29.6 C
Yangon

လားရှိုး၊ နောင်ချိုနှင့် သိန္နီတို့တွင် ယနေ့ နံနက်အစောပိုင်း တိုက်ပွဲများနှင့် ပစ်ခတ် မှုများဖြစ်နေ

Must read

လားရှိုး၊ နောင်ချိုနှင့် သိန္နီတို့တွင် ယနေ့ နံနက်အစောပိုင်း တိုက်ပွဲများနှင့် ပစ်ခတ် မှုများဖြစ်နေ

■ စစ်ဆင်ရေး ဒုတိယနေ့တွင် နောင်ချို၊ ကိုးကန့်နှင့်မူဆယ်ရှိ စစ်တပ်၏ အရေးပါသော စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထား

ရန်ကုန်၊ အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နောင်ချိုမြို့နယ်နှင့် သိန္နီမြို့နယ်တို့တွင် ယနေ့ နံနက်အစောပိုင်း တိုက်ပွဲများ၊ ပစ်ခတ်မှုများဖြစ်ပေါ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လားရှိုးမြို့နယ်တွင် အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းမှ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းအထိ ပစ်ခတ်မှုများ ၊ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ယနေ့ နံနက် ၄ နာရီ ၄၀ မိနစ်အချိန် ခမရ ၅၀၇ တပ်၊ ခလရ ၄၁ တပ်တို့ တွင် ပစ်ခတ်မှုများဖြစ်ပွားနေကြောင်း ၊ တိုက်ပွဲဖြစ်ပွားမှုများသည် လားရှိုးမြို့ပြင်ဘက်တွင် အဓိက ဖြစ်ပွားပြီး မြို့ထဲတွင်လည်း ပစ်ခတ်မှုများ ကြိုကြားကြိုကြားရှိနေကြောင်း သိရှိရသည်။

“မနေ့ညက ခလရ ၆၈ တပ်နဲ့ ထောက်ပို့တပ် ၆၂၆ ဘက်မှာ ပစ်ခတ်မှုတွေဖြစ်တယ်။ အခုမနက် ၄ နာရီ ၄၀ မှာတော့ လားရှိုး ခမရ ၅၀၇ တပ်ဘက်မှာ ပစ်ခတ်မှု စဖြစ်တယ်။ ကုန်းညောင်နဲ့ ပန်ဟုန်ဘက်မှာ ဖြစ်တယ်။ နောက်တစ်ခါ ခလရ ၄၁ တပ်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်တယ်။ မနက်အစောကြီးက နမ့်ကျန် ဘူတာဘက်မှာ ပစ်ခတ်မှုတွေဖြစ်တယ်။ ဟူးမွန်ရွာဘက်မှာလည်းဖြစ်တယ်။ လားရှိုး စစ်ဌာနချုပ်နဲ့ ဒကစထဲကနေ တစ်ညလုံးပဲ အတွဲလိုက်ဒုန်းတွေ ပစ်တယ်။ သိန္နီဘက်ကို ပစ်တာလို့သိရတယ်။ ပြန်ချုပ်ရရင်တော့ တစ်ညလုံးလည်း အိမ်တွေ သိမ့်သိမ့်တုန်တယ်။ ပစ်ခတ်မှုတွေက။ မနက်စောစောမှာလည်း ပစ်ခတ်မှုတွေက တောက်လျှောက်ပဲ” ဟု လားရှိုးဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ သိန္နီမြို့နယ်တွင်လည်း ယမန်နေ့ တစ်ညလုံးနှင့် ယခုနံနက်ပိုင်းအထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“သိန္နီက မြို့ထဲမှာ ပစ်ခတ်ကြတာ။ လက်နက်ကြီးရော လက်နက်ငယ်ရော တောက်လျှောက်ပဲ ပစ်နေကြတာ။ ဒီနေ့ဆိုရင် ၃ ရက်ရှိသွားပြီ။ အပြင်ထွက်မရဘဲ ကိုယ့်အိမ်ထဲမှာပဲ နေရတာ။ သိန္နီမှာက ကောလာဟလ ပေါင်းစုံနဲ့ အခြေအနေ အရမ်းဆိုးပါတယ်။ မနေနိုင်လို့ ထွက်ပြေးမယ်ဆိုရင်တောင် ဘယ် ပြေးလို့ ပြေးရမှန်းမသိတော့တဲ့ အခြေအနေဖြစ်နေတာ။ မြို့ထဲအထိပါ ပစ်ခတ်မှုတွေ ဖြစ်နေတာပါ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့အတူ နောင်ချိုမြို့နယ်တွင်လည်း ယမန်နေ့ TNLA နှင့် မန္တလေး PDF များပူးပေါင်း၍ သံဘိုကျေးရွာရှိ နတ်စင်ကုန်း စစ်တပ်စခန်းကို အပြီးအသတ် သိမ်းပိုက် နိုင်ခဲ့ကြောင်း ၊ ယနေ့ နံနက်ပိုင်းတွင် နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာအနီးတွင် ပစ်ခတ်မှုများဖြစ်ပွားနေကြောင်း သိရှိရသည်။

