31 C
Yangon

NUG ၊ NUCC ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေး အင်အားစု များက ဥရောပသမဂ္ဂ နှင့်အဖွဲ့ဝင်နိုင်ငံများ ထံသို့ “ပရာ့ဂ်ပန်ကြား ချက်” ထုတ်ပြန် တောင်းဆို

Must read

NUG ၊ NUCC ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေး အင်အားစု များက ဥရောပသမဂ္ဂ နှင့်အဖွဲ့ဝင်နိုင်ငံများ ထံသို့ “ပရာ့ဂ်ပန်ကြား ချက်” ထုတ်ပြန် တောင်းဆို

■ စစ်တပ်နှင့် စေ့စပ်ညှိနှိုင်းရမည့်အချိန်မဟုတ်ဘဲ စစ်ကောင်စီကို တရားဝင်မှု မပေးရန်နှင့် အတုအယောင် ရွေးကောက်ပွဲ ကို အသိအမှတ်မပြု ရန် တောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၂၀

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေး အင်အားစုများက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပသမဂ္ဂထံသို့ “ပရာ့ဂ် ပန်ကြားချက်” ထုတ်ပြန်တောင်းဆိုလိုက်ပြီး ယင်းပန်ကြားချက်တွင် မြန်မာ စစ်တပ်နှင့် စေ့စပ်ညှိနှိုင်းရမည့်အချိန်မဟုတ်ဘဲ စစ်ကောင်စီကို တရားဝင်မှု မပေးရန်နှင့် အတုအယောင် ရွေးကောက်ပွဲ ကို အသိအမှတ်မပြု ရန် တောင်းဆိုထားသည်။

အောက်တိုဘာလအတွင်း ချက်နိုင်ငံ၊ ပရာ့ဂ်မြို့တွင် မြန်မာ့အရေး ဖိုရမ် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းဖိုရမ်တွင် အဆိုပါ ပန်ကြားချက်ကို ထုတ်ပြန်တောင်းဆိုခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေး အင်အားစုများအနေဖြင့် မြန်မာနိုင်ငံအခြေအနေများနှင့် စပ်လျဉ်း၍ မြေပြင်ရှိ ပကတိအမှန်တရားများကို သိရှိနားလည်စေရန်နှင့် နိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို အထောက်အပံ့ဖြစ်စေရန်တို့အတွက် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပရှိ မိတ်ဆွေများထံသို့ ဤ “ပရာ့ဂ်ပန်ကြားချက်”ကို ထုတ်ပြန်တောင်းဆိုလိုက်ကြောင်း၊ မိမိတို့၏ရပိုင်ခွင့်အပေါ် အခြေခံ၍ တော်လှန်ရေးဆင်နွှဲလာသည်မှာ တတိယမြောက်နှစ်ပင် တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဒီမိုကရေစီကို ထိန်းသိမ်း ကာ၊ အခြေခံလွတ်လပ်ခွင့်များနှင့် အရပ်သားအုပ်ချုပ်မှုကို ကာကွယ်စောင့်ရှောက်ရန်၊ သေနတ်ကိုင်ဆောင်ထားသည့်လူရမ်းကားများထံ၌ ဘ၀များ၊ အခွင့်အရေးများကို အညံ့ခံအရှုံးပေးမည် မဟုတ်ကြောင်း ဖော်ပြထားသည်။

