25 C
Yangon

သီပေါမြို့နယ်တွင် တိုက်ပွဲများဖြစ်နေချိန် စစ်ကောင်စီ၏ မိတ်ဖက် ငွေရည်ပုလဲကုမ္ပဏီက ကျောက်မီးသွေး တူးဖော်သယ်ယူမှုများ အကြီးအကျယ်လုပ်နေ

Must read

သီပေါမြို့နယ်တွင် တိုက်ပွဲများဖြစ်နေချိန် စစ်ကောင်စီ၏ မိတ်ဖက် ငွေရည်ပုလဲကုမ္ပဏီက ကျောက်မီးသွေး တူးဖော်သယ်ယူမှုများ အကြီးအကျယ်လုပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်၊ နမ္မဒေသတွင် ဒေသပြည်သူများက ကန့်ကွက်နေသော်လည်း လက်ရှိ တိုက်ပွဲများ ဖြစ်နေသည့်ကြားမှ စစ်ကောင်စီ၏ မိတ်ဖက်ငွေရည်ပုလဲကုမ္ပဏီက ကျောက် မီးသွေးတွင်းသစ်များ တူးဖော်သယ်ယူနေကြောင်မယိန်းလျန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယခုနစ် နိုဝင်ဘာလဆန်းမှစတင်၍ စစ်ကောင်စီတပ်၏အကျိုးတူစီးပွားဖက်ကုမ္ပဏီဖြစ်သော ငွေရည်ပုလဲ ကုမ္ပဏီ သည် သီပေါမြို့နယ်၊ နမ္မကျေးရွာအုပ်စုတွင် ဒေသခံများ၏ကန့်ကွက်မှုများကို လျစ်လျူရှုကာ ရေဝေဒေသ၌ ကျောက် မီးသွေးတွင်းသစ်တူးဖော်မှုများပြုလုပ်လျက်ရှိရာ ရှမ်းပြည်မြောက်ပိုင်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာကြောင်း၊ လူဦးရေ ၆၀ ခန့်ရှိသော မြန်မာအလုပ်သမားများသည် ဘတ်ဟိုးကားသုံးစီးကို အသုံးပြုကာ ဟိုနားဖ ရေ၀ေ တော အုပ်တွင် တူးဖော်ခြင်းလုပ်ငန်းများကို စတင်ခဲ့သည်။ ယင်းနေရာသည် နမ္မဒေသခံ ၃၀၀၀ ကျော်အတွက် ရေအ ရင်းအမြစ်ရရှိရာဒေသဖြစ်ပြီး စိုက်ပျိုးမြေဧကရာကျော်ကို ရေပေးနေသော ဒေသဖြစ်ကြောင်း သိရှိရသည်။

