတာကို လက်ခံနိုင်စရာမရှိဘူးလို့ ဆိုပါတယ်။
UNOCHA က စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဟာ မြန်မာနိုင်ငံမှာ လူသားချင်းစာနာကူညီမှုဆိုင်ရာအကြပ်အတည်းကို လျော့ပါးစေရမယ့်အစား စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အသိအမှတ်ပြု ထောက်ခံအားပေးရာ ရောက်လို့ ရက်စက်ကြမ်းကြုတ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာမှာကိုလည်း အလွန်အမင်းစိုးရိမ်တယ်လို့ CNC Tanintharyi ကဆိုပါတယ်။
ဒါကြောင့် UNOCHA ကဆောင်ရွက်မယ့် AHCT (Aera of Humanitarian Country Team) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခင်းအကျင်းမှာ ပါဝင်ဆောင်ရွက်မှာ မဟုတ်တော့ကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ရက်နေ့က AHCT အတွင်းရေးမှူးရုံးကို CNC Tanintharyiက သဘောထားပေးပို့ခဲ့တာလို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲ Martin Griffithsတို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံပြီး လူသားချင်းစာနာမှုအကူအညီပေးရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။