စစ်အာဏာရှင်တို့သည် ရက်စက်ကြမ်း ကြုတ်မှုများ၊ သတ်ဖြတ်မှုများ၊ အရပ်သားထောင်ပေါင်းများစွာအား ဖမ်းဆီးထိန်းသိမ်းထားမှုများကို ကျူးလွန်နေပြီး၊ ပြည်သူပေါင်း (၂) သန်းကျော်မှာ နိုင်ငံအတွင်း နေရပ်စွန့်ခွာ ပြောင်းရွေ့ နေထိုင်ကြရကာ၊ နေအိမ် (၇၀,၀၀၀) ကျော် ဖျက်ဆီးခံခဲ့ရကြောင်း၊ ဒီမိုကရေစီနှင့် ကိုယ်စားပြုအုပ်ချုပ်မှု နှင့် ရက်စက်ကြမ်းကြုတ်လှသည့် စစ်အာ ဏာရှင်နှောင်ကြိုးကွင်းဆက်ကို မြန်မာနိုင်ငံတွင် အဆုံးသတ်နိုင်ရေးတို့အတွက် စည်းလုံးညီညွတ်စွာကတိကဝတ်ပြုအပ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အပေါ်တွင် အခြေပြု၍၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့်၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေး၊ လူနည်းစုများအား ကာကွယ် စောင့်ရှောက်ရေးနှင့် လူမှု လူမှုပေါင်းစည်းညီညွတ်မှုခိုင်မာရေး စသည့် အခြေခံမူများ အပေါ်၌ အခြေခံသော ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတော်တည်ထောင်ရန်မှာ ဘုံနိုင်ငံရေးရည်မှန်းချက် ဖြစ်ကြောင်း၊ မြန်မာ စစ်တပ်ကို နိုင်ငံရေးမှ ဖယ်ရှားသွားရန်၊ အသွင် ကူးပြောင်းရေးကာလ တရားမျှတမှုနှင့် တာဝန်ခံမှုတို့ကို ဖော်ဆောင် ရန်နှင့် နိုင်ငံပြန်လည်တည်ဆောက်ရေးတွင် နိုင်ငံတကာနှင့် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်သွားရန် တို့ကို ကတိကဝတ်ပြုကြောင်း ပရာ့ဂ်ပန်ကြားချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေးအင်အားစုများ အနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပရှိ မိတ်ဖက်များထံ အောက်ပါအချက်များကို တောင်းဆိုကြောင်း သိရှိရသည်။

ပရာ့ဂ် ပန်ကြားချက်ပါ တောင်းဆိုချက်များမှာ

• မြန်မာပြည်သူလူထု၏ မိမိတို့ကိုယ်တိုင်နှင့် မိမိတို့၏လွတ်လပ်မှုကို ကာကွယ် စောင့်ရှောက်မည့် ဆုံးဖြတ်ချက်ကိုလေးစားရန်နှင့် အကြမ်းဖက်စစ်အာဏာရှင်တို့၏ ခေါင်းမာမှုကို အကျိုးဖြစ်စေမည့် ကိုယ့်သဘောနှင့်ကိုယ် ကြားဝင်စေ့စပ်ညှိနှိုင်းဆွေးနွေး မှုများကို မပြုလုပ်ကြရန်၊

• အကြမ်းဖက်စစ်အာဏာရှင်တို့၏ အတုအယောင် ရွေးကောက်ပွဲများ ကျင်းပရန် ကြံစည်အားထုတ်မှုများသည် အကြမ်းဖက်မှုများသို့သာ ဦးတည်စေပြီး၊ ဒေသတွင်း တည်ငြိမ်မှုအပေါ် ခြိမ်းခြောက်နိုင်သည်ကို သတိပြုကြရန်နှင့် လက်မခံကြရန်။

• နယ်စပ်ဖြတ်ကျော် ဖြန့်ဖြူးရေး လမ်းကြောင်းများ၊ ကျွန်ုပ်တို့အင်အားစုများ၏ ဝန်ဆောင်မှုပေးနေသူများ နှင့် ပြင်ပမှဝန်ဆောင်မှုပေးသူများ မှတဆင့် အကူအညီများ လိုအပ်လျက်ရှိသော နိုင်ငံအတွင်း နေရပ်စွန့်ခွာ ပြောင်းရွေ့နေထိုင်ကြရသည့် ပြည်သူအားလုံးထံသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပို၍ ပံ့ပိုးပေးရန်။

