ကော့ကရိတ်မြို့ပေါ်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်ဘေးရှောင် ပြည်သူ ၂ ဦးသေဆုံး၊ မြို့ပေါ်မှ ပြည်သူအများစု စစ်ဘေးရှောင်နေရပြီး စစ်တပ်က ရပ်ကွက်များကို မကြာခဏဆိုသလို လက်နက်ကြီးဖြင့် ပစ်ခတ်နေ
ရန်ကုန်၊ နိုဝင်ဘာ ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြို့ပေါ်ရှိ ပြည်သူများနေထိုင်ရာ နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၂ ဦးသေဆုံးကြောင်း ကျားဖြူစစ်ကြောင်းက တရားဝင်သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် စကခ ၁၂ လက်အောက် ခံ အမြောက်တပ်က ပစ်လွှတ်လိုက်သော ၈၁ မမ ဗုံးသီးသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို နန့်ကော်ထိုးရပ်ကွက်နေ ပြည်သူအများ စစ်ရှောင်နေသော မြို့တော်ဦးရပ်ကွက်သို့ ကျရောက်ပေါက်ကွဲပြီး ရွာသား ၃ ဦး ဒဏ်ရာရပြီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ကော့ကရိတ်မြို့ပေါ်တွင် ခမရ ၉၇ အပါအဝင် စစ်ကောင်စီတပ်များက မကြာခဏဆိုသလို လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာ ရပ်ကွက်နှင့်လမ်းများကို ပစ်ခတ်လေ့ရှိကြောင်း၊ လက်ရှိတွင် ကော့ကရိတ်မြို့ပေါ်တွင် ပြည်သူ အများစု နေထိုင်မရတော့ဘဲ စစ်ဘေးရှောင်ရပြီး တချို့မှာ ဆွေမျိုးများ ရှိသော အခြားမြို့များသို့ ပြောင်းရွှေ့သွားကြ ကြောင်း သိရှိရသည်။
“ကော့ကရိတ်မြို့ပေါ်မှာက အိမ်တွေမှာ အိမ်စောင့်လောက်ပဲ ချန်ပြီး အကုန်စစ်ဘေးရှောင်ကြတယ်။ တချို့တွေကတော့ အိမ်တွေ ခြံတွေ ထားပြီး တစ်နယ်တစ်ကျေး အမျိုးတွေ ဆွေမျိုးတွေ ရှိတဲ့နေရာပြောင်းကြတယ်။ ကော့ကရိတ်မှာ တိုက်ပွဲဖြစ်ရင် ခမရ ၉၇ အပါအဝင် စစ်တပ်က လက်နက်ကြီးတွေနဲ့ ရပ်ကွက်တွေထဲ ပစ်ထည့်တယ်။ ဘုန်းကြီးကျောင်းတွေမှာ ပြည်သူတွေ စုပြီး စစ်ဘေးရှောင်နေရင်လည်း လက်နက်ကြီးနဲ့ပစ်တယ်။ အဲဒီတော့ မြို့ထဲမှာ အိမ်စောင့်လောက်ကလွဲရင် ဘယ်သူမှ မနေရဲတော့ဘူး။ ကော့ကရိတ်ပတ်ပတ်လည်မှာကလည်း တော်လှန်ရေး တပ်ဖွဲ့တွေရှိနေတယ်။ မြို့ပေါ်မှာပဲ စစ်တပ်က ရှိတော့တာ” ဟု ကော့ကရိတ်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။