25 C
Yangon

အိန္ဒိယ၏ နာမည်ကျော်ဆေးရုံ Apollo က မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးသူများထံမှ ကျောက်ကပ်များ ခွဲယူ တရားမဝင် ရောင်းဝယ် ကုသမှုများ လုပ်ဆောင်

Must read

အိန္ဒိယ၏ နာမည်ကျော်ဆေးရုံ Apollo က မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးသူများထံမှ ကျောက်ကပ်များ ခွဲယူ တရားမဝင် ရောင်းဝယ် ကုသမှုများ လုပ်ဆောင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

အိန္ဒိယ နိုင်ငံ ၊နယူးဒေလီမြို့က နာမည်ကျော် Apollo ဆေးရုံမှာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း တွေ တရားမဝင် အစားထိုးကုသမှုများ ပြုလုပ်နေကြောင်း ဗြိတိန်အခြေစိုက် Telegraph သတင်းဌာန က စုံစမ်းရေး သားထုတ်ဖော်ခဲပါတယ်။

အိန္ဒိယရဲ့ အကြီးဆုံးပုဂ္ဂလိက ဆေးရုံ လုပ်ငန်းစုတွေထဲက တစ်ခုဖြစ်တဲ့ Apollo ဆေးရုံ ဟာ ကျောက်ကပ် အစားထိုးလဲလှယ်ဖို့ အတွက် မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါး သူတွေကိုချဉ်းကပ်ပြီး တရားမဝင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း ဝယ်ယူ၊ရောင်းချပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ Telegraph က စုံစမ်းထုတ်ဖော်ရေးသားခဲ့ပါတယ်။

အဓိက အားဖြင့်တော့ Apollo ဆေးရုံ ဟာ ကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်နေတဲ့ မြန်မာ နိုင်ငံက ငွေကြေးတတ်နိုင်သူတွေ နဲ့ပူးပေါင်းပြီး ဆင်းရဲနွမ်းပါးသူတွေ ထံချဉ်းကပ်ကာ ကျောက်ကပ် ရောင်းချပေးဖို့ သွေးဆောင်စည်းရုံးခဲ့တာဖြစ်တယ်လို့ Telegraph က ဖော်ပြခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ငယ်ရွယ်ပြီး ကျန်းမာရေး ကောင်းမွန်တဲ့ လူငယ်ဆင်းရဲနွမ်းပါး သူတွေကို ပစ်မှတ်ထားကာ ဒေလီဆေးရုံ ကိုပို့ဆောင်ပြီးလူကုံထံ မြန်မာ နဲ့ နိုင်ငံတကာက လူနာများထံ သူတို့ရဲ့ ကျောက်ကပ်တွေ အစားထိုးပေး ခဲ့တယ်လို့ ဆိုပါတယ်။

Telegraph ရဲ့ စုံစမ်းစစ်ဆေးမှုများအရ မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးသူ အများအပြားကို ဒေလီမှာ အခြေစိုက်တဲ့ Apollo ဆေးရုံကိုလွဲပြောင်း ပေးပြီး Indraprastha Medical Company ပိုင် ဆေးရုံနှစ်ရုံ မှာ ခွဲစိတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Apollo ဆေးရုံ ဟာ ကျောက်ကပ်ရယူဖို့ အတွက် မြန်မာ နိုင်ငံက ဆင်းရဲနွမ်းပါး သူတွေ အခကြေးငွေပေးပြီး ကျောက်ကပ်အစားထိုးဖို့ လိုအပ်နေတဲ့သူတွေ နဲ့ ချိတ်ဆက်ပေးကာ ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တရားဝင်စာရွက်စာတမ်း တွေ အရတော့ဒီလုပ်ငန်းစဉ်ကို “ကျောက်ကပ် လှူဒါန်းမှု” ခေါင်းစဉ်တပ်ထား ပါတယ်။ Apollo ဆေးရုံ မှာကျောက်ကပ်အစားထိုး ကုသမှုခံယူဖို့ အတွက် လူနာ တစ်ဦးအနေနဲ့ ကုန်ကျစရိတ် စတာလင်ပေါင် ၁၇၁၀၀ (သို့) အမေရိကန် ဒေါ်လာ ၂၁၄၀၀ ကျော် ကျသင့်မှာ ဖြစ်ပြီး ဒါဟာ ကျောက်ကပ်လှူဒါန်းသူတွေကို ပေးရတဲ့ ငွေကြေးမပါဝင်ဘဲ ဆေးရုံစရိတ် စက သက်သက်ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်ကပ်လှူဒါန်းသူ (ဝါ) ငွေကြေးကြောင့် ကျောက်ကပ်ရောင်းချရသူ တွေကတော့ မြန်မာကျပ်ငွေ သိန်း ၇၀ ဝန်းကျင်က နေ သိန်း ၉၀ အထိ သာရရှိကြတယ်လို့ Telegraph ရဲ့ စုံစမ်းဖော်ထုတ်မှုတွေ အရသိရပါတယ်။

Apollo ဆေးရုံ ဟာ ကျောက်ကပ်လှူဒါန်းမယ့်သူတွေ ကို မြန်မာ နိုင်ငံမှာ လူသုံးများတဲ့ လူမှုကွန်ရက် Facebook ကနေအများဆုံးချဉ်းကပ်ခဲ့ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

