30 C
Yangon

အန်ဂိုလာနိုင်ငံ၌ ကျင်းပလျက်ရှိသော နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ် အစည်းအဝေးများကို မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေ

Must read

အန်ဂိုလာနိုင်ငံ၌ ကျင်းပလျက်ရှိသော နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ် အစည်းအဝေးများကို မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၇

အန်ဂိုလာနိုင်ငံ၊ လူရမ်ဒါမြို့၌ ကျင်းပလျက်ရှိသည့် ၁၄၇ ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များ ညီလာခံနှင့် ဆက်စပ် အစည်းအဝေးများကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်လျက်ရှိကြောင်း သိရသည်။

မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံအစည်းအဝေးများ၊ နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)၏ အမြဲတမ်း ကော်မတီအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများကို ပါဝင်တက်ရောက်လျက်ရှိပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်သည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ညီလာခံ၏ General Debate အစီအစဉ်၌ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။

မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံကာလ အတွင်း နိုင်ငံတကာ ပါလီမန်များအဖွဲ့(IPU)၏ တာဝန်ရှိသူများ၊ ညီလာခံတက်ရောက်လာသည့် ကိုယ်စာလှယ်အဖွဲ့များနှင့်လည်း သီးခြား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင် ကျင်းပခဲ့ပြီး အောက်တိုဘာလ ၂၇ ရက်နေ့အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ညီလာခံ၌ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် အကြမ်းဖက် စစ်တပ်က မြန်မာပြည်သူများအပေါ် ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်မှုများ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ ကြုံတွေ့နေရသည့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများနှင့် နိုင်ငံတကာလွှတ်တော် အသိုက်အဝန်းက မြန်မာ့ဒီမိုကရေစီရရှိရေးကြိုးပမ်းမှု အပေါ် ကူညီဆောင်ရွက်ပေးရန် တောင်းဆိုချက်များပါဝင်သည့် စာရွက်စာတမ်းများကို ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စု လွှတ်တော်ကိုယ်စား ပြုကော်မတီအား နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားသည့် တရားဝင် လွှတ်တော်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားပြီး ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ရရှိရေးတို့အတွက် နိုင်ငံတကာအသိုက်အဝန်း၏ ထိ‌ရောက်သော ပံ့ပိုးကူညီမှုများနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ရရှိရန် အရှိန်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article