30 C
Yangon

တော်လှန်ရေးတပ်ဖွဲ့များ အသာစီးရလာသော စစ်အာဏာရှင် ချေမှုန်းမှု စစ်ဆင်ရေး အောင်နိုင်မည်မှာ အမှန်ပင်ဖြစ်သည်

Must read

တော်လှန်ရေးတပ်ဖွဲ့များ အသာစီးရလာသော စစ်အာဏာရှင် ချေမှုန်းမှု စစ်ဆင်ရေး အောင်နိုင်မည်မှာ အမှန်ပင်ဖြစ်သည်

By ANTHONY DAVIS

၂၀၂၃ ခုနှစ် မုတ်သုံရာသီ၏ သည်းထန်သည့် မိုးစက်များ ကုန်ဆုံးလာသည်နှင့်အမျှ စစ်ရိပ်စစ်ငွေ့ များသည် မြန်မာနိုင်ငံအနှံ့တွင်ပိုမိုထူထပ်လာကာနားလည်ရန် ပိုမိုခက်ခဲလာစေသည်။

လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံမှတော်လှန်ရေးတိုက်ပွဲများကိုစောင့်ကြည့်နေသူများပိုများလာခဲ့ပြီး ဖြစ်ပျက်နေသည့်အရာများကို နားလည်ရန်ခက်ခဲလာကာ ထူထည်းသိပ်သည်းလှသောစစ်ရိပ် စစ်ငွေ့ထုထဲတွင် လမ်းပျောက်ကာ စိတ်ရှုပ် ထွေးလာနိုင်သည်။

အာဏာသိမ်းစစ်ကောင်စီနှင့် လက်နက်ကိုင် အတိုက်အခံ အင်အားစု အများအပြား အကြား စစ်ပွဲများ သိသိသာသာ တိုးလာနေပြီး စစ်တပ်က အရပ်သား လူထုအပေါ် ဆက်တိုက် ဆိုသလို ရက်စက်ကြမ်းကြုတ်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းနှင့်အတူ ပိုမိုဆိုးရွားလျက်ရှိလာနေသည်ကို သံသယဖြစ်ရန်မလိုပေ။

ဆိုရှယ်မီဒီယာနှင့် ပင်မသတင်းမီဒီယာများတွင်ဖော်ပြသော ဖြစ်ပွားနေသည့် ပြင်းထန်သော တိုက်ပွဲသတင်း များသည် နေ့စဉ် ရက်ဆက်ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများ၊ စီးနင်းမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကို နားလည်ရန်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက်ပိုင်း မည်သည့်အချိန်ကထက်မဆို ပိုမိုစိန်ခေါ် မှုဖြစ်ကြောင်း သက်သေပြနေသည်။

ထိုအခြေအနေကိုတုံ့ပြန်ကြရာတွင်မူ ဒေသအတွင်းအပြင်ရှိ သတင်းခန်းများ၊ သံရုံးများနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနများသည် အများအပြားသည် အဖြစ်အပျက်များကိုနားလည်အောင်ကြိုးစားနိုင်ခြင်းမရှိကြဘဲ နားယောင်မှုများအရင်းခံကာ အလွန်ရိုးရှင်းအောင်လုပ်မှုလွန်ကဲနေသည့်အယူအဆတစ်ရပ်ကို စတင်ယုံကြည်လာကြသည်။

၎င်းမှာ မြန်မာနိုင်ငံစစ်ပွဲသည် မပြီးဆုံးနိုင်သော ရှေ့မတိုးနောက်မဆုတ်သာ မတင်မကျဖြစ်နေသည်။ နှစ်ဖက်စလုံးသည် စစ်ရေးအရ တဖက်ကိုတဖက် အောင်နိုင်မည်မဟုတ် ကြောင်းနှင့် နောက်ဆုံးတွင် စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းသော အဖြေတစ်ခုအပေါ် သဘောတူရန် လိုအပ်လိမ့်မည်ဖြစ်သည်ဟုယူဆကြခြင်းဖြစ်သည်။

ဤပိတ်နေသော အတွေးအမြင်များအရ ပဋိပက္ခသည် မတင်မကျ ဖြစ်နေသည်ဟူသော အယူအဆသည် ငြင်းမရသောအချက်အချို့ပေါ်မူတည်သည်။ ၎င်းတို့မှာ မြန်မာစစ်တပ်သည် မကြုံစဖူးသောစိန်ခေါ်မှု များနှင့် ရင်ဆိုင်ရသော်လည်း ရက်စက်ကြမ်းကြုတ်ပြီး၊ စည်းကမ်းကောင်းကာ အရင်း အမြစ် များ ရှိနေဆဲဖြစ်သည် ဆိုသည့်အချက်များကြောင့်ဖြစ်သည်။

