30 C
Yangon

တရုတ်နိုင်ငံရှိ ချင်းရွှေဟော်မှ မြန်မာ စစ်ဘေးရှောင် ပြည်သူ ၅၀၀၀ ကျော်ကို နေရာပြောင်းရွှေ့ ၊ စစ်ဘေးရှောင်ပြည်သူများ နေထိုင်မကောင်း လျှင် ကိုယ်ပိုင်ငွေကြေးဖြင့် စျေးကြီးကြီးပေး၍ ကုသနေရ

Must read

တရုတ်နိုင်ငံရှိ ချင်းရွှေဟော်မှ မြန်မာ စစ်ဘေးရှောင် ပြည်သူ ၅၀၀၀ ကျော်ကို နေရာပြောင်းရွှေ့ ၊ စစ်ဘေးရှောင်ပြည်သူများ နေထိုင်မကောင်း လျှင် ကိုယ်ပိုင်ငွေကြေးဖြင့် စျေးကြီးကြီးပေး၍ ကုသနေရ

ရန်ကုန်၊ နိုဝင်ဘာ ၄

တရုတ်နိုင်ငံတွင် ထွက်ပြေးရောက်ရှိနေသော ချင်းရွှေဟော်မှ မြန်မာ စစ်ဘေးရှောင် ပြည်သူ ၅၀၀၀ ကျော်ကို နယ်စပ်နေရာမှ ယခင် ကိုဗစ်လူနာများ စောင့်ကြည့်ရာ နေရာသို့ တရုတ်အာဏာပိုင်များက ပြောင်းရွှေ့လိုက်ကြောင်း စစ်ဘေးရှောင် ပြည်သူများက ပြောဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ညပိုင်းတွင် ထိုသို့ စစ်ဘေးရှောင် ပြည်သူများကို တရုတ်အာဏာပိုင်များက နေရာပြောင်းရွှေ့လိုက်ခြင်းဖြစ်ပြီး ချင်းရွှေဟော်တွင် တိုက်ပွဲများမရှိတော့သော်လည်း နေရပ်ပြန်ခွင့်မပေးကြောင်း၊ ငွေကြေးတတ်နိုင်သူများ၊ သူဌေးများကိုသာ ပြန်ခွင့်ပေးနေကြောင်း သိရှိရသည်။

“တရုတ် ထဲ အမျိုးရှိရင် ပြန်ခေါ်ခွင့်ပေးတယ်။ စစ်ရှောင်ပြည်သူတွေ ချင်းရွှေဟော် ပြန်ခွင့်ပြုဖို့ ဆန္ဒပြသေးတယ်။ မရဘူး။ အခု နယ်စပ်နေရာ အခု လက်ရှိရွက်ဖျင်တဲ တွေ နဲ့ ထားတဲ့နေရာကနေ ကိုဗစ်လူနာတွေ ထားတဲ့ Q Center ကို ပြောင်းလိုက်ပြီ။ စုစုပေါင်း ဒုက္ခသည်အရေအတွက်က ၅၀၀၀ ကျော်တယ်။ အုပ်ချုပ်ရေးပိုင်းက ကိုးကန့်လူမျိုးနဲ့ တရုတ်လူမျိုးတွေ သူဌေးတွေကတော့ မနေ့ကမနက်ကတည်းက ချင်းရွှေဟော်ပြန်ကြတယ်။ အောက်တိုဘာလ ၂၈ ရက်နေ့ကတည်းက ချင်းရွှေဟော်မှာ တိုက်ပွဲ မရှိတော့ဘူး ။ ဒါပေမယ့် ပြန်ခွင့်မပေးဘူး” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့ပြင် တရုတ်နိုင်ငံတွင် စစ်ဘေးရှောင်နေကြရသည့် ချင်းရွှေဟော်မြို့မှ စစ်ဘေးရှောင်များအကြား နေထိုင်မကောင်းဖြစ်သူ များပြားနေပြီး ဆေးကုသမှုခံယူရာတွင် စစ်ဘေးရှောင်အချို့မှာ အဆမတန် ငွေကြေးပေးဆောင်နေရမှုများလည်း ရှိနေကြောင်း စစ်ဘေးရှောင်များထံမှ သိရှိရသည်။

“ကျွန်တော့်အမျိုးသမီးက ကိုယ်ဝန်ကြီးနဲ့ ချောင်းအရမ်းဆိုးနေလို့ မိန်းတိန်မြို့ ဆေးရုံကြီးသွားတာ။ ပိုက်ဆံအများကြီးကောက်လို့ဗျ။ ဆေးရုံဝင်ဝင်ချင်း ၄၆၁ ယွမ်ရှင်းရတယ်။ ခုနောက် စစ်ဆေးပြီးတော့ ဆေးစစ်ခ တရုတ်ငွေ ယွမ် ၂၀၀၀ ကောက်တယ်ဗျ။ ၂၄၆၁ ယွမ်ကုန်နေပေါ့ဗျ။ မြန်မာငွေနဲ့ဆိုရင် စုစုပေါင်း ၁၁ သိန်းကျော်ကျနေပါပြီ။ နေ့ခင်းကမှ ဆေးခန်းစပြတာ”ဟု စစ်ဘေးရှောင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

စစ်ဘေးရှောင်ကိုယ်ဝန်ဆောင် အမျိုးသမီးကို ကယ်ဆယ်ရေးအဖွဲ့များက ခေါ်ဆောင်သွားပြီး ငွေကြေးအနည်းငယ် ကုန်ကျမည်ဟု ဆိုကာ ငွေကြေး အဆမတန် ကုန်ကျခြင်းဖြစ်ကြောင်း သိရှိရသည်။

နေမကောင်းဖြစ်သည့် စစ်ဘေးရှောင်များကို ငွေကြေးကောက်ခံမှုသည် တစ်သတ်မတ်တည်း မဟုတ်ဘဲ အချို့မှာ ငွေကြေး ကုန်ကျမှု မရှိသော်လည်း အချို့နေမကောင်းဖြစ်သူများမှာ ငွေကြေးအများအပြားပေးဆောင်နေရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောကြားသည်။

လက်ရှိအချိန်တွင် စစ်ဘေးရှောင်များကြား နေထိုင်မကောင်းဖြစ်သူ များပြားနေပြီး အများစုမှာ ယခင်တဲစခန်းများရှိ ရေမသန့်ရှင်းမှုကြောင့် ဖြစ်ကြောင်း ၊ ရေပေးဝေမှု လုံလောက်မှု မရှိသည့်အတွက် ပြည်သူအချို့မှာ အိမ်သာထဲရှိ ဘေစင်‌မှ ရေကို သောက်သုံးကြရကြောင်း၊ အဆိုပါ ရေများမှာ ချောင်းရေများ ဖြစ်သည့်အတွက် ဝမ်းလျှောခြင်းအပါအဝင် နေထိုင်မကောင်းဖြစ်မှုများ ခံစားနေကြရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များထံမှ သိရှိရသည်။

“ဆေးကုသခံ စစ်ဘေးရှောင်တွေကို ဘာသာပြန်တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် ထည့်ပေးသင့်တယ်လို့လည်း တွေးမိတယ်။ ဆေးကုသမှုတော့ လုံလောက်ပါတယ်။ ဒါပေမဲ့ တချို့ပိုက်ဆံသာ တချို့ပေးရတယ်။ တချို့ မပေးရဖြစ်နေတာ” ဟု စစ်ဘေးရှောင်တစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article