ယမန်နေ့ TNLA နှင့် မန္တလေး PDF တို့ ပူးပေါင်း သိမ်းပိုက်လိုက်သော သံဘိုကျေးရွာ နတ်စင်ကုန်း စစ်စခန်းတွင် တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၉ နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၈၈ တို့ တပ်စွဲထားသော စစ်စခန်းဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်များ၏ အဓိက ကျသော စခန်းများကို ဆက်လက် သိမ်းယူခဲ့ကြောင်း၊ အဆိုပါ စခန်းများတွင် နောင်ချိုမြို့နယ်၌ စစ်ကောင်စီ လက်အောက်ခံ တပ်မ ၉၉ ၊ ခမရ ၄၁၉ နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၈၈ တို့ တပ်စွဲထားသော နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာနတ်စင်ကုန်းစခန်း၊ ကိုးကန့်- အထူးဒေသ ၁ မုံးကိုးခရိုင်၊ မုံးကိုးဒေသ၊ ဖောင်းဆိုင်ကျေးရွာအုပ်စု၊ မန်ပင်တွင်ရှိသော စစ်ကောင်စီအခြေစိုက်တပ်စခန်း၊ ကိုးကန့်၊ အထူးဒေသ ၁၊ ရန်တော်ရှမ်းအိုင်လတွင်ရှိသော စစ်ကောင်စီတပ်စခန်း၊ ကိုးကန့်-အထူးဒေသ ၁ ၊ တောင်ပိုင်းတိုက်နယ်အတွင်း (ချင်းရွှေဟော်အတွင်းရှိ) မာကျားတိပေါက်ပေါက် တောင်ကုန်းတွင် အခြေစိုက်ထားသော စစ်ကောင်စီ၏ စစ်ရေးအရ အရေးပါသော တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မာကျားတိပေါက်ပေါက် စစ်တပ်စခန်းသည် ချင်းရွှေဟော်အတွင်းရှိ စစ်တပ်စခန်းများစွာထဲမှ တော်လှန်ရေးတပ်ဖွဲ့များ နောက်ဆုံးသိမ်းပိုက်ရယူနိုင်ခဲ့သော သံချပ်ကာကားများရှိရာ စခန်းလည်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ အောင်ပွဲများတွင် မူဆယ်မြို့နယ်၊ ကောင်းဝိန်ကျေးရွာအနီးရှိ မန်နိမ်မှ မန်ခမ်းတံတားအနီးတွင် စစ်ကောင်စီ၏ ဒကစ၊ ခမရ ၂၆၁ နှင့် တော်လှန် ရေးတပ်ဖွဲ့များ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အချိန် ၂ နာရီကျော်ကြာမြင့် သောတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်အများစုကို သုတ်သင်ရှင်းလင်း နိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article