• အကြမ်းဖက်စစ်အာဏာရှင် နှင့် ပတ်သက်ဆက်စပ်နေသော လုပ်ငန်းစုများ၊ ငွေကြေးအဖွဲ့အစည်းများ၊ သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် လေယာဉ်ဆီကုမ္ပဏီ များအား အရေးယူပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ရန်နှင့် ချမှတ်ထားပြီးဖြစ်သော ပိတ်ဆို့မှု များကို ထိရောက်မှုရှိစေရေး လုပ်ဆောင်ရန်။ နိုင်ငံတကာအရေးယူ ပိတ်ဆို့မှုများသည် မြန်မာပြည်သူလူထုအပေါ် စစ်ပွဲဆင်နွှဲနေသော အကြမ်းဖက်စစ်အာဏာရှင်တို့၏ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်သည့်အတွက်၊ ပိုမိုတိုးမြှင့် လုပ်ဆောင်ရန်။

• အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အဆင့်ဆင့်ဖွံ့ဖြိုးလာလျက်ရှိသော ပြည်နယ်အစိုးရများအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရများအဖြစ် အသိအမှတ်ပြု ရန်နှင့် အခြားတော်လှန်ရေးအင်အားစုများအား ဒီမိုကရေစီ အဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြုရန်။

• နည်းပညာအကူအညီများနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အထောက်အပံ့များ ပေးအပ်ရန်နှင့်ရပ်ရွာလူထုနှင့် ပြည်သူများ၏ အသံကို ကြားသိနိုင်ရန်နှင့် တရားဝင် ကိုယ်စားပြုနိုင်ရန်တို့အတွက် ကိုယ်စားလှယ် များကို နှစ်နိုင်ငံချင်အစည်းအ၀ေးများ နှင့် EU နိုင်ငံစုံ အစည်းအဝေးများသို့ ဖိတ်ကြား ရန်။

• မြန်မာနိုင်ငံအပေါ် တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းမှုများကို ရှေ့တိုးလုပ်ဆောင်နိုင် စေရန်နှင့် ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) အပေါ် မြန်မာစစ်တပ်က လိုက်နာရန် ပျက်ကွက်မှုကို ကိုင်တွယ်ဆောင်ရွက်ရန် တို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား ဆက်လက် ဖိအားပေးရန်နှင့် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကိုယ်တိုင် ဦးဆောင်ဦးရွက်မှု ပြုစေရေး တိုက်တွန်းရန်။

• နိုင်ငံတကာတရားမျှတရေး ယန္တရားများမှတဆင့်ဖြစ်စေ၊ နိုင်ငံတော်တရားရုံးများ၌ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်ကို အသုံးပြု၍ဖြစ်စေ၊ မြန်မာနိုင်ငံ၌ ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်တခုလုံးအပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ရှိစေရေးတို့ကို ဖော်ဆောင်လျက်ရှိသည့် ကြိုးပမ်းအားထုတ်မှုများကို ကူညီထောက်ခံရန်။

• အကြမ်းဖက်စစ်အာဏာရှင်တို့၏ တရားဝင်ဖြစ်မှု တောင်းဆိုချက်များကို ပယ်ချ ရန်၊ ၎င်း၏ အတုအယောင် ရွေးကောက်ပွဲများကို ဆန့်ကျင်ရန်နှင့် ကုလသမဂ္ဂ အစည်း အဝေးများ အပါအဝင် ဥရောပသမဂ္ဂနှင့် နိုင်ငံတကာဆွေးနွေးပွဲ များတွင် အကြမ်း ဖက်စစ်တပ်မှ ပါဝင်တက်ရောက်မှု မရှိစေရေး တားဆီးပိတ်ပင်ရန်။

• အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ နှင့် မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှု ပြုရေးအတွက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အခြားသော ဖွံဖြိုးတိုးတက်မှု ဖော်ဆာင်ရေးဆိုင်ရာ အဖွဲ့အစည်းများ အား အားပေးရန်နှင့် အကြမ်းဖက်စစ်တပ်ကို တရားဝင်မှုဖြစ်စေသည်ဟု ယူဆနိုင်သည့် လုပ်ရပ်များကို ရှောင်ကြဉ်ရန် တို့ဖြစ်ကြောင်း သိရှိရသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် နွေဦးတော်လှန်ရေး အင်အားစုကိုယ်စားလှယ်များပါဝင်သော ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ပရာ့ဂ် မြို့တွင်ကျင်းပသည့် Forum 2000 ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း၊ ပရာ့ဂ်မြို့ခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် ချက်သမ္မတနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Jan Lipavský နှင့် တွေ့ဆုံခဲ့ပြီး ဝန်ကြီးဒေါ်ဇင်မာအောင်မှ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များနှင့် ဥရောပသမဂ္ဂသို့ “ပရာ့ဂ်ပန်ကြားချက်” ကိုပေးအပ်ခဲ့ကြောင်း သိရှိရသည်။

“ပရာ့ဂ်ပန်ကြားချက်” တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုး သားညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် နွေဦးတော်လှန်ရေးအင်အားစုများသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပမှ မိတ်ဆွေများထံ “မြန်မာနိုင်ငံ၏အခြေအနေနှင့်စပ်လျဥ်းပြီး မြေပြင်တွင်အမှန်တကယ် ဖြစ်ပေါ်နေသည့် အခြေအနေမှန်များ” ကို ပူးတွဲတင်ပြခဲ့ပြီး “ဖက်ဒရယ်ဒီမိုကရေစီ စနစ်အသွင်ကူးပြောင်းရေး” အတွက် ကြိုးပမ်းအားထုတ်မှုများတွင် ပံ့ပိုးကူညီကြရန် ပူးတွဲတောင်းဆိုခဲ့ကြသည်။

ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jan Lipavský နှင့် တွေ့ဆုံခြင်းအပြင် မြန်မာကိုယ် စားလှယ်အဖွဲ့ကို ချက်သမ္မတနိုင်ငံအထက်လွှတ်တော်၊ ချက်သမ္မတနိုင်ငံအောက်လွှတ် တော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကလည်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အထက် လွှတ်တော် ဒုတိယဥက္ကဋ္ဌ Jiří Oberfalzer နှင့် နိုင်ငံခြားရေးရာ၊ ကာကွယ်ရေးနှင့် လုံခြုံ ရေးကော်မတီ ဥက္ကဋ္ဌ Pavel Fischer တို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ ချက်သမ္မတနိုင်ငံ အောက်လွှတ်တော်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့အား လွှတ်တော် အမတ် Josef Damián Flek နှင့် Jarmila Levko ဦးဆောင်သော “ဒီမိုကရက်တစ်မြန်မာ၏ မိတ်ဆွေများအဖွဲ့” မှ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးများနှင့် အရပ်ဘက်တက်ကြွလှုပ်ရှားသူကိုယ်စားလှယ်များ တက်ရောက်ဦးဆောင်ဆွေးနွေးသည့် ပရာ့ Forum 2000 ဆွေးနွေးပွဲတွင် စစ်အာဏာရှင်က မြန်မာပြည်သူများ အပေါ်အဘယ်ကြောင့် မအောင်မြင်နိုင် ကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေးမဟာမိတ်များက ဒီမိုကရက်များ နှင့် အိမ်နီးချင်း များထံမှလိုအပ်သည်များကို ဆွေးနွေးခဲ့ကြကြောင်း၊ စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုနှင့် အကြမ်းဖက်ခြင်းမှ လွတ်မြောက်ရေး ကြိုးပမ်းမှုအပေါ် အခိုင်အမာ ထောက်ခံသူ Igor Blazevic က ဆွေးနွေးပွဲကို ကူညီအကျိုးဆောင်ပံ့ပိုးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article