မြန်မာနိုင်ငံရှိ စစ်တပ်သည် အရပ်သားဝန်ကြီးဌာနများ၊ လေဆိပ်များ၊ ဆိပ်ကမ်းများနှင့် အထူးသဖြင့် ဗဟိုဘဏ်နှင့် စစ်ဌာနချုပ်များကဲ့သို့သော အရေးပါသည့်နိုင်ငံတော်အာဏာနှင့် မြို့ပြနေရာများကို အခိုင်အမာ ဆုပ်ကိုင်ထားနိုင်ဆဲဖြစ်သည်။ ၎င်းတို့တွင် လေကြောင်းနှင့် လက်နက် ကြီးများကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် စစ်တပ်ကို ဆန့်ကျင်သည့် လက်နက်ကိုင် အဖွဲ့များသည် တနိုင်ငံလုံး အတိုင်းအတာဆန္ဒပြမှု ရလဒ်အဖြစ် စုရုံးလာခဲ့ကြသည်။ ၎င်းတို့သည် စစ်တပ်ဘက်က ကစားကွက်အတိုင်း လွယ်လွယ်နဲ့ ချေမှုန်းလို့ မရနိုင်လောက်အောင် ကြီးမားလာခဲ့သည်။ သို့သော်လည်း ၎င်းတို့သည် PDF(ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့)များနှင့် တိုင်းရင်းသားလက်နက်ကိုင်များအဖြစ် အမျိုးမျိုးကွဲပြားနေကြပြီး လွှမ်းမိုးနိုင်သောခေါင်းဆောင်များ၊ စနစ်ကျသော စစ်ဗျူဟာများ နှင့် နိုင်ငံရပ်ခြားမှ ပံ့ပိုးကူညီမှုများ မရှိပါ။

ထိုအချက်များသည် ငြင်း၍မရသော အခြေခံအချက်များဖြစ်သည်။ သို့သော် ပဋိပက္ခသည် ရှေ့မတိုးနောက် မဆုတ်သာ မတင်မကျ ဖြစ်နေသည်ဟူသော လူသိများသောအယူအဆမှာ အပေါ်ယံဆန်သည့် အယူအဆဖြစ်ကာ ကောင်းစွာ တွေးခေါ်ထားသည့်အယူအဆမဟုတ်ပေ။ ထိုပြင် ထိုအယူအဆသည် ဒေသဆိုင်ရာ အစိုးရများ၏ ခေါင်းမငြိမ့်ခေါင်းမခါ လက်ပိုက်ကြည့်နေသည့် လုပ်ရပ်ကို အားပေးနေသည့်အခါတွင် အန္တရာယ်ရှိလာနိုင်ပါသည်။

စစ်စစ် မြေပြင်အခြေအနေတွေကို သေချာဆန်းစစ်ပြီး အတိတ်က အဖြစ်အပျက်တွေနှင့် အတွေ့အကြုံတွေကို ဆင်ခြင်သုံးသပ်ရန်ဆိုသည့်အချက်တွင် စစ်ရေးအရ မတင်မကျနေသည်ဆိုသည့် အယူအဆကို ရောနှောမိလိုက်ပါက အမှားလုပ်မိနိုင်ပါသည်။ တစ်နည်းဆိုရသော် စစ်ရေးအရ မတင်မကျရှိနေသည်ဟု ယူဆခြင်းထက် အခြေအနေသည်ပိုမိုရှုပ်ထွေးပါသည်။ စင်စစ်တွင် လက်နက်နဲ့ ပါဝါ ကွာခြားမှုကြောင့် စစ်ရေးအရ မြို့ကြီးတွေနားမှာ သိမ်းပိုက်ဖို့ ယာယီရပ်နားနေရသည့် ကြာရှည်စွာ ပြောင်းလဲနေသော ပဋိပက္ခဖြစ်ပါသည်။ အခြေအနေတွေအရ ဤသည်မှာ အံ့သြစရာမဟုတ်ပါ။

ယခုကဲ့သို့ နှစ်ဖက်စလုံးမှ ပြတ်ပြတ်သားသား အောင်ပွဲမရရှိနိုင်သည့် အခြေအနေမျိုးကို အာဖဂန်နစ္စတန်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် စစ်အေးခေတ်၏ အခြားဒေသများကဲ့သို့သော ပြောက်ကျား ပဋိပက္ခသမိုင်းများတွင် အတွေ့များပါသည်။

စေ့စပ်သေချာသော ဆန်းစစ်ချက်များအရ ယခင်ပဋိပက္ခများကဲ့သို့ပင် ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ကျေးလက်အခြေစိုက်အုံကြွမှုတွင် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပေါင်းစပ်မှုဆိုင်ရာ ကျယ် ပြန့်သော ပေါင်းစပ်လွှမ်းမိုးမှုများပါဝင်သည်။ ဤရောနှောမှုသည် တစ်ဖက်မှ တစ်ဖက်အပေါ်ကို ဖြည်းဖြည်းချင်း နည်းနည်းချင်းအသာစီးရလာစေပြီး ပဋိပက္ခ ၏ အလုံးစုံ ဦးတည်ရာဆီ သို့ပုံဖော်သွားစေသည်။