ယင်းကုမ္ပဏီသည် စစ်တပ်အာဏာသိမ်းခြင်းကို အခွင့်ကောင်းယူ၍ ရေ၀ေဒသကို ကာကွယ်ရန် သဘောတူ ညီချက် ကို ပယ်ဖျက်ကာ ဟိုနားဖဒေသတွင် ကျောက်မီးသွေးစမ်းသပ်တူးဖော်ခြင်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ စတင်ခဲ့ကြောင်း၊ ယခုနှစ် စက်တင်ဘာလ ၅ရက်နေ့တွင် ယင်းကုမ္ပဏီက နမ္မဒေသခံ ၂၅၀ခန့်ကို အစည်းအဝေးခေါ်ကာ ၎င်း တို့ သည် နမ္မရှိ မြေဧက ၂၇၉၆.၇၅ ဧကတွင် ကျောက်မီးသွေးတူးဖော်ရန် စစ်ကောင်စီထံမှ ၅နှစ် ခွင့်ပြု မိန့်ရ ရှိထား ပြီဖြစ်ပြီး ဒေသခံများသဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဆက်လက်တူးဖော်သွား မည်ဖြစ်ကြောင်း ပြော ကြားခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၅ရက်နေ့တွင် ကုမ္ပဏီကိုယ်စားလှယ်သည် နမ္မရှိကျေးရွာလူကြီးများအား ဟိုနားဖတွင် ကျောက် မီးသွေးတူးဖော်ခြင်းကို အောက်တိုဘာလအကုန်တွင် စတင်မည်ဖြစ်ကြောင်းပြောပြီး ထိခိုက်ပျက်စီး မှုများအတွက် ငွေကျပ် သိန်း ၂၅၀ ပေးခဲ့ကြောင်း၊ လယ်ယာမြေဆုံးရှုံးရသော လယ်ပိုင် ရှင်များသည် တဦးလျှင် ငွေကျပ် ၃သိန်း သာ ရရှိပြီး အခြားသောရွာ သားများသည် တဦးလျှင် ငွေကျပ် ၅၀၀၀၀ ရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းကုမ္ပဏီ၏ အစောပိုင်းကျောက်မီးသွေးတူးဖော်မှုမှာပင် အနီးရှိလယ်ယာမြေများ ပျက်စီးဆုံးရှုံးသွားသည်ကို မြင်တွေ့ရပြီး ဒေသခံများသည် ၎င်းတို့၏အဖိုးတန်သော ရေ၀ေဒေသတခုလုံး ပျက်စီးသွားမည်ကို စိုးရိမ်နေ ကြ ကြောင်း၊ ၄င်းနေရာတွင် ကျောက်မီးသွေးတူးဖော်ခြင်းနှင့် စွန့်ပစ်ပစ္စည်းများကြောင့် ဒေသခံလယ်သမား များ အမှီပြု နေ ရသော ရေအရင်းအမြစ်များ ပိတ်ဆို့ပျက်စီးခဲ့ပြီး သီးနှံအထွက်နှုန်းလျော့နည်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကျောက်မီးသွေးတွင်းသစ်သည် ငွေရည်ပုလဲကုမ္ပဏီကနမ္မတွင် စတုတ္ထအကြိမ်မြောက် လာရောက်တူးဖော်သော တွင်းဖြစ်ကြောင်း၊ ထိုကုမ္ပဏီသည် ကျောက်မီးသွေးတူးဖော်မျုကို ၂၀၀၄ ခုနှစ်တွင် စတင်ခဲ့ပြီး စစ်အစိုးရနှင့် အကျိုး တူဖက်စပ်လုပ်ကိုင်လျက်ရှိသောလုပ်ငန်းဖြစ်ကြောင်း၊ လေထုနှင့် ရေညစ်ညမ်းခြင်း၊ လယ်ယာမြေပျက်စီးခြင်း၊ မြေပြိုခြင်း စသော သက်ရောက်မှုများစွာကြောင့် ဒေသခံများသည် ယင်းကဲ့သို့ ကျောက်မီးသွေးတူးဖော်ခြင်း လုပ် ငန်းများကို ရပ်တန့်ရန် အကြိမ်ပေါင်းများစွာကြိုးစားခဲ့ကြောင်း သိရှိရသည်။

