30 C
Yangon

မြန်မာစစ်တပ်က ကလေးငယ်များ၊ အမျိုးသမီးများနှင့် ပြည်သူများကို သတ် ဖြတ်သည့် အလွန်ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများ ကျူးလွန်လာဟု ကုလသမဂ္ဂက စိစစ်တွေ့ရှိ

Must read

မြန်မာစစ်တပ်က ကလေးငယ်များ၊ အမျိုးသမီးများနှင့် ပြည်သူများကို သတ် ဖြတ်သည့် အလွန်ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများ ကျူးလွန်လာဟု ကုလသမဂ္ဂက စိစစ်တွေ့ရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၅

အကြမ်းဖက် မြန်မာစစ်တပ်က ကလေးငယ်များ၊ အမျိုးသမီးများနှင့် ပြည်သူ များကို သတ်ဖြတ်သည့် အလွန်ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများ ကျူးလွန်လာကြောင်း အောက်တိုဘာလ ၂၃ ရက်နေ့ ကုလသမဂ္ဂညီလာခံကော်မတီအစည်းအဝေးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ၊ အထူးကိုယ်စား လှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစုံစမ်းရေး ယန္တရားတို့က သီခြားအစီ ရင်ခံစာများ တင်ပြ၍ ထုတ်ဖော်ပြောဆိုလိုက်ကြသည်။

မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်နေပြီး လက်ရှိအချိန်အထိ အရပ်သားပြည်သူ ၄၀၀၀ ကျော်ကို သတ် ဖြတ်ခဲ့ကြောင်း၊ စစ်တပ်က ၎င်းတို့ နယ်မြေစိုးမိုးမှုမရှိသည့် ဒေသများမှ စာသင် ကျောင်းများ၊ ဆေးရုံများ၊ စစ်ဘေးရှောင်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်နေပြီး လေကြောင်း တိုက်ခိုက် မှုများမှာလည်း ယမန်နှစ်ထက် ၃၀၀ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်း ကုလသမဂ္ဂက ပြောဆိုသည်။

ကုလသမဂ္ဂအထူးစုံစမ်းစစ်ဆေးရေးသူ Thomas Andrews က စစ်တပ်က ဖမ်းဆီးထားသော အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ မီးရှို့ သတ်ဖြတ်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်း၊ ခြေလက်များဖြတ်တောက်ခြင်း ၊ ကိုယ် ခန္ဓာ ရုပ်အလောင်းများကို ပုံပျက်ဆင်းပျက်ဖြစ်အောင် လုပ်ဆောင်ခြင်းဖြင့် ပြည် သူ များကို အကြမ်းဖက်နေကြောင်း ပြောဆိုသည်။

“တချို့သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတဲ့အပြင် မုဒိမ်းကျင့်ခံထားရတဲ့ လက္ခဏာတွေ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခံထားရတာတွေ ရှိနေပါတယ်။ အုပ်စုလိုက် မုဒိမ်းကျင့်တာတွေ လူမဆန်အောင် ပြုမူ သတ်ဖြတ်တာတွေလည်းရှိနေပါတယ်။ ဒီအထဲမှာ ကလေးငယ်တွေလည်း ပါဝင်နေပါတယ်” ဟု ကုလသမဂ္ဂအထူးစုံစမ်းစစ်ဆေးရေးသူ Thomas Andrews က ပြောဆိုသည်။

ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးယန္တရားကမူ စစ်တပ်က အရပ်သားပြည်သူများကို ရက်စက်ကြမ်းကြုတ်မှု အမြင့်ဆုံးအဆင့်ဖြင့် ကျူးလွန်နေကြောင်း ပြောဆိုသည်။

ကုလသမဂ္ဂက တင်ပြသည့် အစီရင်ခံစာများသည် ထိတ်လန့်စရာ ကောင်းသော်လည်း စစ်ရာဇဝတ်မှုများကို နှစ်ပေါင်းများစွာ ကျူးလွန်နေသော မြန်မာစစ်တပ်၏ လုပ်ရပ်အတွက် အံ့အားသင့်စရာမရှိကြောင်း၊ စစ်တပ်က ၎င်းတို့ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့် ပြစ်မှုများအတွက် မည်သည့်အခါကမှ အရေးယူခံရခြင်းမရှိခဲ့ကြောင်း၊ ထိုသို့ အရေးယူမှု မရှိခြင်းက လက်ရှိ အခြေအနေများကို ပိုမိုဆိုးဝါးစေပြီး အကြမ်းဖက်မှုများ ပိုမို အားပေးနေကြောင်း ကုလသမဂ္ဂက ပြောဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာစစ်တပ်အပေါ် လက်နက်ရောင်း ချမှု ပိတ်ဆို့ခြင်းနှင့် စစ်တပ်၏ ဝင်ငွေများအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ မှုများကို အလျင်အမြန် ချမှတ်သင့်ကြောင်း၊ မြန်မာ့အရေးကို နိုင်ငံ တကာ ရာဇဝတ်တရားရုံးသို့ လွှဲပြောင်းပေးသင့်ကြောင်း၊ စစ်ကောင်စီကျူးလွန်နေသော အကြမ်းဖက်မှုများကို ရပ်တန့်ရန် ခိုင်မာ ပြင်းထန်သော အရေးယူမှု လို အပ်ကြောင်း ကုလသမဂ္ဂက တိုက်တွန်းသည်။

ဓာတ်ပုံ- အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂညီလာခံ၏ မြန်မာ့အရေး ကော်မတီအစည်းအဝေး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article