ပထမနှစ်နှစ်နှင့်မတူဘဲ၂၀၂၃ ခုနှစ်တွင် စစ်ပွဲ၏ ဦးတည်ရာသည် ပိုမိုရှင်းလင်းလာပါသည်။ ထိုအချက်က ဖြစ်ပျက်နေသည်များအပေါ် ပိုနားလည်စေပြီး နားမလည်နိုင်ဖြစ်နေမှုများကို လျော့နည်းစေပါသည်။ အရေးကြီးအချက်မှာ ပဋိပက္ခ၏လက်ရှိဦးတည်ရာသည် နေပြည်တော်အစိုးရကို ခုခံတော်လှန်သူများဘက်ဆီသို့ အသားစီးရလာလျက်ရှိသည်။

အဆိုပါ အပြောင်းအလဲကိုဖြစ်စေသော တော်လှန်ရေးသမားများ၏ အင်အားကို တိုးတက်စေသည့် အဓိကအချက်သုံးချက်ရှိပြီး ယခုနှစ်တွင် ပိုမိုသိသာလာပါသည်။ ၎င်းတို့ထဲမှတစ်ခုမှာ မေလတွင် Asia Times ၌ အစီရင်ခံခဲ့သည့်အတိုင်း ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များထက် တော်လှန်ရေးတပ်ဖွဲ့များ၏လက်ထဲတွင် ခေတ်မီလက်နက်ငယ်များနှင့် အပေါ့စားလက်နက်ထောက်ပံ့မှုများမှာ သိသိသာသာတိုးလာခြင်းဖြစ်သည်။

ဤပြောင်းလဲမှုသည် ယခုကုန်ဆုံးတော့မည့် မိုးရာသီတွင် သက်ရောက်မှုကြီးကြီးမားမားရှိခဲ့ပြီး ဖြစ်သည်။ ခဲယမ်းမီးကျောက် အလုံအလောက်မရှိခြင်းစသည့် ပြဿနာများရှိနေသေးသော်လည်း ပိုမိုအားကောင်း သောလက်နက်များ ရှိခြင်းကြောင့် ပိုမိုကောင်းမွန်သော နည်းဗျူဟာများနှင့် ထိုးစစ်စွမ်းရည်အသစ်များ ဖွံ့ဖြိုးတိုးတက်လာစေသည်။

အတိုက်အခံတော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီ၏စခန်းများကို ပိုမိုသိမ်းယူနိုင်ခဲ့ပြီး ပိုမိုကြီးမားသော လက်နက်များကို ရယူသိမ်းပိုက်နိုင်ခဲ့သည်။ အလားတူအရေးကြီးသည့်အချက်မှာ ၎င်းတို့သည် မြို့ပြများတွင် စစ်တပ်၏ထိန်းချုပ်နိုင်မှုကို အားနည်းစေခဲ့သည်။

မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ နှင့် အောက်အဆင့်အထိ နေ့စဉ် ပဋိပက္ခများကို အနီးကပ် စောင့်ကြည့်နေသည့် အနောက်တိုင်း ထောက်လှမ်းရေး လေ့လာသူ တစ်ဦးက Asia Times သို့ အောက်ပါအတိုင်း မျှဝေခဲ့ပါသည်။ ၎င်းမှာ တိုက်ပွဲများပြင်းထန်နေသည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ ၃၀ ရာခိုင်နှုန်းခန့်သည့် မြို့ကြီးများတွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး နှစ်စပိုင်းရှိ ၂၀ ရာခိုင်နှုန်း မှ တိုးလာခဲ့ခြင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလက မကွေးမြို့ အနီးတစ်ဝိုက်တွင် တိုက်ခိုက်မှုများ၏၂၈ ရာခိုင်နှုန်းသည် မြို့များတွင်ဖြစ်ပွားခဲ့ကြောင်း ထပ်လောင်းပြောဆိုပါသည်။

အချုပ်အားဖြင့်ဆိုသော် နိုင်ငံရေးအရနှင့် စီးပွားရေးအရအရေးပါသောမြို့ကြီးများနှင့် နီးကပ်နေသော မြန်မာနိုင်ငံ အလယ်ပိုင်း၏အဓိကကျသောနေရာများတွင် စစ်ကောင်စီ၏ ထိန်းချုပ်မှုမှာ လျော့နည်းလာသည်။ မြို့ပြဧရိယာတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ဖို့ မဖြစ်နိုင်တော့ချေ။ မြို့များအတွင်းရှိ ဗျူဟာမြောက်တည် နေရာများပေါ်တွင် အာရုံစိုက်ထားပြီး အဆိုပါနေရာများသည်လည်း လက်နက်ငယ်များ၊ လောင်ချာများနှင့် မောင်းသူမဲ့လေယာဉ်များကို အသုံးပြု၍ မြို့ဆင်ခြေဖုံးနေရာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ တိုက်ခိုက်ခြင်းကို ခံရနိုင်ခြေရှိသည်။

