29 C
Yangon

နတ်တလင်းတွင် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ ဘီးလင်းတွင် လမ်းပိုင်း လုံခြုံရေးယူနေသော စစ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်

Must read

နတ်တလင်းတွင် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ ဘီးလင်းတွင် လမ်းပိုင်း လုံခြုံရေးယူနေသော စစ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၈

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲပြီး စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Phonex D F (နတ်တလင်းပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၁၇ ရက် နံနက် ၈ နာရီ ၂၂ မိနစ်ခန့်က နတ်လင်းမြို့နယ်၊ သပြေပင် သုံးလုံးပြူး မှ အင်အား ၄၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်ဖက် စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်သားများက အနီးအနားရှိ ဆင်ဝိုင်းမှ ဆင်များနှင့် ဆင်ဝိုင်းမိသားစုဝင်အားလုံးကို ဖမ်းဆီးကာ ဒိုင်းကာ အဖြစ် အသုံးပြုပြီး မိုင်းကွင်းအဆင့်ဆင့်ကို ကျော်ဖြတ်သွားခဲ့ကြောင်း သိရသည်။

မိုင်းကွင်းများ ကျော်ဖြတ်ပြီးနောက် မွန်းလွဲ ၁၂ နာရီခန့်တွင် ဉာဏ်လယ်ဗိုလ်တဲကုန်းအရောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း၊ ဗိုလ်တဲကုန်းမှ ဆက်လက်ထွက်ခွာလာသော စစ်ကြောင်းသည် စမ်းကြီးရွာ အရောက်၌ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးကာအများအပြား ဒဏ်ရာရရှိခဲ့​သောကြောင့် လူသားဒိုင်းကာအသုံးပြုခံရသော ဆင်ဝိုင်းမိသားစုဝင်များလည်း ထိခိုက်ဒဏ်ရာရရှိနိုင်သည်ဟု သုံးသပ်ရကြောင်း Phonex D F (နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) မှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုသည်။

“ဆင်ဝိုင်းက မိသားစုတွေကို ဒိုင်းကာအဖြစ်ခေါ်သွားတာ၊ အဲဒါကြောင့် ပြည်သူတွေကို ငဲ့ညှာပြီး အကုန် မဆွဲလိုက်ရဘူး၊ ကျနော်တို့ဆွဲမိလိုက်တဲ့မိုင်းက ဆင်ဝိုင်းက မိသားစုတွေ ထိသွားမလား စိုးရိမ်နေတာ၊ အတိအကျတော့ မသိရသေးဘူး၊ ဘယ်နှစ်ယောက်ပါသွားတာလဲ မသိရသေးဘူး၊ စုံစမ်းနေတုန်းပဲ၊ အခု ဆင်တွေကတော့ တောင်ညိုမြို့သစ်ကိုရောက်ပြီလို့ ကြားတယ်။” ဟု Phonex D F (နတ်တလင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ရဲဘော်များနှင့် Phonex D F နတ်တလင်းမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

နတ်လင်းမြို့နယ်အတွင်း၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ပြီး မိဘပြည်သူများအနေဖြင့် အ ကြမ်းဖက်စစ်ကောင်စီတပ်သား များနှင့်အတူ ခရီးသွားလာခြင်း၊ အကြမ်းဖက်စစ်အုပ်စု အနီးအနား တွင်နေထိုင်ခြင်း၊ အကြမ်းဖက်စစ် ကောင်စီတပ်သားများနှင့် အဆက်အသွယ်ပြုလုပ်ခြင်းတို့ ရှောင် ရှားနေထိုင်ပေးကြပါရန် နတ်တလင်းမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းတွင် စစ်ယာဉ်တန်း ဖြတ်သန်းရန် လုံခြုံ ရေးယူပေးသော စစ်သားများကို ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်က ရန်ကုန်မှ မော်လမြိုင်ဘက်သို့ ဆင်းလာသည့် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို လုံခြုံရေးယူပေးရန် ထွက်လာသည့် အင်အား ၂၀ ခန့်ပါ စစ်သားများကို ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအနီး တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ပြန်ဆုတ်သွားကြောင်း သိရသည်။

“ယာဉ်တန်းက ရန်ကုန်ဘက်ကနေ ဆင်းလာတဲ့ ယာဉ်တန်းပါ၊ အဲဒီယာဉ်တန်းကို လုံခြုံရေးယူပေးဖို့ ဘီ လင်း တိုးဂိတ်ကနေ ရွာဘက်တွေကို ဆင်းပြီး လုံခြုံရေးယူပေးတာ၊ ဘီးလင်းတိုးဂိတ်မှာက အင်အား ၆၀ လောက်ရှိတယ်၊ တပ်စွဲထားတာ၊ အဲဒီကနေမှ ပထမ အယောက် ၂၀ လောက်ရှိမယ် လုံခြုံရေးယူပေးဖို့ ဆင်းလာတာ၊ အဲဒီအဖွဲ့ကို မိုင်းခွဲတယ်၊ ၃ ယောက်လောက်ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့သူတွေကို ဆွဲ ထုတ်ပြီး တိုးဂိတ်ဘက်ကို ပြန်ဆုတ်သွားတယ်၊ ပြီးတော့ တိုးဂိတ်မှာရှိတဲ့ အင်အား တဝက်ခွဲပြီးတော့ ဒုတိယကြိမ် ပြန်တက်လာတာ၊ အဲဒါကို ထပ်တိုက်ခိုက်ခဲ့တာ၊ ရန်ကုန်က ဆင်းလာတဲ့ယာဉ်တန်းလည်း လမ်းကနေ ပြန်လှည့်သွား တယ်လို့တော့ သတင်းကြားတယ်၊” ဟု တောကျီးကန်းစစ်ကြောင်းမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့နောက် နံနက် ၁၀ နာရီခွဲခန့်တွင် အင်အား ၃၀ ခန့်ဖြင့် ထပ်မံထွက်ခွာလာစဥ် အသင့်စောင့်ဆိုင်းနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုများစွာဖြင့် ပြန်လည် ဆုတ်ခွာသွား​ကာ စစ်သားများ ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောကျီးကန်း စစ်ကြောင်း၊ တပင်ရွှေထီး စစ်ကြောင်း၊ နယ်မြေဒေသ ကာကွယ် ရေး ဒရုန်းအဖွဲ့ နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက် ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article