25 C
Yangon

စစ်ကောင်စီက စစ်ရေးအရှုံးများကို ဖုံးဖိရန် တရုတ်-မြန်မာ လူမျိုးရေး အမုန်းမီးပွားအောင် မှိုင်းတိုက်ပြီး တရုတ်ဆန့်ကျင်ရေး ဖြစ်ပေါ်လာစေရေး ဆောင်ရွက်နေဟု NUG ယာယီသမ္မတ သတိပေး

Must read

စစ်ကောင်စီက စစ်ရေးအရှုံးများကို ဖုံးဖိရန် တရုတ်-မြန်မာ လူမျိုးရေး အမုန်းမီးပွားအောင် မှိုင်းတိုက်ပြီး တရုတ်ဆန့်ကျင်ရေး ဖြစ်ပေါ်လာစေရေး ဆောင်ရွက်နေဟု NUG ယာယီသမ္မတ သတိပေး

ရန်ကုန်၊ နိုဝင်ဘာ ၂၈

အကြမ်းဖက် စစ်ကောင်စီက စစ်ရေးအရှုံးများကို ဖုံးဖိရန် တရုတ်-မြန်မာ လူမျိုးရေး အမုန်းမီးပွားအောင် ဝါဒဖြန့် မှိုင်းတိုက်ပြီး တရုတ်ဆန့်ကျင်ရေး ဖြစ်ပေါ်လာစေရေး ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၇ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက တရုတ်- မြန်မာလူမျိုးရေး ပဋိပက္ခဖြစ်စေရန် ဆောင်ရွက်နေပြီး တရုတ်ဆန့်ကျင်ရေး ဖြစ်ပေါ်လာစေရန် သွေးထိုးနေကြောင်း၊ လူမျိုးရေး အမုန်းမီးပွားအောင် လုပ်ဆောင်နေကြောင်း NUG ယာယီသမ္မတက သတိပေးသည်။

“အခု စစ်ကောင်စီဟာ စစ်ရေးအရှုံးတွေနဲ့ တစ်လှိုင်းပြီး တစ်လှိုင်း အဖုံးဖိ ခံရပြီးနောက်ပိုင်းမှာ တရုတ်နဲ့ မြန်မာ အကြား လူမျိုးရေး အမုန်းမီးပွားအောင် မှိုင်းတိုက် လုပ်ဆောင်နေတာတွေကို တွေ့ရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေအနေနဲ့ အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ သံခင်းတမန်ခင်းအရ ဆက်သွယ်ဆောင်ရွက်ကြတဲ့အခါ၊ စစ်ကောင်စီရဲ့ လူမျိုးရေး သွေးထိုးမှုကို သတင်းမက်ဆေ့ချ်ပေးဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီဟာ သူတို့ရဲ့ စစ်အုပ်စု အကျိုးစီးပွားအတွက်ဆိုရင် ဘယ်လို မသမာမှုမျိုးကိုမဆို ကျူးလွန်ဖို့ အဆင်သင့်ရှိနေပါတယ်။ ပြည်တွင်းမှာလည်း လူမျိုးရေး သွေးခွဲပြီး ဘာသာရေးမှိုင်းတိုက်တာတွေကို လုပ်ဆောင်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် လုပ်နေ သလို၊ အခုလည်း တရုတ်နဲ့ လူမျိုးရေးသွေးထိုးပြီး တရုတ်ဆန့်ကျင်ရေး ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေတာ ထင်ရှားပါတယ်။ ဒါကို ကျွန်တော်တို့အားလုံးအပါအဝင် လူထုတစ်ရပ်လုံးလည်း ကျယ်ကျယ်ပြန့်ပြန့် သတိရှိဖို့ လိုတယ်လို့ ယူဆပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

ထို့ပြင် လက်ရှိတော်လှန်ရေးကို လူမျိုးရေး ဘာသာရေး အဖြစ် သွေးထိုးလှုံ့ဆော်သည့်အပြင် တရုတ်ဆန့်ကျင်ရေး ဇတ်အတွင်း သွပ်သွင်းနေသည်မှာ ထင်ရှားကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ပြည်မဒေသမှာလည်း ရိုးသားဗမာ တိုင်းရင်းသားလူထုကို ဗုဒ္ဓဘာသာကို အကြောင်းပြုပြီး သွေးထိုးလှုံ့ဆော်တာမျိုးတွေကို စစ်အစိုးရ အဆက်ဆက်က ဟိုးယခင်ကတည်းက လုပ်ဆောင်နေခဲ့ပါတယ်။ အခု နွေဦးတော်လှန်ရေးမှာ ဗမာလူထုဟာ ဘာသာရေးနဲ့ သွေးထိုးလှုံ့ဆော်တာကို သိနားလည်ကြပြီဖြစ်လို့၊ စစ်ကောင်စီရဲ့ လုပ်ဇာတ်တွေ မအောင်မြင်ဘူးဆိုတာ ထင်ရှားပါတယ်။ ယခုလည်း စစ်ကောင်စီက မြန်မာလူထုအကြား တရုတ်ဆန့်ကျင်ရေးဇာတ်သွင်းတာကို နိုင်ငံရေးသတိရှိရှိနဲ့ တုန့်ပြန်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု NUG ယာယီသမ္မတက သတိပေးပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ပစ်ခတ်နှိမ်နင်းနေသော်လည်း ရန်ကုန်ရှိ တရုတ်သံရုံးရှေ့ရှိ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အပါအဝင် မြို့ကြီးတချို့တွင် ဖြစ်ပွားနေသော တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို တစ်စုံတစ်ရာ အရေးယူနှောင့်ယှက်ခြင်းမပြုဘဲ စစ်ကောင်စီက ခွင့်ပြုထားကာ အဆိုပါ ဆန္ဒပြပွဲများကို စစ်တပ်ထောက်ခံသူ လော်ဘီများနှင့် အမျိုးသားရေးအစွန်းရောက် မဘသများက ဦးဆောင်ပြုလုပ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article