ရန်ကုန်မြို့ရှိ သံရုံးများသည် ဗျူဟာအရ မတင်မကျဖြစ်နေသည်ဟု မြင်နေသော်လည်း မြေပြင်တွင် မြို့နယ်များစွာ၏ အချက်အချာနေရာများကို စစ်တပ်က ထိန်းချုပ်နိုင်မှုမှာ ပြိုလဲလျက်ရှိသည်။ အတိုက်အခံ အင်အားစု၏ ဒုတိယကဏ္ဍမှာ ညီညွတ်ရေး ဖြစ်သည်။ ပဋိပက္ခအစကတည်းက စုစည်းမှုမရှိသော ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (local pdf) များရာပေါင်းများစွာရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ (NUG) ကို အပြည့်အဝ အယုံအကြည် မရှိကြောင်း၊ NUGကို ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ဗမာတိုင်းရင်းသားအများစုပါဝင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များ အဓိက ထိန်းချုပ်ထားကြောင်း ၎င်းတို့က ထင်မြင်လျက်ရှိသည်။ဤကိစ္စနှစ်ရပ်သည် အရေးကြီးသော ကဏ္ဍများကို လျစ်လျူရှုထားသည်။

ဒုတိယကမ္ဘာစစ်အပြီး ဖြစ်ပွားခဲ့သော ပြောက်ကျားစစ်ပွဲ အပါအဝင် အခြားသော ပဋိပက္ခများနှင့် မြန်မာနိုင်ငံအားနှိုင်းယှဉ်ကြည့်လျှင် ထူးခြားမှုကိုတွေ့နိုင်သည်။ လက်ရှိ စစ်ကောင်စီကို ဆန့်ကျင်သည့် အုပ်စုများအကြားတွင် အချင်းချင်းမကျေမလည်မှုများ၊ပွတ်တိုက်မှုများရှိနေပြီး တိုက်ခိုက်မှုများအား စနစ်တကျမဖော်ဆောင်နိုင်သေးသည့်အခြေအနေတော့ရှိနေပါသေးသည်။

၎င်းတို့၏ ရည်မှန်းချက်များသည် အနာဂတ်အာမခံချက်များကိုမပေးနိုင်သော်လည်း ဘုံသဘောတူညီချက်အရ လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) သည် ( အချို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်ပူးပေါင်းလျက်ရှိပြီး တချို့မှာ သီးခြားလွတ်လပ်စွာ ဆောင်ရွက်လျက်) စစ်အာဏာရှင်ကို ဆန့်ကျင်သည့် စစ်ဆင်ရေးများတွင် ပူးပေါင်းဆောင်ရွက်မှုများ ဖန်တီးကြပြီး အချင်းချင်း တိုက်ခိုက်ခြင်းမျိုးမရှိကြချေ။

တိုင်းရင်းသားလူမျိုးစုများအကြား အထူးသဖြင့် ဗမာနှင့် အခြားတိုင်းရင်းသားအသိုက်အဝန်းများအကြား သဘောထား ကွဲလွဲမှုများ ဖန်တီးပြီး သွေးခွဲအုပ်ချုပ်ရန် စစ်တပ်က မျှော်လင့်ထားသော်လည်း အဓိက မဟာမိတ် များဖြစ်သော ကချင်၊ ကရင်၊ ကယားနှင့် ချင်းတိုင်းရင်းသားများသည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် မိတ်ဖွဲ့လျက်ရှိသည်။ “K3C” ဟုခေါ်သည့် ကချင်၊ ကရင်၊ ကယားနှင့် ချင်း တိုင်းရင်းသားတို့သည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး “နွေဦးတော်လှန်ရေး” ကို ခိုင်မြဲစွာကတိပြုခဲ့သည်။

မြန်မာနိုင်ငံတွင် အများစုဖြစ်သော ဗမာလူမျိုးစုကို နှစ်ပေါင်းများစွာ အယုံအကြည်မရှိသော လူမျိုးစုများ သည် ရုတ်ချည်း ဆိုသလို ချစ်ခင်လာသည်ဟု ယူဆခြင်းသည် လက်တွေ့မကျပေ။ မည်သို့ပင်ဆိုစေကာမူ တိုင်းရင်း သားတော်လှန်ရေးအဖွဲ့အစည်း (ERO) အသီးသီးသည် စစ်အာဏာရှင်စနစ်ကိုဖယ်ရှားရန် တက်ကြွစွာပါဝင် ဆောင်ရွက်ကြသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို လက်တွေ့ကျစွာ ချမှတ်ခဲ့လေသည်။ထို့ကြောင့် တော်လှန်ရေး တိုက်ပွဲကြီးသည် အောင်နိုင်မည်မှာ အမှန်ဖြစ်သည်။