ယခုနှစ်အစောပိုင်းတွင် ဒေသခံရွာသားများက ယင်းဒေသတွင်လှုပ်ရှားနေသော ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကို ထိုကျောက်မီးသွေး တူးဖော်ြခင်းလုပ်ငန်းများရပ်တန့်သွားအောင် ကူညီပေးရန် တောင်းဆိုခဲ့ကြောင်း၊ အောက်တိုဘာလတွင် သီပေါမြို့နယ်တဝိုက်ရှိ ဒေသခံလူငယ်များသည် ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းများ ရပ်ဆိုင်းရေးနှင့် ပက်သက်သည့် ပိုစတာများ ပြုလုပ်ခဲ့ပြီး ပြည်သူလူထုအား Crown ဘိလပ်မြေနှင့် ဆင်းရွှေလီ သ ကြား အပါအဝင် ငွေရည်ပုလဲကုမ္ပဏီထုတ်ကုန်များကို သပိတ်မှောက်ရန် တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၇ရက်နေ့၌ ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကိုစတင်ခဲ့ပြီး ရှမ်းမြောက်တွင် တိုက် ပွဲများအကြီးအကျယ်ဖြစ်ပွားခဲ့ကြောင်း၊ လားရှိုးမြို့နယ်နှင့် သီပေါမြို့နယ်တွင် စစ်ဘေးရှောင်ရသည်များ ရှိနေသော်လည်း ငွေရည်ပုလဲကုမ္ပဏီသည် ကျောက်မီးသွေးတွင်းသစ်တွင် တူးဖော်မှုများ ဆက်လက်လုပ်ဆောင် နေကြောင်း၊ အောက် တိုဘာလ ၃၀ရက်နေ့တွင် စစ်ကောင်စီက နမ့်ပေါင်ကျေးရွာကို ဂျက်လေယာဉ်များဖြင့် ဗုံးကြဲခဲ့သောကြောင့် လားရှိုး မြို့နယ်တောင်ပိုင်းမှ ဒေသခံ ၄၀၀ ကျော်သည် နမ့်ပေါင်မှ ၅မိုင်ခန့်ကွာဝေးသော နမ္မသို့ စစ်ဘေးရှောင် ထွက် ပြေးခဲ့ရကြောင်း သိရှိရသည်။

ငွေရည်ပုလဲကုမ္ပဏီအနေဖြင့် ဒေသခံပြည်သူလူထုမျာ၏ ဆန္ဒကို အလေးထားရန်နှင့် နမ္မအပြင် ကျေးသီး ရှိ စစ်တပ် လက်နက်ကုမ္ပဏီကို ထောက်ပံ့ပေးနေသော ပင်းပက် သံသတ္တုတူးဖော်ရေးစက်ရုံ အပါအဝင် ရှမ်းပြည်တဝှမ်းရှိ ဒေသကို ထိခိုက်ပျက်စီးစေသော သယံဇာတတူးဖော်ရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် ၊ မြန်မာပြည်မှ ပြည်သူများကိုလည်း ငွေရည်ပုလဲကုမ္ပဏီထုတ်ကုန်များ အားလုံးကို သပိတ်မှောက် ခြင်းအားဖြင့် ဖိအားပေးရန် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က တောင်းဆိုထားသည်။

“တိုက်ပွဲဖြစ်နေတဲ့ အချိန်မှာလည်း တူးနေတယ်။ တူးပြီးတော့မှ ဂုတ်တွင်းလမ်းဖွင့်တဲ့အချိန်ဆို သယ်သွားတဲ့အခါမျိုးတွေလည်း ရှိတယ်။ ကျောက်မီးသွေးကားတွေ။ အဲဒါတွေအပြင် ညဘက်ဆို လက်နက်ကြီးသံတွေ ကြားတယ်။ ဒေသခံတွေက ညဘက်ဆို မအိပ်ရဲကြဘူး ။ စစ်ကောင်စီဘက်က တစ်ဖက်သတ်ပစ်နေတာ။ အဲဒီအခါ မနက်ပိုင်း ကိုယ့်ယာအိမ်ပြန်အလုပ်လုပ်ကြပြီး ညဘက်ဆို ဘုန်းကြီးကျောင်းတွေမှာ ရှောင်နေကြရတယ်။ သေချာတာတော့ ကျောက်မီးသွေးသယ်တဲ့ ကားတွေကိုတော့ သူတို့ (စစ်တပ်) လုံခြုံရေး ယူပေးတာ သေချာတယ်ရှင့်။ တော်လှန်ရေးတပ်ဖွဲ့တွေ ကျောက်မီးသွေးတွင်းရှိတဲ့ဘက် မသွားအောင် ညဘက်လက်နက်ကြီးနဲ့ ရမ်းပစ်နေတယ်လို့လည်း ပြောလို့ ရမယ်ရှင့်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူ မယိန်းလျန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဓာတ်ပုံ-‌ စစ်ကောင်စီ၏ မိတ်ဖက် ငွေရည်ပုလဲကုမ္ပဏီ၏ သကြားစက် လုပ်ငန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article