36 C
Yangon

ရွှေတိဂုံစေတီတော်၏ အလှူငွေနှင့် ဝင်ကြေးအဖြစ်ရရှိသော အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ထက်မနည်းကို စစ်ကောင်စီက သိမ်းယူ၊ တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးဖြတ်၍ ကျပ်ငွေ ပြန်ထုတ်ပေး

Must read

ရွှေတိဂုံစေတီတော်၏ အလှူငွေနှင့် ဝင်ကြေးအဖြစ်ရရှိသော အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ထက်မနည်းကို စစ်ကောင်စီက သိမ်းယူ၊ တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးဖြတ်၍ ကျပ်ငွေ ပြန်ထုတ်ပေး

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

မြန်မာနိုင်ငံ၏ အထင်ကရ တန်ခိုးကြီး စေတီဘုရားတစ်ဆူဖြစ်သော ရွှေတိဂုံ စေတီတော်ကြီး၏အတွက် လှူဒါန်းထားသော အလှူငွေနှင့် ဝင်ကြေးများမှ ရရှိသော အမေရိကန်ဒေါ်လာများကို အပ်ငွေအဖြစ် စစ်ကောင်စီဘဏ်များတွင် အပ်နှံထားရာ ယင်းငွေများကို စစ်ကောင်စီက သိမ်းယူလိုက်ကြောင်း သိရှိရသည်။

ရွှေတိဂုံစေတီတော်၏ အမေရိကန်ဒေါ်လာ အပ်ငွေများကို တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် စစ်ကောင်စီက တန်ဖိုးဖြတ် သိမ်းယူပြီး မြန်မာကျပ်ငွေများ ပြန်လည် ထုတ်ပေးကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၊ ဘဏ္ဍာရေးနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အလှူခံရရှိငွေများကို ယခင်ကတည်းက နိုင်ငံပိုင်ဘဏ်များတွင်အပ်နှံခြင်း၊ ငွေတိုက်စာချုပ်များ ဝယ်ယူခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံပိုင်ဘဏ်များသည် စစ်ကောင် စီလက်အောက်သို့ ရောက်ရှိသွားပြီး ရွှေတိဂုံစေတီ ဂေါပကအဖွဲ့မှာလည်း စစ်ကောင်စီက စိတ်ကြိုက် ဖွဲ့စည်းထားသော အဖွဲ့များဖြစ်လာကြောင်း၊ ရွှေတိဂုံစေတီတော်ကြီးတွင် အလှူငွေများအဖြစ်လည်းကောင်း၊ ပြည်ပခရီးသွားဧည့်သည်များ၏ ဘုရားစေတီဝင်ကြေးအဖြစ် ရရှိထားသော အမေရိကန်ဒေါ်လာ အနည်းဆုံး သန်း ၂၀ ကျော်အထက်ရှိနေပြီး ယင်းအမေရိကန်ဒေါ်လာအပ်ငွေများကို စစ်ကောင်စီက တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် ငွေလဲနှုန်းသတ်မှတ်ကာ မြန်မာ ကျပ်ငွေများ ပြန်လည် ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။

” ရန်ကုန်မြို့မှာရှိတဲ့ ရွှေတိဂုံ အပါအဝင် တန်ခိုးကြီး ဘုရား ၂ ဆူရဲ့ အလှူခံရထားတဲ့ အမေရိကန်ဒေါ်လာတွေ၊ ဘဏ်အပ်ထားတဲ့အမေရိကန်ဒေါ်လာတွေကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ တွက်ပြီး ကျပ်ငွေတွေ ပြန်ထုတ်ပေးတယ်”ဟု စစ်ကောင်စီ၏ လုပ်ရပ် အခြေအနေကို သိရှိထားသော သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိ စစ်ကောင်စီတွင် အမေရိကန်ဒေါ်လာ နည်းပါး ပြတ်လပ်နေသဖြင့် အမေရိကန်ဒေါ်လာ ရရှိရေး စစ်တပ်က ပုံစံမျိုးစုံဖြင့် လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်များ တင်ပို့သော လုပ်ငန်းရှင်များထံမှလည်း ၃၅ ရာခိုင်နှုန်းကို စစ်ကောင်စီက တောင်းခံနေကြောင်း၊ ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာများကို စစ်တပ်က ဗဟိုဘဏ် သတ်မှတ်ငွေလဲနှုန်းဖြင့် လဲယူကြောင်း သိရှိရသည်။

စစ်တပ်က ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ လစဉ် ဝင်ငွေ ၂ ရာခိုင် နှုန်းကို ဝင်ငွေအခွန်အဖြစ် ကောက်ခံရန်နှင့် မြန်မာအလုပ်သမားများ၏ ပြည်ပမှ ဝင်ငွေများကို ပြည်တွင်းသို့ ပြန်လည် လွှဲပြောင်းရာတွင် စစ်ကောင်စီဘဏ်များနှင့်ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် လွှဲပြောင်း စေရေးအတွက် ဆောင်ရွက်ကြရန် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးများနှင့် သံအမတ်များကို တာ၀န်ပေးအပ် ညွှန်ကြားထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article