အထူးသဖြင့် တိုင်းရင်းသားအရပ်သားလူထုကို အန္တရာယ်ဖြစ်စေသော လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီက ဆက်လက်လုပ်ဆောင်နေချိန်တွင် ၎င်းတို့ကို ပြန်လည်ဆွဲဆောင်ရန် စစ်ကောင်စီ၏ သွေးဆောင်မှုများသည် အောင်မြင်လိမ့်မည်မဟုတ်ချေ။

ထို့ပြင် ၂၀၂၃ ခုနှစ် တွင် မဟာဗျူဟာစီမံကိန်းရေးဆွဲခြင်းသည်တဆင့်တက်ပြီး မြေပြင်တွင် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ကြောင်း သက်သေများစွာရှိသည်။

ဤပြောင်းလဲမှုသည် အဓိကအားဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (ERO) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) များသည် နိုင်ငံတော်အဆင့်တွင်သာမဟုတ်ဘဲ ဒေသတွင်းအဆင့်တွင် အတူတကွ လုပ်ဆောင်နေခြင်းကြောင့် ဖြစ်ပေါ် လာသည်။ အရေးပါသော ဆက်သွယ်ရေးနှင့် ထောက်ပံ့ရေးလမ်းကြောင်းများကို ပစ်မှတ်ထားလျက်ရှိသော နိုင်ငံတစ်ဝှမ်း ကမ်ပိန်းများ၊ညှိနှိုင်းဆောင်ရွက်မှုများသည် တိုက်ဆိုင်မှုမဟုတ်ဘဲ ခိုင်မာသော မဟာဗျူဟာမြောက်ညှိနှိုင်းဆောင်ရွက်မှုအဆင့်ကို ညွှန်ပြနေပါသည်။

အဆိုပါ လှုပ်ရှားမှုများအနက် အထင်ရှားဆုံးမှာ မကြာသေးမီက ပြုလုပ်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ခဲ့သော ရှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်များဟု လူသိများသည့် ပူးပေါင်းထိုးစစ်ဖြစ်သည်။ (ကိုးကန့် တရုတ်)မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ (ပလောင်)တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် (ရခိုင်) ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်သော ညီနောင်မဟာမိတ်တို့သည် တရုတ်နယ်စပ်ရှိ ကိုးကန့်မြို့တစ်မြို့ဖြစ်သော ချင်းရွှေဟော် မြို့ကို သိမ်းပိုက် ခဲ့သည်။ ထိုသို့ မန္တလေးနှင့် မူဆယ်နယ်စပ်မြို့အကြား အဝေးပြေးလမ်းမကြီးတစ်လျှောက် တိုက်ခိုက်မှု များကြောင့် တရုတ်နှင့် မြန်မာပြည်မ ကြား ကုန်းလမ်းချိတ်ဆက်မှုကို ပြတ်တောက်စေခဲ့သည်။

“စွမ်းရည်ပြည့်ဝသော မဟာမိတ်များ”

=============================

တိုက်ဆိုင်မှုမဖြစ်နိုင်သော အဆိုပါနေ့ရက်တစ်ရက်တည်းတွင် ရန်ကုန်နှင့် ထိုင်းနယ်စပ် မြဝတီမြို့ကို ဆက်သွယ်ထားသော အာရှလမ်းမကြီးပေါ်ရှိ ကော့ကရိတ်မြို့တွင်လည်း တိုက်ပွဲများပြင်း ထန်စွာဖြစ်ပွားခဲ့ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ၎င်းတို့လေ့ကျင့်သင်ကြား ပေးထားသော PDF တပ်ဖွဲ့များ၏ အင်အားကြီး မဟာမိတ်အဖွဲ့သည် ယခုနှစ်အတွင်း တိုက်ခိုက်မှုများကို အရှိန်မြင့်လုပ်ဆောင်လျက်ရှိသည်။

မကြာသေးမီက အဆိုပါ KNLA-PDF မဟာမိတ်အဖွဲ့သည် မွန်ပြည်နယ်တွင် စစ်ရေးတိုးချဲ့ခဲ့ပြီး ရန်ကုန်နှင့် မော်လမြိုင် ဆိပ်ကမ်းမြို့ကြား လမ်းများကို ပြတ်တောက်သွားစေခဲ့သည်။ ထို့ပြင် အနောက်မြောက်ဘက်တွင် KNLA မှ ဦးဆောင်သည့် အခြားသော စစ်ဆင်ရေးသည် ရန်ကုန်နှင့် မန္တလေးမြို့ကို ဆက်သွယ်ပေးသည့် လမ်းနှင့် မီးရထားသံလမ်းများ တည်ရှိရာ စစ်တောင်းမြစ်ဝှမ်းဒေသကို ပစ်မှတ်ထားလျက်ရှိသည်။

