သဲကုန်း မြို့နယ်၊ ရင်းတိုက်မှော်ကျေးရွာတွင် ပျူစောထီး လုပ်မည်ဆိုလျှင် တစ်လ ဆန်တစ်အိတ်၊ ဆီတစ်ပိဿာနှင့်ငွေကျပ် နှစ်သောင်းပေးမည်ဟု စစ်တပ်နှင့်ကြံ့ဖွတ်ပါတီက စည်းရုံးပြီး စစ်သင်တန်း တက်ခိုင်း
ရန်ကုန်၊ အောက်တိုဘာ ၂၀
ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ရင်းတိုက်မှော်ကျေးရွာတွင် ပျူစောထီးအဖြစ် စစ်သင်တန်းမည်ဆိုလျှင် လူတစ်ဦး တစ်လ ဆန်တစ်အိတ်၊ ဆီတစ်ပိဿာနှင့်ငွေကျပ် နှစ်သောင်း လစဉ်ပေးမည်ဟု စစ်တပ်နှင့်ကြံ့ဖွတ်ပါတီက စည်းရုံးလျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ရင်းတိုက်မှော်ကျေးရွာ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ အေးကို နှင့် တပ်မ ၆၆ မှ ဗိုလ်တစ်ဦးတို့က ကျေးရွာအတွင်း ပျူစောထီးများ စုဆောင်းပြီး စစ်သင်တန်းပေးပေးမည်ဖြစ်ကြောင်း၊ စစ်သင်တန်းတက်ရောက်မည့်သူများအနေဖြင့် တစ်လ ဆန်နှင့်ဆီ ၊ ငွေကျပ် နှစ်သောင်း လစဉ်ပေးအပ်မည်ဖြစ်ကြောင်း၊ အနီးအနားပတ်ဝန်းကျင် ကျေးရွာများမှလည်း မည်သူမဆို လာရောက် စစ်သင်တန်းတက်နိုင်ကြောင်း ပြောဆို စည်းရုံးလျက်ရှိကြောင်း သိရှိရသည်။
“တပ်မ၆၆ကဗိုလ်တယောက်နဲ့ရင်းတိုက်မှော်ကျေးရွာကကြံ့ဖွတ်ပါတီဥက္ကဋ္ဌ အေးကိုတို့ပူးပေါင်းပြီး စစ်သင်တန်း စီစဉ်တယ်။ တက်ဖို့ ရွာတွေက လူတွေကို စည်းရုံးတယ်။ ပျူစောထီး သင်တန်း တက်ပြီးသားသူတွေထဲက လူတွေလည်း လိုက်သွားကြတယ်။ တစ်လ ဆန်တစ်အိတ်နဲ့ဆီတစ်ပိဿာ၊ ငွေနှစ်သောင်းပေးမယ်လို့ပြောပြီ ခေါ်ပါတယ်။ ရွာသစ်ကုန်းကျေးရွာက လူ ၉ ဦး၊ ကျပ်ကုန်းကျေးရွာက ၂ ဦး ၊ ကျန်တဲ့ရွာတွေက လူတွေလည်း ၂ ဦး၊ ၃ ဦး ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် စစ်သင်တန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင် ဖွင့်လှစ်လျက်ရှိပြီး ရွာသစ်ကုန်းရွာ ရှမ်းစုပရင်း၊ ကျပ်ကုန်းရွာ၊ မအူပင်ကွေ့ကျေးရွာ အပါအဝင် အခြားသော ကျေးရွာများမှ ပြည်သူများ စစ်သင်တန်း လာရောက် တက်ကြကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် ပျူစောထီးများကို စစ်သင်တန်း ပို့ချနေမှုမြင်ကွင်း။