ကချင်နှင့်ချင်းတိုင်းရင်းသားများကို စစ်ကောင်စီက နိုင်ငံကူးလက်မှတ် ထုတ်မ ပေး ရန် ညွှန်ကြားချက် ထွက်ရှိ
ရန်ကုန်၊ အောက်တိုဘာ ၁၉
ကချင်တိုင်းရင်းသားများနှင့် ချင်းတိုင်းရင်းသားများ နိုင်ငံကူးလက်မှတ် လျှောက် ထားမှု များကို စစ်ကောင်စီက ခွင့်မပြုတော့ဘဲ ငြင်းပယ်နေကြောင်း နိုင်ငံကူး လက်မှတ် လျှောက်ခဲ့သော ကာယကံရှင်များက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုကြသည်။
ယခု အောက်တိုဘာလ လဆန်းပိုင်း ရန်ကုန်တွင် နိုင်ငံကူးလက်မှတ်သွား ရောက် လျှောက်ထားခဲ့သော ကချင်တိုင်းရင်းသားတစ်ဦးက နိုင်ငံကူးလက်မှတ် လက်မှတ်ရန် အဆင့်များစွာ ဖြတ်သန်းပြီးနောက် စလစ်ထုတ်ယူချိန် ရောက်သော အခါ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ရဲမှူး တစ်ဦးက ခေါ်ယူ၍ ကချင်တိုင်းရင်းသား ဖြစ်နေ၍ နိုင်ငံကူးလက်မှတ် ထုတ်မပေးနိုင် ကြောင်း ခေါ်ယူပြောဆိုခဲ့ကြောင်း ကိုယ်တိုင်တွေ့ကြုံခဲ့ရသူ ကာယကံရှင် တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
“ကျနော်တစ်ဦးတော့မဟုတ်ဘူး။ ရှေ့မှာလည်း ကချင်လူမျိုးလို့ ပါတဲ့သူတွေ နိုင်ငံကူးလက်မှတ် မပေးတော့ဘူးလို့ ပြောတယ်။ ခဏ ဆိုင်းငံ့ထားတယ်ပေါ့။ နောက်မှ ပြန်လာစုံစမ်းပါ။ ထုတ်ပေးလို့ရတဲ့အချိန်ကျရင် မူလ တင်ထားတဲ့ လျှောက်လွှာတွေနဲ့ ပြန်လက်ခံပေးမယ်ပြောတယ်” ဟု ကချင်တိုင်းရင်း သားတစ်ဦးက ရှင်းပြသည်။
အလားတူ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် နိုင်ငံကူးလက်မှတ် လုပ်ခဲ့သော ချင်းတိုင်းရင်းသားတစ်ဦးကလည်း ချင်းတိုင်းရင်းသားများကို နိုင်ငံကူးလက်မှတ် ထုတ်မပေးရန် တရားဝင် ကန့်သတ်သည့် ညွှန်ကြားချက်ရရှိထား၍ လတ်တလော ထုတ်မပေးနိုင်တော့ကြောင်း၊ နောင်မှ ပြန်လည် လျှောက်ထားရန် ခေါ်ယူ ပြောဆိုခဲ့ကြောင်း သိရှိရသည်။
“ကျနော်က ဗမာ၊ ချင်း အစပ်ပါ။ မြ၀တီဘက်မှာ အိမ်ထောင်ကျတယ်။ အဲဒါ ကျနော့်မှတ်ပုံတင်ကလည်း ကရင်ပြည်နယ် ၃/ ကိုင်ဆောင်ထားတာပါ။ အဲဒါ မြ၀တီမှာ Passport လုပ်တာ ချင်းလူမျိုး လို့ပါရင် passport မလုပ်ပေးဘူးဆိုပြီး အမှုစစ်ရဲက ပြောပါတယ်။ ချင်းလူမျိုး မလို့ကို မလုပ်ပေးတာပါဆိုပြီး ပြောပါတယ်။ တန်းစီ အပင်ပန်းခံပြီးမှ နောက်ဆုံး အမှုစစ်အခန်းရောက်မှ ချင်းလူမျိူး ဆိုတာပါနေလို့ လျှောက်မရပါဘူးတဲ့။ ကျန်တာမရတာထက် ချင်လူမျိူး ဆိုတာ ပါနေလို့ နိုင်ငံကူးလက်မှတ် မပေးဘူးဆိုတာကို ဒေါသထွက်မိတာပါ။လူမျိုးရေး ခွဲခြားမှုတွေ လုပ်နေတာပါ” ဟု ကာယကံရှင်က ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြည်ထဲရေး သတင်းရင်းမြစ်ထံသို့ ဆက်သွယ်မေးမြန်းရာ နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ ညွှန်ကြားချက် အသစ်များဖြင့် တင်းကျပ်မှုများရှိနေကြောင်း၊ အဓိကအားဖြင့် နိုင်ငံကူးလက်မှတ်များ လုပ်ပေးရာတွင် ငွေတောင်းယူမှုများကို စိစစ်ရန်၊ CDM ဝန်ထမ်းများနှင့် နိုင်ငံရေး လှုပ်ရှား မှုကြောင့် ဖမ်း၀ရမ်း ထွက်ထားသူများက ငွေကြေးပေး၍ နိုင်ငံကူးလက် မှတ် ထုတ်ယူသွားမှုများ မရှိစေရေး စိစစ်ရန်၊ နယ်ကျော် နိုင်ငံကူးလက်မှတ် လျှောက်ထားမှု မှန်သမျှကို ခွင့်မပြုရန် ညွှန်ကြားချက်ရှိကြောင်း၊ ကချင်နှင့်ချင်းလူမျိုးများကို နိုင်ငံကူးလက်မှတ် ထုတ်မပေးမှုသည် နယ်ကျော် လျှောက်ထားမှုများကို ခွင့်မပြုရန် ညွှန်ကြားချက်ကြောင့် ဖြစ်နိုင်ကြောင်း ပြောဆိုသည်။