စစ်တောင်းမြစ်ဝှမ်းမြောက်ပိုင်းဆုံးဘက်တွင် ၎င်းတို့၏ လှုပ်ရှားမှုများသည် နေပြည်တော်တိုင်းဒေသကြီးသို့ ရောက်ရှိနေပြီဖြစ်သည်။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့များသည် တပ်ဖွဲ့ များသည် ပထမဆုံးအကြိမ် အဖြစ် စစ်ဆင်ရေး တစ်ရပ်ကို ထင်ပေါ်စွာပြုလုပ်ခဲ့ကြပြီး အနာဂတ်တွင်ဆက်လက် လုပ်ဆောင် နိုင်ဖွယ် ရှိလေသည်။ ထိုသို့ဖိအားပေးများကြောင့် စစ်ကောင်စီ၏လေတပ်ဂျက်လေယာဉ်များသည် ခြေလျင်တပ်ကို ကူညီနိုင်ရန် အနီးကပ်လေကြောင်းမစ်ရှင်များကို သြဂုတ်လတွင် ပြုလုပ်ခဲ့ကြရသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် နယ်စပ်တစ်လျှောက် မြန်မာပြည်မြောက်ပိုင်းပိုကျသည့်ဒေသများကို ကြည့်လျှင် ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းမဟာမိတ်အဖွဲ့ သည် ပိုမိုအားကောင်းလာသည်။ မြောက်ပိုင်းရှိ စစ်တပ်များကို ၎င်းတို့၏ ထောက်ပံ့ရေးအချက်အချာဖြစ်သော မန္တလေးနှင့် ဆက်သွယ်ပေးသည့် အရေးကြီးသော ထောက်ပံ့ရေးလမ်းကြောင်းဖြစ်သော ဧရာဝတီမြစ်ကို ပိုမိုထိန်းချုပ်လာကြသည်။

မြန်မာနိုင်ငံ၏ အခြေအနေကို တစ်ဖက်ကကြည့်လျှင်မူ ခံစစ်ဖြင့် ခုခံနေရသော စစ်အုပ်စုအနေဖြင့် ဤတိုးတက်မှုများကို ရပ်တန့်ရန် သို့မဟုတ် တုံ့ပြန်ရန်နှင့် ပဋိပက္ခ ဦးတည်ရာကို ပြောင်းလဲနိုင်သည့် နောက်ထပ် ဗျူဟာမြောက် အရင်းအမြစ်များကို စုဆောင်းနိုင်ချေမှာ မှန်းဆရန်ခက်ခဲသည်။

စစ်ကောင်စီ၏မရှိမဖြစ်သောအားသာချက်မှာ အစိုးရအဖွဲ့၏ အရေးကြီးသောအုပ်ချုပ်ရေးနေရာများကို ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ သို့သော်လည်း နိုင်ငံရေး ရှုထောင့်မှကြည့်လျှင် စစ်အုပ်စုကို ကျယ်ကျယ်ပြန့်ပြန့် မုန်းတီးနေပြီး ပြေလည်ရန် နည်းလမ်းကောင်း မရှိပေ။ နိုင်ငံရေးထွက်ပေါက်အဖြစ်တပ်မှထိန်းချုပ် မည့်ရွေးကောက်ပွဲကို ကျင်းပရန်နှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေး တောင်းဆိုရန်အစီအစဉ်သည် နှောင့်နှေးခဲ့ပြီး ရည်မှန်းချက်အသစ်မှာ ၂၀၂၃ အစား ၂၀၂၅ ဖြစ်ခဲ့သည်။

စီးပွားရေးရှုထောင့်မှကြည့်လျှင် စစ်ကောင်စီ သည် ကုန်စျေးနှုန်းတိုးမြှင့်မှု၊ လျှပ်စစ်မီးပြတ်တောက်မှုတို့အပြင် ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ပြင်းထန်စွာ ထိခိုက်သည့် ဘဏ်လုပ်ငန်းကဏ္ဍအစရှိသည့် အကျပ်အတည်းများနှင့် မကြုံစဖူးရင်ဆိုင်နေရသည်။

သံတမန်ရေးအရဆိုလျှင် စစ်ကောင်စီ၏ တစ်ဦးတည်းသောမဟာမိတ်မှာ ရုရှားဖြစ်သည်။ သို့သော်လည်း ရုရှားသည် လက်ရှိတွင် ယူကရိန်းတွင် ကြီးမားစွာ ပါဝင်နေပြီး ၂၀၁၅ ခုနှစ် ဆီးရီးယားတွင် ပြုလုပ်ခဲ့သည့်အတိုင်း ရုန်းကန်နေရသော လက်ဝေခံနိုင်ငံကို မကူညီနိုင် သို့မဟုတ် ကူညီရန် အဆင်သင့်မဖြစ်သေးပေ။

