28 C
Yangon

ကောလင်းမြို့အတွင်း စစ်တပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ်များ ထိခိုက်ပျက်စီး၊ ကျိုက်ထိုရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ကောလင်းမြို့အတွင်း စစ်တပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ်များ ထိခိုက်ပျက်စီး၊ ကျိုက်ထိုရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အတွင်း အကြမ်းဖက် စစ်တပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူမှ ပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဝန်သိုမြို့နယ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကောလင်းမြို့အတွင်းကို ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူပိုင် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

” အိမ်တွေဘဲထိတယ်။ လူကတော့ အသေးစားတော့ထိခိုက်မှုရှိတယ်။ လက်နက်ကြီးနဲ့ ထုတဲ့အချိန် လူသူလည်းမရှိဘူး။ နံနက်ပိုင်းသာ လက်နက်ကြီးကျရင် လူထိခိုက်မှုရှိနိုင်တယ်။ အိမ်ပေါ်ကျတာကလည်း ဆိုင်ခန်းထဲလူမနေလို့” ဟု ကောလင်းမြို့နယ် ပြည်သူမှ ပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အဆိုပါ ပစ်ခတ်မှုသည် အကြမ်းဖက် စစ်တပ်ကို သတင်းပေးသူများရှိ၍ ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ယင်းဖြစ်စဥ်နှင့် ပတ်သက်ပြီး စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်တောင်းမြစ် အနောက်ဘက်ခြမ်း ရွှေကျင်မြို့နယ်၊ ဝေါမြို့ရှိ အုတ် ၂ အရှေ့ဘက်ခြမ်း အုန်းတောကျောင်းတိုက်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၁၀ လုံး ပစ်ခတ်ခဲ့ရာ ဦးသီလ ဘုရားကုန်းအနီးရှိ ဦးနိုးတူး အိမ်အနီးတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ဦးနိုးတူး မွေးမြူထားသည့် နွား ၁ ကောင် သေဆုံးခဲ့ရပြီး ၃ ကောင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ် အုပ်ချုပ်မှုနယ်မြေ အတွင်းရှိ ကျောက်ဖျာ ကျေးနယ်၊ ပျဉ်းကတိုးကုန်း ကျေးနယ်၊ ဇီးပြောင်း‌ ကျေးနယ်၊ ဝင်းကံ ကျေးနယ်၊ ဝင်းကလော ကျေးနယ်၊ အာလူး ကျေးနယ်၊ ငှက်ပျောတော ကျေးရွာများမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာလုပ်ငန်းခွင်များအတွင်းကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ မကြာခဏ ပစ်ခတ်မှုများကြောင့် ဒေသပြည်သူလူထု ထိခိုက်ဒဏ်ရာရ သေဆုံးမှု၊ နေအိမ် အဆောက်အဦးနှင့် အိမ်မွေးတိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု များလာကာ စိုးရိမ်ထိတ်လန့်မှုများ ဖြင့် အသက်ရှင်နေထိုင်နေကြရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article