30 C
Yangon

စစ်ကိုင်းနှင့်မကွေးတိုင်းရှိ မြို့နယ် ၈ ခုမှ စစ်တပ်စခန်း ၇ ခု၊ ရဲစခန်း ၃ ခု နှင့် အကျဉ်းစခန်း ၂ ခုတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့

Must read

စစ်ကိုင်းနှင့်မကွေးတိုင်းရှိ မြို့နယ် ၈ ခုမှ စစ်တပ်စခန်း ၇ ခု၊ ရဲစခန်း ၃ ခု နှင့် အကျဉ်းစခန်း ၂ ခုတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့

■ ရာဇဂြိုလ် အကျဉ်းစခန်း ၁ မှ ရဲနှင့် အကျဉ်းဝန်ထမ်း ၂၀ ခန့် ပြည်သူ့ဘက်သို့ ကူးပြောင်းပြီး အကျဉ်းစခန်း ၁ နှင့် ၂ တို့ကို သိမ်းပိုက်နိုင်

ရန်ကုန်၊ နိုဝင်ဘာ ၃

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က အမှတ် ၁ စစ်ဒေသအတွင်းရှိ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ ကလေးဝမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် အပါအဝင် စုစုပေါင်းမြို့နယ် ၈ ခုရှိ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများ နှင့် အကျဉ်းစခန်းများကို တစ်ပြိုင်နက်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂ ရက်နေ့နှင့် နိုဝင်ဘာလ ၃ ရက်နေ့တို့တွင် စစ်တပ် တပ်စွဲထားသော အထိုင်စခန်းများ၊ ရဲစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၊ ဒေသကာကွယ် ရေးအဖွဲ့များနှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ ပူး ပေါင်း လက်တွဲလျက် တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဆက်တိုက် သိမ်းပိုက်လျက်ရှိကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာရှိ စစ်တပ်တပ်အထိုင်စခန်းကုန်းကို ခန္တီးခရိုင်တပ်ရင်း (၁)၊ HPDF 124၊ HPDF မိုးကြိုး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့၊ ဝိတုတ်ကျေးရွာရှိ စစ်ကောင်စီအထိုင်တပ်စခန်းများကို တမူးခရိုင်တပ်ရင်း ၁ ၊ တမူးခရိုင်တပ်ရင်း ၂ ၊ အထူးလှုပ်ရှားတပ်ရင်း ၂ နှင့် မဟာမိတ် ABSDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မြောက်စည်းကျေးရွာရှိ စစ်ကောင်စီတပ် အထိုင်တပ်စခန်းကို ကလေးခရိုင်တပ်ရင်း ၄ ၊ CNDF၊ CDF KKG၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် စီးနင်း တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်းနေ့ မွန်းတည့် ၁၂ နာရီ ၁၆ မိနစ်ဝန်းကျင်တွင် စစ်တပ်က Mi-35 အကြီးစားတိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့်လည်းကောင်း၊ တိုက်ခိုက်ရေးလေယာဉ် (Jet Fighter) ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုရှိခဲ့ကြောင်း၊ ယင်းနောက် နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ အမှတ် ၂၂၈ ခြေလျင်တပ်ရင်း၊ အမှတ် ၆၄၄ စစ်လက်နက်ပစ္စည်းတပ်စုတို့ကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့ပြစီမံချက် UG Drone အဖွဲ့တို့က Drone (၅) စီးဖြင့် တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်အချိန် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာအနီးရှိ အကျဉ်းစခန်း ၁ ၊ ၂ တို့ကို အထူးလှုပ်ရှားတပ်ရင်း ၂ က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အကျဉ်းစခန်း၂ ကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထို့နောက် အကျဉ်းဦးစခန်း ၁ မှ စစ်ကောင်စီခန့် ရဲ၊ ဝန်ထမ်း ၂၀ ဦးက ပြည်သူ့ဘက်သို့ ကူးပြောင်းခဲ့ပြီး အကျဉ်းစခန်း ၁ ကိုပါ မိမိတို့ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ စစ်တပ်၏ တပ်အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်၊ မြို့နယ်ရဲစခန်းကို ကောလင်းခရိုင်ကွပ်ကဲရေးတပ်စိတ်၊ ကောလင်းခရိုင်တပ်ရင်း (၁)၊ ကောလင်းခရိုင် (၂)၊ ကောလင်းမြို့နယ်ပကဖနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ပြင်ဦးလွင် ရပ်ကွက်ရှိ ပြည်သူ့နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ဆက်လက်၍ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ မီးသတ်ရုံးနှင့် တီဗီကုန်းတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို ကောလင်းခရိုင်တပ်ရင်း ၄၊ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်၊ ဆင်စွယ်ရဲစခန်းကို ကန့်ဘလူခရိုင်တပ်ရင်း (၁)၊ ကျွန်းလှမြို့နယ်ပကဖတို့မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကို နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ ဂန့်ဂေါခရိုင်တပ်ရင်း(၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ် ABSDF စစ်ကြောင်း (၃) ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီခွဲခန့်တွင် စခန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ကျောက်ထုအခြေစိုက် အမှတ် (၃၇၁) အမြောက်တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မင်းရွာဒေသခံ အပြစ်မဲ့ပြည်သူ (၂) ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article