စစ်ရေးအရကြည့်ပါက စစ်တပ်သည် စစ်ဆင်ရေးများလုပ်ဆောင်နေသော်လည်း စစ်သားဦးရေ လျော့နည်းလာခြင်းနှင့် စစ်သားသစ်များစုဆောင်းရာတွင် အခက်အခဲတွေ့ခြင်းစသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

၂၀၂၃ ခုနှစ်တွင် နယ်ပယ်အသီးသီးတွင် တပ်ဖြန့်ထားရမှုများကြောင့် ဖွဲ့စည်းပုံအင်အားနည်းလာပြီး အကြီးစား ထိုးစစ်များ ဆင်နွှဲနိုင်မှုမှာ သိသိသာသာ ကျဆင်းလာသည်။စစ်တပ်သည် အတွေ့အကြုံမရှိသော ပြည်သူ့စစ်များအပေါ်တွင်သာ မှီခိုနေရပြီး မှတ်တမ်းများအရ လေကြောင်းနှင့် လက်နက်ကြီးများကို ပြင်းပြင်းထန်ထန် အသုံးပြုသည်။ ၎င်းက ပြည်သူများ၏ ထောက်ခံမှုကို ရရှိရန် မဆွဲဆောင်နိုင်ပါ။

ဩဂုတ်လတွင် စစ်တပ်သည် တရုတ်နယ်စပ်ရှိ ကချင်မြို့တော် လိုင်ဇာတွင် ထိုးစစ်ဆင်ရန် ကြိုးပမ်းခဲ့သည်။ထိုအချိန်တွင် တပ်ဖွဲ့အသီးသီးမှ စစ်သည်အင်အား ၁,၀၀၀ မှ ၁,၅၀၀ ခန့်သာ စုဝေးနိုင်ခဲ့သည်။ နေ့စဉ်နှင့်အမျှ ဆုံးရှုံးမှုများ ကြုံတွေ့နေရသော်လည်း ကချင်ပြည်နယ်တွင် စစ်ကောင်စီ၏လှုပ်ရှားမှုမှာ ဗျူဟာမြောက် လွှမ်းမိုးနိုင်မှုမရှိချေ။

မကြာသေးမီက မြေပြင်စစ်ဆင်ရေးများတွင် တော်လှန်ရေးအင်အားစုများထံ ယခင်ကဆုံးရှုံးခဲ့သော နေရာများကို ပြန်လည်ရယူရန်အတွက် တန်ပြန်ထိုးစစ်များကို အလျင်အမြန် လုပ်ဆောင်နေပါသည်။ ဇူလိုင်လတွင် ထိုင်းနယ်စပ် မြဝတီမြို့နှင့် ကယားပြည်နယ်တောင်ပိုင်း၊ စက်တင်ဘာလတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့၌ အောက်တိုဘာလဆန်းပိုင်းတို့တွင် ပြုလုပ်ခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းရှိ ဆုံးရှုံးမှုများကို ဖြေရှင်းရန်နှင့် တရုတ်နိုင်ငံသို့ လမ်းများပြန်ဖွင့်ရန် လက်ရှိအပူတပြင်း ကြိုးပမ်းရခြင်းသည် တပ်မတော်၏ အရင်းအမြစ်များအပေါ် ကြီးမားသော အနှောင့်အယှက် ဖြစ်စေမည်ဖြစ်သည်။

မထင်မှတ်ထားသော ရှားပါးဖြစ်ရပ်များကို ကြိုတွေးထားခြင်း

=============================================

ဤအခြေအနေကြောင့် မြန်မာနိုင်ငံ၏ မဝေးတော့သောအနာဂတ်သည် အရေးကြီးပြီးအဓိကကျသည့် မေးခွန်း တစ်ခုအပေါ် မူတည်သည်။ပိုမို ခိုင်မာအားကောင်းသော တော်လှန်ရေးမဟာမိတ်များနှင့် ပျက်စီးနေသောနိုင် ငံရေးနှင့် စီးပွားရေးစနစ်ကိုကျားကန်နေရသည့် အားနည်းနေသောစစ်တပ်ကြား လက်ရှိအခြေအနေသည် မည်မျှကြာနိုင်သနည်း။

အဖြေကို ခန့်မှန်းဖို့ မဖြစ်နိုင်ပါ။ သို့သော်လည်း “ငန်းနက်ဖြစ်ရပ်” ဟု မကြာခဏရည်ညွှန်းလေ့ရှိသော မမျှော်လင့်ထားသောအရေးပါသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်။ ကြိုမမြင်နိုင်သော ဤအဖြစ်အပျက်သည် ကြီးမားကျယ်ပြန့်သော အကျိုးဆက်များ ရှိလာနိုင်ပြီး လက်ရှိ ရှေ့မတိုးနောက်မဆုတ်တန့်နေသော ဗျူဟာကို အဆုံးသတ်စေနိုင်သည်။

