38 C
Yangon

ရွှေဘို-မန္တလေး လမ်းပိုင်းတွင် စစ်တပ်၏ သံပြားကာ ယာဥ်တန်းကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား အများအပြား ထိခိုက်ဒဏ်ရာရ

Must read

ရွှေဘို-မန္တလေး လမ်းပိုင်းတွင် စစ်တပ်၏ သံပြားကာ ယာဥ်တန်းကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား အများအပြား ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ သံပြားကာ ယာဥ်တန်းကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စိုင်နိုင်တိုက်နယ် (သိဒ္ဓိရှင်) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန်တွင် ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ မှ ထွက်လာသည့် သံပြားကာကား ၃ စီးသည် ရွှေဘို- မန္တလေး လမ်းအတိုင်း လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်၍ မောင်းနှင်လာစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဘုန်းဘွဲ့နှင့် စိုင်နိုင်လေးရွာအကြားတွင် ပဒေသာမိုင်း ၅ လုံး၊ ပွိုင့် ၁ ပွိုင့်၊ ပဒေသာမိုင်း ၃ လုံး၊ ပွိုင့် ၃ ပွိုင့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်ဒဏ်ရာရရှိကာ လှတောရွာဘက်ကို မောင်းနှင်သွားကြောင်း သိရသည်။

ယင်းနေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့် တွင်လည်း ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ မှ သံပြားကာကား ၂ စီးသည် ရွှေဘို-မန္တလေးလမ်း အတိုင်း ထပ်မံ ထွက်ခွာလာစဥ် စိုင်နိုင်လေးရွာနှင့် စိုင်နိုင်ကြီးရွာ အကြားအရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၅ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး တို့ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ သံပြားကာကား ၁ စီး၏ ဘေးကာများ ပြုတ်ကြခဲ့ပြီး လှတောရွာဘက်ကို မောင်းပြေးသွားကြောင်း သိရှိရသည်။

ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် လှတောရွာဘက်ကို ရောက်ရှိနေသည့် အဆိုပါ သံပြားကာကား ၅ စီးသည် ဝက်လက်မြို့နယ် လှတောရွာအတွင်းမှ ရွှေဘို-မန္တလေးလမ်းအတိုင်း ရွှေဘိုမြို့ဘက်ကို မောင်းနှင်လာစဥ် မောက်ကြိုးရွာနှင့် သားနားရွာ အကြားအရောက် နံနက် ၁၂ နာရီ ၄၅ မိနစ်တွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၁၂ လုံး၊ မိုင်း ၇ လုံးနှင့် စိုင်နိုင်ကွေ့ အကြားတွင် ပဒေသာမိုင်း ၁၀ လုံး၊ မိုင်း ၅ လုံးတို့ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စိုင်နိုင်ကြီးရွာနှင့် စိုင်နိုင်လေးရွာ အကြားအရောက်တွင် ပဒေသာမိုင်း ၃ လုံး၊ မိုင်း ၂ လုံး၊ စိုင်နိုင်လေးရွာနှင့် ဘုန်းဘွဲ့ရွာ အကြားအရောက် ရှေ့ထွက်မိုင်း ၂ လုံး တို့ဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဘုန်းဘွဲ့ကျေးရွာတွင်း ကားထိုးရပ်၍ အချိန်အတော်ကြာ ပြင်ဆင်နေခဲ့ကြောင်း စိုင်နိုင်တိုက်နယ် (သိဒ္ဓိရှင်) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ထံမှ သိရှိရသည်။

ထို့ပြင် စိုင်နိုင်လေးဘက်ကို ရောက်ရှိနေသော အကြမ်းဖက်စစ်တပ်၏ ကင်းပုန်းများက ကားများ ရှိရာနေရာကို ခြေလျင်သွားရောက်သည်ဟု သတင်းကြား၍ ရှေ့ထွက်မိုင်း ၂ လုံး ပွိုင့် ၂ ပွိုင့်ဖြင့် ညအချိန်ဖြစ်၍ မှန်းဆ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများသည် ကားများကိုပြင်ဆင်၍ နံနက် ၂ နာရီ ၄၅ မိနစ်အချိန်တွင် ဘုန်းဘွဲ့ကျေးရွာမှ ရွှေဘိုမြို့ဘက်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ရွာသစ်လမ်းထိပ်အနီးတွင် ပဒေသာမိုင်း ၅ လုံး၊ ဇီးတောတံတားထိပ်အရောက်တွင် ရှေ့ထွက်မိုင်း ၂ လုံး တို့ဖြင့် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အများအပြား ထိခိုက်နိုင်ကြောင်း၊ အထိအခိုက် အကျအဆုံးကို စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် အကြမ်းဖက်စစ်သားများသည် လမ်းဘေးဝဲယာတစ်လျှောက် တရစပ် ရမ်းသမ်း ပစ်ခတ်၍ ရွှေဘိုမြို့ဘက်ကို မောင်းနှင်ပြေးသွားခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ်(သိဒ္ဓိရှင်) ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)မှ ဦးဆောင်ခဲ့ပြီး မဟာမိတ်အဖွဲ့များဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ ပူးပေါင်းတိုက်ခိုက်ခဲ့သော မဟာမိတ်အဖွဲ့များမှာ- စိုင်နိုင်တိုက်နယ်(သိဒ္ဓိရှင်) ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အောင်ဘော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နဂါးမင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ SBDF(L.D.F) Buffalo Soldiers freedom force ၊ ရွှေဘိုခရိုင်တပ်ရင်း(၂၃)တပ်ခွဲ(၁) ၊ နောင်ရိုး Army ၊ ပန်းပျိုးလက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဇာမဏီသွေး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တစ်ကိုယ်တော် မိုက်ခဲ၊ တစ်ကောင်ဖွား မိုးကြိုး၊ AK ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မဟူရာကျွဲရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းတမာန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဒေါင်းညီကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မဟူရာဆင်ရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article