35 C
Yangon

တကောင်းတိုက်နယ်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ ပြည်သူ့နေ အိမ် ၁၀ လုံးထက်မနည်းကို စစ်တပ်က မီးရှို့ပြီး တန်ဖိုးကြီးပစ္စည်းများကို လုယက်

Must read

တကောင်းတိုက်နယ်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ ပြည်သူ့နေ အိမ် ၁၀ လုံးထက်မနည်းကို စစ်တပ်က မီးရှို့ပြီး တန်ဖိုးကြီးပစ္စည်းများကို လုယက်

ရန်ကုန်၊ အောက်တိုဘာ ၂၂

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်းသို့ ဝင်ရောက် လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး ထက်မနည်းသေဆုံးကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အောက်တိုဘာလ ၁၁ ရက်နေ့မှစ၍ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာမှ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိရာ အောက်တိုဘာလ ၂၁ ရက်နေ့အထိ နေ့စဉ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေ ကြောင်း၊ အဆိုပါတိုက်ပွဲများ အတွင်း အကြမ်းဖက်စစ်သား ၁၆ ဦးထက်မနည်းသေဆုံးထားပြီး မိုင်း ဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကားများလည်း ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းက ကြာညှပ်ကို အင်အားဖြည့်ပြီး အင်အား ၁၅၀ လောက်နဲ့ ထိုးလာတာ၊ ၁၁ ရက်နေ့က တည်းကပဲ၊ တိုက်ပွဲကတော့ ၁၃ ရက်နေ့ကတည်းက စဖြစ်တာ၊ အောက်တိုဘာလ ၂၁ ရက်နေ့ အထိ ပဲ၊ တစ်ရက်ကို ၂ ကြိမ် ၃ ကြိမ်လောက်ဖြစ်တယ်၊ အခုနောက်ပိုင်း ခပ်စိပ်စိပ်ဖြစ်လာတာတွေ့ရတယ်၊ စစ် သား ၁၆ ယောက်လောက်သေထားတယ်လို့ကြားတယ်၊ အတိအကျတော့မသိရဘူး၊ စစ်ကြောင်းက အခု အထိထိုးနေတုန်း၊ ၃ မိုင်ကိုရောက်နေတာ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

စစ်တပ်က အောက်တိုဘာလ ၁၄ ရက်နေ့တွင် သီကုန်းရွာမှ နေအိမ် ၂ လုံး၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် မတောင်ရွာမှ နေအိမ် ၃ လုံး၊ လက်ပန်ကုန်း၊ ဆယ်ဇင်းကုန်းရွာများမှ နေအိမ် ၅ လုံးခန့် မီးရှို့ခံရသည့် အပြင် စစ်ကြောင်း ဝင်ရောက်ခဲ့သည် ပေါ်မူတော်ရွာတွင် လည်း နေအိမ်များ မီးရှို့ခံရမှုရှိကြောင်း၊ နေအိမ်အတွင်းရှိ တန်ဖိုးကြီး ပစ္စည်းများ၊ ဈေးဆိုင်များအပါအဝင် တစ်ရွာလုံးကို စစ်တပ်က ဖောက်ထွင်းခိုးယူသွားခဲ့ ကြောင်း သိရသည်။

“သူတို့ ဝင် သမျှ ရွာတွေ အကုန်မွှေတာ၊ ပေါ်တော်မူရွာဆိုရင် တစ်ရွာလုံး ဖောက်ပြီး ခိုးသွားတာပဲ၊ တ အိမ်မှ မလွတ်ဘူး၊ ဈေးဆိုင်တွေလည်း အခွံပဲကျန်တယ်၊ ရွှေတွေ၊ ပိုက်ဆံတွေ အကုန်ပါတာ၊ တန်ဖိုး ကြီးပစ္စည်းတွေ၊ စားစရာတွေ၊ အမျိုးသမီးအဝတ်အစားတွေက အစပဲ၊ အကုန်လုံးစိတ်ဓာတ် ကျနေကြ တယ်၊ ကားတွေနဲ့ တင်ပြီး ကြာညှပ် ဘက်ကို သယ်တာ၊ ပြည်သူတွေကတော့ စစ်ကြောင်းလာတဲ့ အချိန် ရှောင်နေကြ ရတာပေါ့၊ သူတို့ ထွက်သွားမှ ရွာထဲ ပြန်ဝင်ကြည့်ရဲတာ၊ ပြည်သူတွေသတ်ဖြတ်ခံ ရတာမျိုး တော့ မကြားမိသေးပါဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်က တကောင်းတိုက်နယ်အတွင်းရှိ ကိုးပင်၊ ဝါးရုံကုန်း၊ သီးကုန်း၊ ဆယ်ဇင်းကုန်း၊ လက်ပန်ကုန်း၊ ရေယာဉ်၊ မတောင်၊ ပေါ်တော်မူ၊ ဆင်ညှပ်ကုန်း စသည့်ကျေး ရွာများမှ ပြည်သူ့နေအိမ်များဖောက်ထွင်းခိုးယူခြင်း၊ နေအိမ်အချို့မီးရှို့မှုများ လုပ်ဆောင်နေပြီး လက်ရှိတွင် စစ်တပ်စစ်ကြောင်းသည် ၃ မိုင်ဘက်သို့ ရောက်ရှိနေကြောင်း သိရသည်။

Photo – တကောင်းတိုက်နယ်မှ တော်လှန်ရေးတပ်ဖွဲ့များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article