Apollo ဆေးရုံ ရုံးခွဲ တွေကို မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန် နဲ့ မန္တလေးမြို့တွေ ဖွင့်လှစ်ထားပြီး ကျောက်ကပ်ခွဲစိတ်ကုသမယ့် သူတွေကို လက်ခံပေးတာ ၊ ကျောက်ကပ်လှူဒါန်းမယ့် သူတွေ ရှာဖွေ ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ လည်း သိရှိရပါတယ်။

ကျောက်ကပ်တရားမဝင်ရောင်းဝယ်မှု ၊တရားမဝင်ရောင်းချမှုတွေ ဟာ အန္ဒိယ နိုင်ငံမှာဖြစ်ပွားနေတာ နှစ်ရှည် ကြာဖြစ်ပေါ်နေတဲ့ ပြဿနာ ဖြစ်ပြီး အိန္ဒယ မှာ အလှူရှင်များရှားပါးနေတာကြောင့် မြန်မာ နိုင်ငံက ဆင်းရဲ နွမ်းပါးသူတွေကို ပစ်မှတ်ထား လာတာဖြစ်တယ်လို့ Asia News သတင်းဌာနက ဖော်ပြထားပါတယ်။

နှစ်စဉ် အိန္ဒိယလူမျိုး တစ်သန်းနီးပါး နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရပြီး လူပေါင်း နှစ်သိန်းခန့်ဟာ နောက်ဆုံးအဆင့် ကျောက်ကပ်ဆိုင်ရာ ချို့ယွင်းမှုကို ခံစားနေရတယ်လို့ Asia News သတင်းဌာနက ဆိုပါတယ်။

ကျောက်ကပ်ရောဂါ ဖြစ်ပွားနေတဲ့ အိန္ဒိယ လူမျိုး ၂၀ ခန့် ဟာ ကိုယ်တွင်းအင်္ဂါ လှူဒါန်းမှုကို စောင့်ဆိုင်းရင်း နေ့စဉ် သေဆုံးနေကြပြီး ၂၀၂၂ ခုနှစ်အတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ကျောက်ကပ် အစားထိုးကုသမှု ၇၅၀၀ ခန့်ရှိခဲ့တယ်လို့လည်း Asia News ကဆိုပါတယ်။

Telegraph သတင်းဌာန ကရေးသားထုတ်ဖော်အပြီးမှာ တော့ Apollo ဆေးရုံ က ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း တွေ တရားမဝင် အစားထိုးကုသမှုပြုလုပ်နေတဲ့ ကိစ္စဟာ နယူးဒေလီမြို့ရှိ အစိုးရ ရုံးထိ ရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ကျောက်ကပ် အစားထိုး လဲလှယ်မှု နဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း တွေ တရားမဝင် ရောင်းချနေမှု ကွင်းဆက်တစ်ခုလုံးကို ပြန်လည်စုံးစမ်းဖို့ အိန္ဒိယဗဟို အစိုးရ ရဲ့ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသားအင်္ဂါနှင့် တစ်ရှူးအစားထိုးအဖွဲ့ (NOTTO) က တိုက်တွန်းခဲ့ရအထိ ဖြစ်ပွားခဲပါတယ်။

Apollo ဆေးရုံ ကိုပိုင်ဆိုင်တဲ့ Indraprastha Medical Company ကတော့ နိုင်ငံတကာ မီဒီယာတွေမှာဖော်ပြနေကြတဲ့ အချက်အလက်တွေဟာ လုံးဝမှားယွင်းနေပြီး ၊လှည့်ဖျားထားတဲ့ သတင်းတွေ အချက်တွေသာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

ဒါ့ပေမယ့်လည်း အိန္ဒိယဗဟို အစိုးရ ရဲ့ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသားအင်္ဂါနှင့် တစ်ရှူးအစားထိုးအဖွဲ့ (NOTTO) ကတော့ ဒီကိစ္စ ကိုစုံစမ်းစစ်ဆေးမှုတွေ ပြုတွေပြုလုပ်ရမယ်လို့ ရိုက်တာ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

NOTTO ရဲ့ ဒါရိုက်တာ အနေလ်း ကူးမား က “ဒီကိစ္စရပ်ဟာ နက်နဲတဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့လိုပါတယ်။ ကျွန်တော်တို့ ဘာဆက်လုပ်မယ်ဆိုတာ မဆုံးဖြတ်ခင် ခိုင်မာတဲ့ အထောက်အထားတွေ လိုအပ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒေလီကျန်းမာရေးအတွင်းဝန် S B Deepak Kumar ကတော့ ဒီကိစ္စကို ဖက်ဒရယ်အစိုးရ၏အမိန့်အတိုင်း စုံစမ်းစစ်ဆေးမှုစတင်နေကြောင်း ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

မြန်မာ နိုင်ငံသားဆင်းရဲ နွမ်းပါးသူတွေ တရားမဝင် ကျောက်ကပ်ထုတ်ယူခံနေရတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး မြန်မာ စစ်ကောင်စီထံ ရိုက်တာကမေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ဘူးလို့ သိရပါတယ်။

Indraprastha Medical Company အောက်မှာ Apollo ဆေးရုံ ပေါင်း ၇၀ ကျော် အိန္ဒိယနိုင်ငံတစ်ဝှမ်း မှာလည်ပတ်နေပြီး ၂၀၂၀ ခုနှစ်မှာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း ခွဲစိတ်ကုသမှုပေါင်း ၁၆၄၁ ခု လုပ်ဆောင်ခဲ့တယ်လို့ ရိုက်တာ ကဖော်ပြထားပါတယ်။

ကိုးကား – Telegraph ၊ ရိုက်တာ ၊ Asia News

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article