စစ်ကောင်စီကို ဂြိုလ်တုနဲ့ ဆက်သွယ်ရေး ဆက်စပ်ပစ္စည်းများ ရောင်းချခဲ့တဲ့ ဂျာမနီ ဆက်သွယ်ရေးကုမ္ပဏီ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခံနေရ
ရန်ကုန်၊ အောက်တိုဘာ ၂၀
မြန်မာ အကြမ်းဖက်စစ်အုပ်စုကို ဆက်သွယ်ရေးပစ္စည်းများ တင်သွင်းရောင်းချခဲ့တဲ့ ဂျာမန်ဂြိုဟ်တုဆက်သွယ်ရေး ကော်ပိုရေးရှင်း ND SatCom ကို ဂျာမနီ အစိုးရဘက်က ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ Justice For Myanmar က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အဲ့ဒီ့ စုံစမ်းစစ်ဆေးမှုတွေဟာ Justice For Myanmar က ပေးအပ်ခဲ့တဲ့ သုတေသနဲ့ အထောက်အထားတွေကို အခြေခံပြီး ဂျာမနီ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တွေရဲ့ တိုင်ကြားမှုတွေကြောင့် စုံစမ်းစစ်ဆေးမှုတွေကို စတင်ပြုလုပ်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ND SatCom ဟာ ဂျာမနီ နိုင်ငံ အင်မန်းစတာ့ဒ်မြို့တွင် အခြေစိုက်တဲ့ ဂျာမန်ဂြိုဟ်တုဆက်သွယ်ရေး ကော်ပိုရေးရှင်း တစ်ခုဖြစ်ပါတယ်
ကုမ္ပဏီ ရဲ့ ဝက်(ဘ်) ဆိုဒ်အရ “စစ်ဘက်ဂြိုလ်တု ဆက်သွယ်ရေး စနစ်များအတွက် ဒီဇိုင်းရေးဆွဲခြင်း၊ အဆင်သင့် အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးခြင်း (Turnkey delivery) နှင့် ထောက်ပံ့ပို့ဆောင်ရေး အကူအညီများ လုပ်ဆောင်တဲ့ ကုမ္ပဏီလို့ ဖော်ပြထားပါတယ်။
ND SatCom ဟာ မြန်မာစစ်အုပ်စုအတွက် ၂၀၁၆ ခုနှစ်က စတင်ပြီး မိတ္ထီလာဌာနချုပ်စခန်း၊ အချက်ပြ ထုတ်လွှင့်ရေးဌာန၊ လက်ကိုင်ရေဒီယို ဖုန်းစနစ်များအတွက် အသုံးပြုတဲ့ 5G ဂြိုလ်တု ဆက်သွယ်ရေး ဟာ့ဒ်ဝဲနှင့် ဆော့ဝဲလ်များအပါအဝင် မြန်မာစစ်အုပ်စု၏ ဂြိုလ်တုဆက်သွယ်ရေးစနစ် အတွက် အရေးပါတဲ့ ပံ့ပိုးကူညီမှုများကို ပေးအပ်ခဲ့တယ်လို့ Justice For Myanmar က စုံစမ်းဖော်ထုတ်နိုင်ခဲ့တာပါ။
ND SatCom က ၎င်းရဲ့ စက်ပစ္စည်းတွေ ကို စစ်အုပ်စု အာဏာသိမ်းခါနီး ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ဗီယက်နမ်နိုင်ငံမှတဆင့် မြန်မာစစ်အုပ်စုထံ ပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။
အထူးသဖြင့် ဂြိုလ်တုမိုဒမ်များ (modems) တွေကို စစ်အုပ်စုရဲ့ ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှုးရုံးကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
အခုလို ရောင်းဝယ်မှုတေအတွက် ပြည်တွင်းက ခရိုနီကုမ္ပဏီဖြစ်တဲ့ A1 Group of Companies ရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ မြန်မာပုဂ္ဂလိကကုမ္ပဏီ Terabit Wave Company Limited က ဗီယက်နမ်ကုမ္ပဏီ OSB Investment and Technology JSC (“OSB”) နဲ့ ပူးပေါင်းပြီး ဆက်သွယ်ရေးပစ္စည်းတွေကို ကြားခံပွဲစားအဖြစ် ဝယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။
Terabit Wave နှင့် OSB တို့ဟာ မြန်မာနိုင်ငံမှာ ဖက်စပ်လုပ်ငန်းတစ်ခုအဖြစ် Com & Com Company Limited ကို လုပ်ကိုင်ပြီး၊ အဲ့ဒီ့ ကုမ္ပဏီဟာ မြန်မာစစ်အုပ်စု၊ ဆက်သွယ်ရေးညွှန်ကြားရေးမှုးရုံးရဲ့ ND SatCom စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းအပါအဝင် စစ်ဘက်နဲ့ အရပ်ဘက် ဂြိုလ်တု ဝန်ဆောင်မှုတွေကို ပေးအပ်ခဲ့တယ်လို့ JFM ကဖော်ထုတ် တွေ့ ရှိခဲ့တာပါ။
“ND SatCom အပေါ် ရာဇ၀တ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်တာကို ကြိုဆိုပါတယ်။ ND SatCom အပေါ် အရေးယူ ဆောင်ရွက်မှုတွေ အလျင်အမြန် ဆောင်ရွက်ဖို့နဲ့ ဂျာမန်စက်ပစ္စည်းတွေနဲ့ နည်းပညာတွေကို မြန်မာစစ်အုပ်စု ရရှိနေတာကို ဖြတ်တောက်ဖို့ ဂျာမန်အာဏာပိုင်တွေကို တိုက်တွန်း တောင်းဆိုပါတယ်” JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
ဆက်လက်ပြီး “ဂျာမနီအနေနဲ့ ဥပဒေချိုးဖောက်မှုတွေကို သည်းခံမှာ မဟုတ်ကြောင်း ပြသရမှာ ဖြစ်ပါတယ်။ အခြား ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့လည်း စစ်လက်နက်၊ စက်ပစ္စည်းကိရိယာနဲ့ နည်းပညာတွေ တရားမဝင် လွှဲပြောင်းရောင်းချခဲ့ကြတဲ့ သက်ဆိုင်ရာကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီး၊ ဥပဒေအရ တာဝန်ခံစေဖို့ တောင်းဆိုပါတယ်” ဟု မရတနာမောင်က ဆိုပါတယ်။
မြန်မာစစ်အုပ်စုကို ပံ့ပိုးကူညီပြီး၊ စစ်ကောင်စီ ကျူးလွန်နေတဲ့ နိုင်ငံတကာ စစ်ရာဇဝတ်မှုတွေမှာ ပါဝင် ပတ်သက်လာတဲ့ A1 ကုမ္ပဏီအုပ်စု၊ OSB Investment and Technology JSC ကုမ္ပဏီနဲ့ ၎င်းတို့ရဲ့ ဒါရိုက်တာများနဲ့ ပိုင်ရှင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်နိုင်ဖို့ကိုလည်း Justice For Myanmar ကတစ်ဆက်တည်း တောင်းဆိုထားပါတယ်။