“”ငန်းနက်ဖြစ်ရပ်” ဟူသည် အခြေခံအားဖြင့် ခန့်မှန်း၍မရပါ။ သို့သော်လည်း ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံအခြေအနေတွင် ထပ်ခါထပ်ခါဖြစ်နေတဲ့ အခြေအနေတွေအတွက် ခန့်မှန်းကြည့်ရန်မခက်ပါ။ အထင်ရှားဆုံးတစ်ခုမှာ ရခိုင်ပြည်နယ်အတွင်း အားကောင်းသော ရက္ခိုင့်တပ်မတော် တဖန်ပါ၀င်လာခြင်းသည် နယ်မြေ ဆုံးရှုံးခြင်း နှင့် စစ်ကောင်စီ၏ စိတ်ဓာတ်ကို ထိုးနှက်မှုများ ဖြစ်ပေါ်စေနိုင်သည်။

ရှမ်းပြည်မြောက်ပိုင်းကို ညီနောင်မဟာမိတ်အဖွဲ့ထံသို့ လုံးဝ လက်လွှတ်ဆုံးရှုံးနိုင်ခြေ ပိုများလာသည်။ ယခင်က ကြားနေသော်လည်း သြဇာကြီးမားသော ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ ၎င်း၏အာဏာကို ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းသို့ တိုးချဲ့ရန် ရုတ်တရက် အလစ်အငိုက် ထိုးစစ်ဆင်ခြင်းကြောင့်လည်း ပိုမိုရှုပ်ထွေးသွားနိုင်သည်။

“စတာလင်ဂရက်” အနိဌာရုံဖြစ်ရပ် ကဲ့သို့သော သွေးစွန်းတိုက်ပွဲများအပြီးတွင် စစ်တပ်၏ အမြင့်ဆုံးအဆင့် အတွင်း အကြမ်းဖက်ပဋိပက္ခများ ဖြစ်လာနိုင်ခြေကို ထည့်သွင်းစဉ်းစားရန်မှာ အလှမ်းမဝေးတော့ပါ။ စစ်ကောင်စီဥက္ကဋ္ဌနှင့် အာဏာသိမ်းစစ်ဦးစီးချုပ်ဖြစ်သူ မင်းအောင်လှိုင်ကို အလုံးစုံဖယ်ရှားခြင်း သို့မဟုတ် ကြံစည်ကြိုးပမ်းခြင်းတို့ကြောင့်လည်း ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည်။

အလားတူပင် စစ်ကောင်စီ ၏ အာဏာချုပ်ကိုင်မှုသည် ယခင်က ကျော်ဖြတ်နိုင်ခဲ့သော်လည်း ဖြစ်ရပ်တစ်ခုကြောင့် ပြိုလဲသွားနိုင်သည့် အခြေအနေအထိ အားနည်းသွားမည့် အချိန်အတိအကျကိုမူ ခန့်မှန်းရန် မဖြစ်နိုင်ပေ။ ဤပြောင်းလဲမှုသည် ယခုအချိန်မှစ၍ သုံးလ သို့မဟုတ် ခြောက်လ သို့မဟုတ် ၂၄ လအထိကြာနိုင်သည်။ သို့သော် ၂၀၂၃ ခုနှစ်တွင် ပဋိပက္ခ များမည်မျှ လျင်မြန်စွာ ပြောင်းလဲလာသည်ကို သုံးသပ်ကြည့်ပါက ဤလုပ်ငန်းစဉ်သည် နောက်ထပ် သုံးနှစ် သို့မဟုတ် ထို့ထက်ပို၍ မကြာရှည်နိုင်တော့ပါ။

၂၀၂၃ နှစ်ကုန်ခါနီးတွင် ရှင်းလင်းပြတ်သားသောအချက်မှာ ပဋိပက္ခ ဦးတည်ရာ ကိုယ်တိုင်ဖြစ်ပြီး အတိုက်အခံအင်အားစုများကိုပင် အံ့အားသင့်ဖမ်းစားနိုင်သည့် မမျှော်လင့်ထားသော “ငန်းနက်ဖြစ်ရပ်” ဖြစ်နိုင်ခြေမြင့်မားခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းသည် ဖက်ဒရယ်-ဒီမိုကရေစီ စနစ်သစ်သို့ ချောမွေ့စွာ ကူးပြောင်းရေး သေချာစေရန် နောက်ဆက်တွဲ အခြေအနေများအတွက် သံတမန်ရေးရာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်မှုများကို ကြိုတင်စီစဉ်ထားရန် အကြံပြုပါသည်။

(Asia Times ပါ Anthony Davis ၏ Fog of war: Myanmar’s armed conflict is not a stalemate ကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားပြီး Anthony Davis သည် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူတဦးဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article